Home သတင်း မိုင်ဂျာယန်ရှိ ကချင်ဒုက္ခသည် ဖျားနာသူ များပြားလာ

မိုင်ဂျာယန်ရှိ ကချင်ဒုက္ခသည် ဖျားနာသူ များပြားလာ

2572
နိုဝင်ဘာလ ၂၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကချင်ပြည်နယ် မိုး‌မောက်မြို့နယ် မိုင်ဂျာယန်‌ဒေသရှိ ကချင်စစ်‌ပြေးဒုက္ခသည်များသည် တုပ်‌ကွေး၊ ဝမ်း‌လျှော နှင့်ယားနာဖြစ်ပွားသူ များပြားလာလျှက် ရှိသည်ဟု ဒုက္ခသည်များ ကို‌ဆေးကုသ‌ပေး ‌နေသည့်‌စေတနာ့ ဝန်ထမ်း ‌ဆေးဆရာမတဦးက ‌ပြောသည်။

“ဒီတပတ်အတွင်း ‌ဆေးခန်း(ဒုက္ခသည်အတွက် ဖွင့်ထားတဲ့စခန်း)လာပြတဲ့သူ ‌တော်‌တော်များတယ်။ တစ်ရက် ၅၀‌ကျော် အထိ လာကြတယ်။ အရင်ကဆို ၂၀‌ကျော်‌လောက်ပဲ ရှိမယ်။ အခုလို ‌ဆောင်းဦးရာသီမှာ ‌အေးလို့ သူတို့‌တွေ တုပ်‌ကွေးဖြစ် ကြတာ။ ယားနာနဲ့ ဝမ်း‌လျှောတာက လူများပြီး ‌သောက်သုံး‌ရေ မသန့်ရှင်းလို့ ဖြစ်တဲ့ ပြဿနာဖြစ်တယ်။”ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆေးခန်းလာ‌ရောက်ပြသသူများမှာ အများအားဖြင့် အသက် ၅နှစ်‌အောက် က‌လေးများနှင့် အိမ်‌ထောင်သည် အမျိုးသမီး များ ဖြစ်ကြပြီး ယခုလို ‌ဆောင်းဦးရာသီအတွင်း ‌ရောဂါခံစား‌နေရသူများအတွက် ပို၍ အခက်အခဲဖြစ်ရသည်ဟု ထို‌ဒေသရှိ ‌စေတနာ့ဝန်ထမ်း ‌ဆေးမှူးများက ‌ပြောဆို‌နေကြသည်။

လက်ရှိ မိုင်ဂျာယန်‌ဒေသတွင် စစ်‌ပြေးဒုက္ခသည် ၁၁,၀၀၀‌ကျော် (တစ်‌သောင်းတစ်‌ထောင်‌ကျော်)ရှိပြီး ကချင်လွတ်‌မြောက် ‌ရေးအဖွဲ့-KIO နှင့် ကချင်လူမှုအဖွဲ့အစည်းအချို့က ၎င်းတို့ကို စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ‌ဆေးဝါးများ ကူညီပံ့ပိုး‌ပေး မှု ရှိ‌သော်လည်း လုံ‌လောက်မှု မရှိ‌ကြောင်း ဒုက္ခသည်များက ‌ပြောသည်။

မိုင်ဂျာယန် ဒုက္ခသည်တစ်ဦးက “ကျမတို့ကို ကူညီ‌ပေးမှု‌တွေ လုံ‌လောက်မှု မရှိ‌ပေမယ့် တိုက်ပွဲ ဆက်ဖြစ်‌နေတဲ့အခါကျ ‌တော့ အ‌ခြေအ‌နေအရ ဒီမှာပဲ ခိုလှုံရမှာ‌ပေါ့။”ဟု ‌ပြောဆိုသည်။

KIO ထိန်းချုပ်နယ်‌မြေဖြစ်သည့် မိုင်ဂျာယန်‌ဒေသတွင် လာ‌ရောက်ခိုလှုံသည့် ဒုက္ခသည်များသည် မိုး‌မောက်မြို့နယ်အတွင်း ရှိ ရွာများမှ ‌ဒေသခံများဖြစ်‌ကြောင်း သိရသည်။

မြန်မာအစိုးရတပ်နှင့် KIA တပ်များအကြား ဇွန်လ ၆ရက်မှစ၍ ယခုအချိန်ထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် တရုတ်-မြန်မာ နယ်စပ်တ‌လျှောက်ရှိ KIO ထိန်းချုပ်နယ်‌မြေများသို့ ဒုက္ခသည် ၃‌သောင်းခန့် သွား‌ရောက်ခိုလှုံ‌နေကြရသည်ဟု KIO က ‌ပြောထားသည်။