M. ထက်ခေါင်
မလွဲမရှောင်သာသော သမိုင်းပေးတာဝန်
မဟာဝါဒီများအား မတိုက်၍ မရ။ လက်နက်ကိုင်လမ်းစဉ်ကို ပီပီပြင်ပြင် ကျင့်သုံးလျက် စစ်ဘုရင်ဝါဒ၊ မဟာဝါဒတို့ဖြင့် တိုင်းရင်းသား ပြည်သူလူထု အားလုံးအပေါ် ချုပ်ကိုင်ကျွန်ပြု ကြီးစိုးချယ်လှယ်မည့်သူများ၊ လက်နက်အားကိုး စိတ်စေတနာ ဆိုးယုတ်သောသူများကို ၎င်းတို့ကျင့်သုံးနေသည့် လက်နက်ကိုင်နည်းလမ်းဖြင့်ပင် ဆိုင်ပြိုင်ကာ အနိုင်တိုက်ဖို့ရန် လိုအပ်သည်။
ရန်သူကို ကြောက်စရာ မလိုချေ။ ဖိနှိပ်တတ်သော အကျင့်ရှိသူများမှာ ကြောက်တတ်သူတို့အပေါ် အမြဲတမ်းပင် ဗိုလ် ကျလွှမ်းမိုးနေမည် ဖြစ်သည်။ မကြောက်မရွံ့ ပြန်လည် တွန်းလှန်မည့်သူများအား ရန်သူသည် ကြောက်၏။ အကြမ်းမဖက် ငြိမ်း ချမ်းသော လမ်းစဉ်ဟုဆိုကာ နှလုံးရည်ချည်း ပြည့်ဝနေ၍ မဖြစ်နိုင်။ ရန်သူကို ယှဉ်ပြိုင် အနိုင်ယူနိုင်မည့် လက်ရုံးရည်ပါ ထက် မြက်အောင် လေ့ကျင့်ပြင်ဆင်ထားရမည် ဖြစ်သည်။
လက်ရုံးရည်ကို လုံးဝ ပစ်ပယ်သည့် နှလုံးရည်သမားဆိုသည်မှာ ကောက်ကျစ်စွာ လှည့်ဖြားကြံစည်တတ်သူသာ ဖြစ် ဖို့ရှိလေသည်။ လောကထဲ ခိုင်ခိုင်မတ်မတ် ရပ်တည်လိုလျှင် လက်ရုံးရည်ကို ပစ်ပယ်၍မရ။ နိုင်ရာစား အကျင့်အကြံ ရှိနေသည့် ရန်သူအား မိမိတို့အပေါ် ရိုသေခန့်ညားလာအောင် လုပ်ရမည် ဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
ယမဓောအောင်စိန်၏ ဆောင်းပါးတွင် ဗမာ မြန်မာကိစ္စ၏ လျှို့ဝှက်ချက် သဲလွန်စအဖြစ် ဖော်ပြပါရှိသလိုပင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဗမာ-မြန်မာ ပြဿနာ တစိတ်တပိုင်း ပါဝင်ပတ်သက်နေသည်။ ဗမာနိုင်ငံတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံ များ၌ တိုင်းရင်းသားများ၏ အခွင့်အရေးကို ပိတ်ပင်တတ်သော မဟာဝါဒီတို့၏ရုပ်လုံးကို ဖော်ပြနေသည့် ဥပဒေပုဒ်မ အများအ ပြား ပါရှိသည်။
ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင်ပါဆိုလျှင် ဗြိတိသျှအုပ်ချုပ်မှုနောက်ပိုင်း ဗမာပြည်၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (၃)မျိုး ထွက်ရှိခဲ့ပြီ ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇)မှာ ဒီမိုကရေစီ အရေခြုံ ပြည်ထောင်စုအမည်ခံ တပြည်ထောင်စနစ် ဖွဲ့စည်းပုံဖြစ်ပြီး ၁၉၇၄ခုနှစ်တွင် ထွက်ရှိလာသော ပြည်ထောင်စု ဆိုရှယ် လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကတော့ မဆလ တပါတီအာဏာရှင်စနစ်ကို ပီပြင်စွာ ကျင့်သုံးမည့်အ ကြောင်း ပြောင်ကြေညာကာ မဲရုံကိုသွားကြစို့၊ အသဲလည်းဖြူ မဲလည်းဖြူ စသည့် ၎င်းတို့ အခြေခံဥပဒေအပေါ် ထောက်ခံရေး စည်းရုံးမှုများ အပါအဝင် မဲခိုးမဲလိမ်ခြင်းများဖြင့် အတင်းရော အဓမ္မပါ လုပ်ယူခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်ကာ ယခု နောက်ဆုံး ထွက်ရှိလာသော စစ်အုပ်စု၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ကမူ နာဂစ်မုန်တိုင်း ကြောင့် သိန်းချီသေကြေ ပျောက်ဆုံး၊ သန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည့် ပြည်သူများအား ကူညီဆောင်ရွက်ပေးမှု၊ ထောက် ထားငဲ့ညှာမှု လုံးဝ မရှိဘဲ ၎င်းတို့ဖန်တီးထားသော အခြေခံဥပဒေကို ထောက်ခံရေး လူထုဆန္ဒကောက်ခံခြင်းကို ဇွတ်အတင်း လုပ်ဆောင်ခဲ့သောကြောင့် နာဂစ်ဖွဲ့စည်းပုံဟု အမည်တွင်သွားရသည်အထိ နာမည်ကြီးသွားခဲ့သော ဥပဒေ ဖြစ်လေသည်။
ဥပဒေ သုံးခုစလုံးမှာပင် မဟာဝါဒီတို့၏ သဘောထားကို ထင်ရှားစွာ တွေ့ရှိရမည် ဖြစ်သည်။ နောက်ဆုံးပိတ် နာဂစ်ဖွဲ့ စည်းပုံမှာ သူ့အထက်က ထွက်ရှိခဲ့သော ဥပဒေများထက် ပိုမိုဆိုးဝါးသော အခြေခံဥပဒေ ဖြစ်၏။ လွှတ်တော်၌ စစ်ဗိုလ်တမတ် သားမက ပါဝင်ပြီး လိုအပ်လျှင် အချိန်မရွေး အာဏာသိမ်းခွင့်ကို ထည့်သွင်းပြဌာန်းထားသည့် ဥပဒေဖြစ်သည်။
ဖက်ဒရယ်ကိစ္စ
မဟာစိတ်ဓာတ်ရှိသူများကြောင့်ပင် တိုင်းရင်းသားများနှင့် တန်းတူရည်တူ အခွင့်အရေးတူညီစွာ တည်ထောင်မည့် ဖက်ဒရယ် ပြည်ထောင်စုကိစ္စကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဖက်ဒရယ်မူဆိုသည်ကို ဘာမှန်းမသိသော ဘွဲ့ ရပညာမဲ့တွေ များစွာရှိသည်။ ၎င်းတို့ မသိနားမလည်ဟု ပြောနေသည့်ကိစ္စကို သိထားနားလည်သူက သဘောပေါက်အောင် ရှင်းပြမည်ဆိုသောအခါ၌လည်း နားမထောင်လိုကြ။ အချို့က “ခင်ဗျားလည်း နားလည်မှာ မဟုတ်ပါဘူး။ ကျနော်တို့တောင်မှ နားမလည်တာ”ဟု ဆိုတတ်ကြသည်။ “ကျနော်တို့တောင်မှ” ဆိုသောစကားမှာ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး အခြားသူများ အပေါ်၌ အထင်သေးသော၊ စီးပိုးသောစကားသာ ဖြစ်၏။ ထိုစကား၏ ဇာတ်မြစ်မှာ ၎င်းတို့ဆရာများ၏ မဟာစိတ်ဓာတ်ပင် ဖြစ် လေသည်။ “ခင်ဗျားတို့ မသိတိုင်း မတတ်တိုင်း ကျန်တဲ့လူတွေပါ မတတ်ဘူးထင်ရင် မှားမှာပေါ့”ဟု ပြောဆိုနှိပ်ကွပ်ခဲ့ရသည်။
နိုင်ငံရေးသမား အများအပြားပင် ဖက်ဒရယ်နှင့် ပတ်သက်၍ စကားဟဟ မပြောရဲကြချေ။ ဖက်ဒရယ်ကိစ္စကို ဆွေး နွေးပြောဆိုလိုမှု မရှိခြင်းမှာ ဖက်ဒရယ်နှင့် ပတ်သက်၍ လူထုအကြား မလိုမုန်းထားမှုများ၊ ပြက်ရယ်ပြုမှုများ ဖြစ်ပေါ်လာအောင် မဟာဝါဒီတို့က ဝါဒဖြန့် မှိုင်းတိုက်ခဲ့ကြသောကြောင့် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက် ဝန်ကြီးများ လုပ်ကြံ ခံရသည်မှာလည်း ယင်းဖက်ဒရယ်ကိစ္စကြောင့်ပင် ဖြစ်၏။ နယ်ချဲ့သမားနှင့် ပြည်တွင်းမှ မဟာဝါဒီများပေါင်း၍ လုပ်ကြံကြခြင်း ဖြစ်လေသည်။
