ဒီဇင်ဘာလ ၁၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မိုင်ဂျာယန်ဒေသတွင် ရက်သတ္တပတ်ကျော်ကြာ ဒုက္ခသည်များ ဖြစ်ပွားနေသည့် ယားနာ၊ ဝမ်းလျှောနှင့် ဖျားနာမှုများ လျော့ကျသွားခြင်းမရှိဘဲ ပိုမို များပြားလာဆဲ ဖြစ်သည်ဟု ထိုဒေသတွင် အခမဲ့ ဆေးကုသပေးသည့် ဆေးဝန်ထမ်းများက ပြောသည်။
လက်ရှိ မိုင်ဂျာယန်တွင် ဒုက္ခသည်များကို ဆေးကုသပေးနေသည့် ဆေးဆရာမတဦးက “မနေ့ကဆို ဖျားတဲ့သူနဲ့ပါ တွက်ရင် ဝမ်းလျှောနဲ့ ယားနာသူ ဆေးခန်းမှာ လာပြတဲ့သူ ၆ဝနီးပါးလောက် ရှိတယ်။ ယားနာသူတွေ များလွန်းလို့ ဆေးခန်းလာပြတဲ့သူ တွေကို အကူအညီတောင်းပြီး အချင်းချင်း ယားနာဆေးလူးခိုင်းရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းသို့ ယားနာဖြစ်ပွားသူများထဲတွင် အသက် ၅နှစ်အောက် ကလေးများမှာ အများဆုံးဖြစ်သည်။
ထို့အပြင် ဆေးခန်းသို့ နေ့စဉ် လာရောက်သူ ထက်ဝက်ကျော်သည် ကလေးအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ အိမ်ထောင် သည် အမျိုးသမီးများ ဖြစ်သည်ဟု သူမက ဆက်ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်-KIA နှင့် မြန်မာအစိုးရတပ်အကြား တိုက်ပွဲကြောင့် မိုင်ဂျာယန်ဒေသတွင် မိုးမောက်မြို့နယ် အတွင်း ရွာအသီးသီးမှ လူထုများ ထွက်ပြေးရောက်ရှိလာသူများသကဲ့သို့ တရုတ်နိုင်ငံသို့ ရောက်ရှိပြီး ပြန်လည် မောင်းထုတ်ခံ ရသူလည်း များပြားလာသဖြင့် ယခုဆိုလျှင် ဒုက္ခသည်ပေါင်း တစ်သောင်းကျော်ရှိသည်ဟု သိရသည်။
ဝမ်းလျှောမှုဖြစ်ပွားနေသည့် မိုင်ဂျာယန်မှ အသက် ၂နှစ်အရွယ် ဒုက္ခသည်ကလေးငယ်၏ မိခင်တဦးက လတ်တလော မိုင်ဂျာ ယန်ဒေသတွင် အေးချမ်းသည့် ဆောင်းရာသီဥတုဖြစ်ခြင်း၊ လူသူထူထပ်ပြီး နေရာသစ်နေထိုင်ရခြင်းနှင့် သောက်သုံးရေသန့် ရရှိမှု ခက်ခဲခြင်းတို့ကြောင့် ရောဂါဖြစ်လာရခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။
သူမက “အခုက အေးလို့ နှာစေးတာ၊ ချောင်းဆိုးတာတွေ ဖြစ်တယ်။ နောက် ကျမတို့ ချိုးတဲ့ရေလား မသိဘူး၊ အရေပြားတွေ ယားလာပြီး ကုပ်ရင် အဖုတွေ တက်လာတယ်။ ကျမကလေးလည်း ဝမ်းလျှောတယ်။”ဟု ဆိုသည်။
မိုင်ဂျာယန်ဒေသတွင် ဒုက္ခသည်များအတွက် လိုအပ်သည့် အကူအညီများကို ကချင် အပါအဝင် ကရင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရန်ကုန်၊ မန္တလေးတိုင်းရှိ လူမှုရေးအဖွဲ့များက အစားအစာ၊ အဝတ်အထည်များ သွားရောက်ကူညီလျှက်ရှိကြောင်း သိရ သည်။
မြန်မာအစိုးရတပ်နှင့် KIA တပ်များအကြား ဇွန်လ ၆ရက်မှစ၍ ယခုအချိန်ထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်နှင့် KIO ထိန်းချုပ်နယ်မြေများသို့ ထွက်ပြေးခိုလှုံရသည့် ဒုက္ခသည် ၃၅,၀၀ဝ (သုံးသောင်းငါးထောင်) ရှိသွားပြီဖြစ်သည်ဟု KIA က ပြောသည်။


















