နိုဝင်ဘာလ ၁၇ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
မန္တလေး ဗုဒ္ဒဝင်ပြတိုက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် သံဃာတော်၅ပါးတို့၏အကြမ်းမဖက်လှုပ်ရှားမှု နှင့် တောင်း ဆိုမှုကို ကချင်တစ်မျိုးသားလုံး ဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ( AKSYU) က ထောက်ခံကြောင်း နိုဝင်ဘာလ ၁၆ရက်နေ့တွင် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
သံဃာတော်တို့၏ တောင်းဆိုချက်များဖြစ်သည့် မြန်မာပြည် ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး စသည့် တောင်းဆိုချက်များကို ထောက်ခံခြင်းဖြစ်သည်ဟု AKSYU ၏ အထွေထွေအတွင်းရေးမှုး ဦးနော်ဆန်းက ကေအိုင်စီသို့ ပြောသည်။
သူက “နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိပြန်လွှတ်စေချင်တာက ဒီလူတွေဟာ နိုင်ငံမှာ မရှိမဖြစ် လူတွေပါ ။ ဒီလိုလူတွေကို ပြန်ပေးဆွဲသလို ဖြစ်နေတာပါ။ (မြန်မာအစိုးရဟာ)တစ်နေရာမှာ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲနေပြီး တစ်နေရာ မှာ တိုက်ခိုက်နေတာမျိုးတွေ ရပ်သင့်ပါတယ်။ တိုင်းရင်းသားအားလုံးကို အတူတူ တွေ့ဆုံပြီး အချိန်တိုအတွင်းမှာ ပြဿနာ တွေကို ဖြေရှင်းလို့ရပါတယ်။”ဟု ပြောသည်။
ထို့အပြင် ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊ ကချင်ဒေသ ထိုးစစ်ဆင်နေမှုကို ချက်ချင်းရပ်ပြီး စစ်မက်ဖြစ်ပွားရာ ဒေသအားလုံးအား အပစ်အခတ်ရပ်စဲရေးနှင့် သက်ဆိုင်သူများအားလုံး ပါဝင်သည့် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို အမြန်ဆုံး အကောင်အထည်ဖော်ရန် AKSYU က ကြေညာချက် တွင် မြန်မာအစိုးရအား တောင်းဆိုထားသည်။
မြန်မာအစိုးရသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ဒုက္ခ အဝဝကို လစ်လျူရှုခြင်း၊ စစ်အာဏာတည်မြဲမည့် အခြေခံဥပဒေကို အဓမ္မအတည်ပြုခဲ့ခြင်း၊ ၂၀၁ဝခုနှစ် ရွေးကောက်ပွဲ၌ ပြည်သူ၏ ဆန္ဒမဲများကို ခိုးယူပြီး အရပ်သားအစိုးရဟုအမည်ခံလာသော်လည်း တိုင်းရင်းသား ဒေသအသီးသီးတွင် စစ်မျက်နှာ တရစပ်ဖွင့် တိုက်ခိုက်ခြင်းတို့ကိုလည်း ထောက်ပြထားသည်။
ဆက်လက်၍ တိုင်းရင်းသားဒေသများထဲတွင် အထူးသဖြင့် ကချင်ဒေသသည် ပြီးခဲ့သည့် ဇွန်လမှစ၍ ယနေ့အထိ စစ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် ဆောင်ရွက်လာပြီး ကချင်လူထု နှစ်သောင်းကျော်မှာလည်း ဒုက္ခသည်များအဖြစ် တိမ်းရှောင်နေ ရသည်ဟု ထည့်သွင်းပါရှိသည်။
လက်ရှိ စစ်ပြေးဒုက္ခသည်များကို အကူအညီပေးနေသည့် ဘာသာရေးနှင့် လူမှုရေးအဖွဲ့အစည်းများကိုလည်း နှောက်ယှက် လျက်ရှိသည်ဟု AKSYU က ပြောသည်။
“တိုင်းရင်းသားတွေထဲမှာ အဓိက ကတော့ ကချင်ဒေသပဲ။ အခုထက်ထိ ဒီမိုကရေဒီရေးနဲ့ တိုင်းရင်းသားအရေးကို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းနေတုန်းပဲလေ။”ဟု ဦးနော်ဆန်းက ရှင်းပြသည်။
ကချင်တမျိုးသားလုံးဆိုင်ရာ AKSYU ကို ၁၉၉၆ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၈ခုနှစ်တွင် Indo-Burma, Sino-Burma, Thai-Burma စသည့် နယ်စပ်ဒေသများ၌ AKSYU ၏ ရုံးခွဲ ၃ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။