အချို့ကလည်း ဖက်ဒရယ်ကိစ္စကို ရန်သူကြီးသဖွယ် သဘောထားကာ ပြည်ထောင်စုကို အစိတ်စိတ် အမွှာမွှာ ဖြစ် အောင် လုပ်ဆောင်မည့်စနစ်အဖြစ် မဟာဝါဒီတို့၏ ဝါဒဖြန့်မှုကို အဟုတ်ထင်နေခဲ့ကြသည်။ တကယ်တော့ ဖက်ဒရယ်ဆိုသည် မှာ အချုပ်အခြာအာဏာပိုင်သော သီးခြားပြည်နယ်များ ပေါင်းစည်းထားသည့် ပြည်ထောင်စုပင် ဖြစ်သည်။ ပြည်နယ်ပေါင်းစု ပြည်ထောင်စု။ တနည်းအားဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံငယ်များ စုပေါင်းဖွဲ့စည်းသည့် မိတ်သဟာယ နိုင်ငံစုဟု ခေါ်ဆို နိုင်သည်။
ပြည်နယ်တွေကို သီးခြားပြဌာန်း အုပ်ချုပ်ခွင့်မပေးလိုသည်မှာ တတိုင်းပြည်လုံး၏ ဥစ္စာဓန သယံဇာတ အားလုံးအပေါ် လက်ဝါးကြီးအုပ် ချုပ်ကိုင်သိမ်းယူလိုသော ကိုယ်ကျိုးငဲ့ ဝိသမလောဘနှင့် ၎င်းတို့ ဘိုးဘေးဘီဘင် မင်းဆက်များက ကြိုးစား ပမ်းစား ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုင်းပြည်မှာ ၎င်းတို့ပိုင်ဆိုင်သင့်သည့် တိုင်းပြည်သာဖြစ်လျက် ၎င်းတို့သာ ကြီး စိုးရမည်ဟူသော မဟာဝါဒ အတွေးအခေါ်တို့ကြောင့် ဖြစ်လေသည်။
တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ
ရန်သူသည် နှစ်ကာလကြာရှည်စွာကပင် ၎င်းတို့၏ သပ်များကို တော်လှန်ရေးနယ်မြေတွင်းသို့ လွှတ်ထားခဲ့သည်။ ထို သပ်တို့က အဖွဲ့အစည်းများအတွင်း ခေါင်းဆောင်ပိုင်းနေရာအချို့ကို ရယူထားသည်။ အချို့သပ်များကလည်း တော်လှန်ရေး နယ်ထဲမှာ သင်တန်းဆရာများ၊ မီဒီယာသမားများအဖြစ် ဝင်ရောနေတတ်သည်။
ရန်သူ့သပ်များမှာ ၎င်းတို့ချင်း အချိတ်အဆက် ရှိကြ၏။ ၎င်းတို့ချင်း အထောက်အကူ ပြုကြ၏။ ကိုယ့်လူသူ့လူ မကွဲ ပြားနိုင်သူများအဖို့ ရန်သူ့သပ်တို့၏ လှည့်ဖြားမှုကို ခံရတတ်လေသည်။ အချို့က တိုင်းရင်းသား အဖွဲ့အစည်းများအတွင်းမှ ပုဂိုလ်အချို့ကို အကြိုက်ပေး စည်းရုံးလျက် ၎င်းတို့၏ ဝါဒဖြန့်ချိရေးအလုပ်များတွင် အသုံးချကြသည်။ အကြံအဖန်သင်တန်း တွေ ဖွင့်သည်။ အချို့သော တိုင်းရင်းသားပုဂိုလ်ကြီးများမှာ အသုံးချခံရမှန်းပင် မသိလိုက်ဘဲ အသုံးချခံကြရသည်။ စစ်အုပ်စု နှင့် စေ့စပ်ဖြန်ဖြေ ညှိနှိုင်းဆွေးနွေးရေး အယောင်ပြ၊ သင်တန်းများ၌ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အကြွင်းအ ကျန် အာဏာကိစ္စတို့ကို ဟုတ်တိုင်းမှန်ရာ ရှင်းလင်းဆွေးနွေးခြင်းမပြုဘဲ ယောင်ဝါးဝါးနှင့် မလိမ့်တပတ် ကြောက်ကန်ကန်လုပ် သည့် အပြောအဆိုများကို တွေ့သိခဲ့ရသည်။
၎င်းတို့က အကြွင်းအကျန်အာဏာဆိုသည်မှာ ဖွဲ့စည်းပုံကို စတင်ရေးဆွဲစဉ်က အာဏာခွဲဝေမှုအပိုင်းတွင် ထည့်သွင်း မရေးဆွဲမိဘဲ မေ့ကျန်ခဲ့သည့် လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သည့်အာဏာကို ဆိုလိုခြင်းဖြစ်ကြောင်း ငါ့စကားနွားရ အပြောအဆိုများဖြင့် တိုင်းရင်းသားအချို့ အပါအဝင် ဒီမိုကရက်တစ်ပါတီအချို့မှ နိုင်ငံရေးပါးမဝသူတို့၏ အတွေးအခေါ်ကို လှည့်လည်ဖျက်ဆီးခဲ့ကြသည်။
တကယ်တော့ အကြွင်းအကျန်အာဏာသည် ပြည်ထောင်စုတည်ဆောက်ရေးတွင် ပြည်နယ်နှင့် ပြည်မ အာဏာခွဲဝေ ရာ၌ အရေးကြီးသော အခန်းကဏ္ဍတရပ်ဖြစ်၏။ အကန့်အသတ်အဏာ (resistance power)နှင့် အကြွင်းအကျန်အာဏာ (re sidual power)တွင် မည်သူတွေက မည်သည့်အာဏာကို ရရှိကြမည်နည်း။ အကြွင်းအကျန်အာဏာကို ပြည်နယ်က ရမလား၊ ပြည်မက ရမလား။ ပြည်မကို အကန့်အသတ် အာဏာပေး၍ ပြည်နယ်များက အကြွင်းအကျန်အာဏာကို ရယူသော ပြည် ထောင်စုသည်သာ ပြည်ထောင်စုစစ်စစ် ဖြစ်ပေလိမ့်မည်။
ရန်သူက လျှိုထားသော သပ်များသည် အကြွင်းအကျန် အာဏာအကြောင်း တော်လှန်သော လူငယ်ထုအတွင်း နားလည် သဘောပေါက်သွားကြမည်ကို စိုးရိမ်၏။ အကြွင်းအကျန် အာဏာ၏ အရေးကြီးပုံကို မသိနားမလည်အောင်၊ အကြွင်းအကျန် အာဏာဆိုသည်ကို လျစ်လျူရှုတတ်အောင် ပြောဆိုခဲ့ကြခြင်း ဖြစ်၏။ ကြိမ်ဖန်များစွာ ခံလာခဲ့ကြသော တိုင်းရင်းသားများအနေ ဖြင့် မဟာကြီးတို့၏ သားပေါက် မဟာအစွယ်အပွားကလေးတွေကို သတိပြုမိလာခဲ့ပြီး ဖြစ်လေသည်။
ရန်သူတော်သလား ကိုယ်ရှောင်သလား
စစ်အုပ်စုကို တတိုင်းတပြည်လုံးကပင် မုန်းတီးရွံရှာနေကြပါလျက် နှစ်ပေါင်းများစွာ တိုက်နေကြသည့်တိုင် မအောင် မြင်ရခြင်း၏။ အဓိက အကြောင်းရင်းမှာ အတိုက်အခံ အဖွဲ့အစည်းများအတွင်း ရန်သူ့အကြိုက် လိုက်လုပ်နေသော အမူအကျင့် များ ရှိနေသောကြောင့် ဖြစ်၏။ ဒီမိုကရက်တစ် ပါတီအဖွဲ့အစည်းများတွင်သာမက တိုင်းရင်းသားအဖွဲ့အစည်းများတွင်ပါ အုပ်စု ဖွဲ့ လူမွေးကာ ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက်လုပ်၍ ကော်မတီတွင်း အဓိက နေရာတွေယူပြီး လူတွင်ကျယ် လုပ်လိုကြသူ များ ရှိနေသည်။ ကိုယ်ကျိုးရှာသူတွေချင်း စည်းလားရိုက်၍ ဝေစားမျှစားလုပ်မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက သိရှိကြ သည့်တိုင် ထိရောက်စွာ ဖေါ်ထုတ် အရေးယူမှု မပြုနိုင်ခြင်းများလည်း ရှိသည်။
အထက်အောက် မညီမျှခြင်းများ၊ ရဲဘော်ရဲဘက်အချင်းချင်း ရပိုင်ခွင့် မညီမျှခြင်းများသည် အဖွဲ့အစည်းအတွင်း စည်း လုံးညီညွတ်မှုကို လျော့ပါးပျက်ပြားစေလျက် တိုက်ပွဲဝင် အချင်းချင်း တဦးအပေါ်တဦး မယုံကြည်ရခြင်းများကြောင့် တကယ် တမ်း ရန်သူနှင့် ကြုံဆုံရသည့်အခါ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်လိုစိတ်၊ အနစ်နာခံ စွန့်စားလိုစိတ်များ ကွယ်ပျောက်ကာ ဆုတ်ခွာ ရှောင်တိမ်း ကိုယ်လွတ်ရုန်းမှုများကိုသာ ဖြစ်ပေါ်စေခဲ့သည်။ ကိုယ်ကျိုးငဲ့ ချစားမှုများမှာ အဖွဲ့အစည်းများကို ရှိပြီးအခြေအနေမှ ယုတ်လျော့နိမ့်ကျစေလျက် ရန်သူ၏ အလွယ်တကူ ဖဲ့ထုတ်ချေမှုန်းမှုကို အနှေးနှင့်အမြန် ခံရမည်ဖြစ်ကြောင်း သတိချပ်သင့်ပြီ ဖြစ်၏။
လူထုတရပ်လုံး ကျွန်ပြုနှိပ်စက်နေသော ရန်သူအား တိုက်ခိုက်ရာတွင် နှစ်ကာလ ကြာရှည်စွာ ကြားခဲ့ရသည့်“ရန်သူ ကို စိတ်နာအောင် မလုပ်ပါနှင့် ”ဟူသော ချိနဲ့သည့် အတွေးအခေါ်များ၊ ရန်သူ့အပေါ် မပြတ်သားသည့် အမြင်များသည်လည်း တိုက်ပွဲဝင်ကြမည့်သူများကို တွေဝေစေပြီး ရန်သူ့ စစ်ဖိနပ်အောက်သို့ ရောက်ရှိစေသည့် အညံ့စားသဘောထားများသာ ဖြစ် သည်။ ရန်သူကို ရန်သူလို မမြင်တတ်သူသည် ရန်သူနှုင့် မယှဉ်ပြိုင်မီပင် ရှုံးနှင့်သူ ဖြစ်၏။
မှန်ကန်သော လမ်းကြောင်းပေါ်သို့
မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲကျင့်သုံးနေသူများအား စေ့စပ်ဆွေးနွေး၍ မရ။ တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ပြဿနာများကို တရားနည်းလမ်းတကျ ညှိနှိုင်းဖြေရှင်းရေး၊ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းဖြင့် အကြိမ်ကြိမ်အလီလီ ကြိုးပမ်း ခဲ့ကြဘူးပြီ ဖြစ်သည်။ ရန်သူတို့၏ သဘောထားစေတနာမှာ အင်အားသုံးအနိုင်ယူလိုခြင်း၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းများ အား ဖဲ့ထုတ်စည်းရုံးကာ တပ်ပေါင်းစုကို အင်အားချိနဲ့စေပြီး အင်အားနည်းသော အဖွဲ့အစည်းများကို အကြပ်ကိုင်သိမ်းသွင်း (သို့) အပြတ်ရှင်းလိုခြင်းများသာ ဖြစ်သည်။ အင်အားကြီးသော အဖွဲ့အစည်းများကို အချိန်ဆွဲ ညှိနှိုင်းဆွေးနွေးနေစဉ်မှာပင် သပ်လျှိုဖြိုခွဲမှုတွေလုပ်၊ အပစ်အခတ်ရပ်စဲရေး အယောင်ပြပြီး နယ်မြေတိုးချဲ့ တပ်စွဲမှုတွေလုပ်၊ စသဖြင့် အတိုက်အခံ လက် နက်ကိုင်အဖွဲ့အစည်းများအား တဖြည်းဖြည်း လုံးပါးပါးစေကာ ၎င်းတို့ ဖဲ့ထုတ်စည်းရုံးထားသော အဖွဲ့အစည်းများဖြင့် ငါးကြင်း ဆီနှင့် ငါးကြင်းကြော်သလို တိုင်းရင်းသားချင်း ပြန်လည်ဖြိုခွင်းခိုင်းလိမ့်မည်သာ ဖြစ်လေသည်။
အနာသိလျှင် ဆေးရှိသည်။ ဘာအနာမှန်း မသိခင်က ဟိုဆေးတည့်နိုးနိုး၊ ဒီဆေး အလုပ်ဖြစ်နိုးနိုးဖြင့် ကိုယ့်နည်းကိုယ့် ဟန်များဖြင့် စမ်းတဝါးဝါး စခမ်းသွားခဲ့ကြသည်။ ထင်ရာမြင်ရာ မှန်းလုပ်ရင်း ရန်သူပျောက်ကာ၊ လမ်းကွဲကာ ခရီးစဉ် ရှည်လျား ခဲ့သည်။ ရန်သူကို ပီပြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး။ စွဲကပ်နေသော အနာဆိုးကြီးကို ဘာအနာမှန်းသိရပြီဆိုလျှင် ထိုအနာကို အမြစ် ဖြုတ်သုတ်သင်ရေး ခြေလှမ်းစဖို့သာ ရှိတော့သည်။ အနာနှင့်ဆေး တည့်အောင်ပေး ပျောက်ရေးမခက်ပါ ဆိုသလိုပင် ဘာအနာ မှန်း သိပြီးသည့်နောက်မှာတော့ သူနှင့် ထိုက်တန်သည့်ဆေးကိုသာ ပေးရတော့မည် ဖြစ်သည်။
ရန်သူက အခွင့်အရေးပေးပြီး ဖဲ့ထုတ်စည်းရုံးမှုကို ခံခဲ့ရသော အပစ်ရပ်အဖွဲ့များမှာ ယခုအခါ ရန်သူ့လုပ်ရပ်ကို ကောင်း စွာ သိမြင်သဘောပေါက်လာကြပြီး ဖြစ်သည်။ ရန်သူ၏ ချုပ်ကိုင်မှုအောက် နယ်ခြားစောင့်တပ်များအဖြစ် ရန်သူကျွေးသမျှစား၊ ပေးသမျှယူကာ ခိုင်းသမျှ လုပ်နေရပြီး ရန်သူ့အရိပ်အခြေကိုကြည့်ကာ နေထိုင်ကြရမည့် ဘဝ၊ မိမိတို့၏ မူလမျှော်မှန်းချက်၊ အ အမျိုးသားရေးရည်မှန်းချက်၊ လွတ်လပ်သော ပြည်နယ်ဖြင့် သီးခြားနေထိုင်နိုင်ရေး ကြိုးပမ်းချက်များအားလုံး သဲထဲရေသွန် ဖြစ် ရမည့်ဘဝ။ ရန်သူတို့၏ စစ်ကျွန်အဖြစ် မလိမ့်တပတ် သွတ်သွင်းခံရမည့် ဘဝမျိုးတွင် မနေလိုသော တိုင်းရင်းသား အဖွဲ့အစည်း များမှာ အချင်းချင်း ဆက်သွယ်ပေါင်းစည်းမိရန် ကြိုးပမ်းလာကြပြီး ဖြစ်သည်။ ရန်သူကို တွန်းလှန် တိုက်ခိုက် အနိုင်ယူနိုင်ရေး စစ်ရေးမဟာမိတ်ဖွဲ့မှုများလည်း ရှိလာခဲ့ပြီ ဖြစ်သည်။
နိဂုံး
ဤဆောင်းပါးကို အမှတ်စဉ် (၅) အထိ တင်ပြရန် အကြမ်းဖျင်း လျာထားခဲ့သော်လည်း အရေးမကြီးလှသော အချက် အလက်အချို့ကို ချန်လှပ်ကာ ယခု အမှတ်စဉ် (၄)မှာပင် အကျဉ်းချုပ်တင်ပြကာ နိဂုံးချုပ်ရတော့မည် ဖြစ်သည်။ ဤဆောင်းပါး ကို ရေးဖြစ်ခြင်းအတွက် ဗမာ-မြန်မာကိစ္စကို အစဖော်ပေးခဲ့သော ယမဓောအောင်စိန်အား ကျေးဇူးစကား ဆိုပါသည်။
ယမောဓောအောင်စိန်အနေဖြင့် နှစ်ကာလ ကြာရှည်စွာ အမှန်ကိုအမှား၊ အမှားကိုအမှန်လုပ်ကာ တိုင်းရင်းသား ပြည် သူလူထုတရပ်လုံးအား လှည့်ဖြားခဲ့သော ဗမာနှင့် မြန်မာကိစ္စအပေါ် အခြားသော စာဖတ်သူများနည်းတူ ပီပြင်ရှင်းလင်းစွာ အမှန်အတိုင်း သိမြင်ခဲ့ပြီဟု ယူဆပါသည်။ အဘယ်ကြောင့် ဤသို့ လှည့်ဖြားခဲ့ကြသည် ဆိုသည်ကိုလည်း သဘောပေါက် နားလည်သူတွေ အတော်ပင် ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ အဓိကမှာ အာဏာရူးတို့၏ မဟာလူမျိုးကြီး စိတ်ဓာတ်ပင် ဖြစ် သည်။ ထိုစိတ်ဓာတ်ကြောင့်ပင် ဗမာပြည်ဟု တီထွင်ခေါ်ဆိုခဲ့သည့် တို့ဗမာအစည်းအရုံးခေတ် သမိုင်းကြောင်းကို ဖုံးကွယ်ကာ ဆီလျော်သော အကြောင်းပြချက် တစုံတရာ မပေးနိုင်ဘဲ မြန်မာနိုင်ငံဟု ဇွတ်ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။
သမိုင်းမှန်ကို မြန်မာစာပေဖြင့်သာမက တိုင်းရင်းသားတို့၏ စာပေဖြင့်ပါ မှတ်တမ်းတင်ထားနိုင်သောကြောင့် မြန်မာစာ ပေ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ပိတ်ပင်ရုံသာမက တိုင်းရင်းသားဘာသာစာပေများကို အားပေးမြှင့်တင်မှုမပြု၊ တိုင်း ရင်းသားလူငယ်များကို ၎င်းတို့၏ ဘာသာစာပေများ လက်ဆင့်ကမ်း သင်ကြားခွင့်မပြု၊ သာမန် ဘာသာရေးစာပေမျိုးကိုပင် ကျယ်ပြန့်စွာ ထုတ်ဝေခွင့်မပြုဘဲ တင်းကြပ်စွာ စိစစ်ကန့်သတ်မှုများ လုပ်ခဲ့ခြင်းဖြစ်သည်။
တပြည်လုံးကို လက်ဝါးကြီးအုပ် ချုပ်ကိုင်လိုသော မဟာဝါဒီ စစ်အာဏာရှင်တို့သည် ဗမာပြည်တွင်း မြို့ရွာအများအ ပြားတွင် သမိုင်းကြောင်းအရ ထင်ရှားခဲ့သော လမ်းအမည်များကို ပြောင်းလဲမှည့်ခေါ်ခြင်းများ၊ သမိုင်းဝင် အဆောက်အဦ၊ အုတ်ဂူ၊ အထိမ်းအမှတ် မှတ်တိုင် စသည်တို့ကို ဖြိုဖျက်ရှင်းလင်းခြင်းများဖြင့် သမိုင်းကြောင်း အချက်အလက် အထောက်အ ထားများ ဖျောက်ဖျက်ကာ သမိုင်းမှန်ကို ဖုံးဖိလျက် ၎င်းတို့ လိုသလို ဖြုတ်နှုတ် ဖြည့်စွက် ပြုပြင်မှုများ အစီအစဉ်ရှိရှိ အချိန်ယူ လုပ်ဆောင်လာခဲ့ကြသည်။
ယခင်နှစ်များက ကျင်းပခဲ့သော လှေပြိုင်ပွဲများ၊ ဇာတ်ထဲက မြန်မာဘုရင်များခေတ် ဆင်၊ မြင်း စစ်သည်ဗိုလ်ပါ ဝတ် စားဆင်ယင်မှုများအတိုင်း ဝတ်ဆင်ချီတက်ကာ မင်းခမ်းမင်းနားများဖြင့် ဖွင့်လှစ်သော အားကစားပြိုင်ပွဲများ၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများ၊ ဆောင်းပါးပြိုင်ပွဲများ ပါဝင်သည့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဟူသော အစီအစဉ်များသည် မဟာမြန်မာ စိတ်ဓာတ်ကို ပို၍ အရောက်တောက်ပ တက်ကြွလာအောင် လုပ်ဆောင်နေသည့် လှေခါးထစ်များ ဖြစ်လေသည်။
စစ်မှန်သော မျိုးချစ်စိတ်ဓာတ်မှာ မိမိအမျိုးသားကို ချစ်ခင်သလို အခြားအမျိုးသားတို့အပေါ်တွင်လည်း လေးစား၊ နား လည်၊ စာနာမှုများ ထားရှိအသိအမှတ်ပြုတတ်ခြင်းပင် ဖြစ်သည်။ မိမိတို့ စာပေနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ရေး လုပ် သလို တိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုများကိုလည်း ဖော်ထုတ်မြှင့်တင်နိုင်ရေး အားပေးဆောင်ရွက်ကြရမည် ဖြစ်၏။
အာဏာကို ချုပ်ကိုင်ထားသူများအနေဖြင့် တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ သင်ကြားမှု၊ မိရိုးဖလာ လုပ်ကိုင် ကျင်းပသော ပွဲလမ်းအခမ်းအနားများကို ကန့်သတ်ပိတ်ပင် ဟန့်တားမှုများ ပြုရန်မသင့်။ မိမိလူမျိုး၏ ရိုးရာယဉ်ကျေးမှုကို ထိန်း သိမ်းမြှင့်တင်ပြီး တခြားအမျိုးသားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖိနှိပ်ချုပ်ချယ်မှုများ၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်း သယ်ဆောင်သွားကြမည့် ရိုးရာအမွေအနှစ်များကို ဟန့်တားနှောက်ယှက်မှုများမှာ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများ မှေးမှိန် ပျောက်ပျက်ပြီး ဗမာပြည်၌ မြန်မာတမျိုးတည်းသာ လူမျိုးတမျိုးအဖြစ် ထင်ထင်ရှားရှား ခိုင်ခိုင်မာမာ ရပ်တည်ကျန်ရှိနေ ရအောင် လုပ်ဆောင်ခြင်းဖြစ်လေသည်။ ဖဆပလခေတ်ကတည်းကပင် တိုင်းရင်းသား မိခင်ပင်ဖြစ်စေ၊ ဖခင်ပင်ဖြစ်စေ မြန်မာ လူမျိုးနှင့် အိမ်ထောင်ကျ၍ ရရှိလာသည့် သားသမီးများကို စာသင်ကျောင်းနှင့် သန်းခေါင်စာရင်းဌာနက မြန်မာစာရင်းထဲသို့ သာ သွင်းခဲ့ခြင်းမှာလည်း တိုင်းရင်းသားတို့ကို လျော့ပါးသထက် လျော့ပါးစေလျက် မြန်မာကို လူများစုလူမျိုးကြီးအဖြစ်သို့ ရောက်ရှိရန် အစီအစဉ်ရှိစွာ လုပ်ဆောင်ခြင်းသာ ဖြစ်၏။
တိုင်းရင်းသား အစုအဖွဲ့များ၏ တော်လှန်ရေးသည် အဓိကအားဖြင့် အမျိုးသားရေး ဖိနှိပ်ခံရမှုများအပေါ် အခြေခံ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ပြည်သူလူထု၏ အုံကြွမှုမှာ လွတ်လပ်စွာရေးသားဟောပြောထုတ်ဝေခွင့်၊ ကူးသန်းရောင်းဝယ် ဖောက်ကားခွင့်၊ စိုက်ပျိုးထုတ်လုပ်ခွင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး စသော ကဏ္ဍအရပ်ရပ် အပါအဝင် ဒီမိုကရေစီအ ခွင့်အရေးများ ပိတ်ပင်ခံရမှုနှင့် အစိုးရယန္တရားအတွင်း ဝန်ထမ်းကြီးငယ်များ၏ မရိုးဖြောင့်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူ ချ စား ခိုးဝှက် အပျောက်ရိုက်မှု စသည့် အကျင့်အကြံများဖြင့် လူလူချင်း တန်ဖိုးမထား၊ အမြတ်ထုတ်၊ စီးပိုးခေါင်းပုံဖြတ် ခံလာရ ခြင်းများကြောင့် ဖြစ်သည်။
လူနှင့်လူချင်း တဦးပေါ်တဦး မေတ္တာစေတနာထားကာ အချင်းချင်း လေးစားချစ်ကြည်မှု၊ တဦးကိုတဦး ကူညီယိုင်းပင်း မှု၊ တယောက်ကိုတယောက် နားလည်စာနာမှု၊ အမှားအယွင်းကို ခွင့်လွှတ်သည်းခံမှု၊ ဖြစ်ရှိလာသော ပြဿနာရပ်များအပေါ် စိတ်ကောင်းစေတနာဖြင့် ညှိနှိုင်းဆွေးနွေး အဖြေရှာမှု စသည်တို့မှာ ကောင်းမြတ်သော သဘောထားအပြုအမူများ ဖြစ်သော် လည်း အဓမ္မဝါဒီ စစ်အုပ်စုအား မှန်ကန်စွာ ညှိနှိုင်းဆွေးနွေးရေး ဖျောင်းဖျ ဆွဲဆောင်၍ မရနိုင်ကြောင်း နှစ်ပေါင်း ၆၀ကျော် အတွေ့အကြုံများက သက်သေခံနေလေသည်။ လက်နက်အားကိုးသူအား အကြမ်းနည်းဖြင့် ဖြေရှင်းရန်မှတပါး အခြားမရှိ။
ဗမာပြည်ကို လက်ဝါးကြီးအုပ် မောင်ပိုင်စီးလျက် မြန်မာလူမျိုးတို့၏ မြန်မာပြည်ဟု သမုတ်လိုသော မဟာဝါဒီစစ်အုပ် စု၊ တိုင်းရင်းသားလူမျိုးစုအားလုံးကို ၎င်းတို့လက်အောက် အစေအပါးများသဖွယ် ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်စေကာ ဖိနှိပ်ချယ်လှယ် ကန့်သတ်ထိန်းချုပ်ထားလိုသော အာဏာရှင် စစ်အုပ်စုအား တိုင်းရင်းသားတို့၏ တော်လှန်ရေးနှင့် လူထုဘက် သားများ ပူးပေါင်းပါဝင်သော အဖိနှိပ်ခံ ပြည်သူလူထုကြီး၏ အုံကြွတော်လှန်ရေးတို့ ပေါင်းစည်းလျက် ညီညွတ်စွာ တွန်းလှန် ဖြို လှဲရတော့မည် ဖြစ်၏။
မျိုးဖျောက်မည့်သူတို့၏ ဖိနှိပ်မှုအောက်မှ ရုန်းထွက်လိုသော တော်လှန်သော တိုင်းရင်းသားအဖွဲ့အစည်းများ၊ တပြည် လုံးချွတ်ခြုံကျအောင် ဖိနှိပ်မှုကို အနှစ်နှစ်အလလ ကြိတ်မှိတ်သည်းခံခဲ့ရသော တော်လှန်သော လူထုကြီးနှင့် တော်လှန်သော လူထုဘက်သား တပ်မတော်သားများ၏ ပေါင်းစည်းမှုကို ၎င်းတို့အုပ်စု ယှဉ်၍မရနိုင်။ ငြိမ်းချမ်းရေးအတွက် အရှည်တွေးမျှော်မှုမဲ့ စွာ ထောက်ထားညှာတာမှုကင်းစွာ ဗမာပြည်ကို လက်ဝါးကြီးအုပ် ချုပ်ကိုင်လျက် စေတနာဆိုးဖြင့် ဖျက်ဆီးခဲ့သော စစ်အာဏာ ရှင်တို့၏ နောက်ဆုံးနေ့သည် မဝေးတော့ပြီ ဖြစ်၏။ ထိုအခါတွင် မြန်မာပြည်ဟု ခေါ်ဆိုနေကြသော ဤနိုင်ငံအား မြန်မာ အပါ အဝင် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး၏ ဆန္ဒသဘောထားဖြင့် သင့်လျော်သောအမည်သို့ ပြောင်းလဲမှည့်ခေါ်နိုင်မည့် နေ့ရက်သည်လည်း မကြာမတင်ပင် ရောက်ရှိလာတော့မည် ဖြစ်ချေသည်။