ဧပြီလ ၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့ပိုင် နိုင်ဖို့ရူးဝေါရားနားသည် အုန်းဖျန်ကရင်ဒုက္ခသည်စခန်းသို့ ယနေ့ လာရောက်လည် ပတ်ခဲ့ပြီး ဒုက္ခသည်များအား ထိုင်းနိုင်ငံ၏ စည်းမျဉ်းဥပဒေများကို အလေးထားလိုက်နာရန် ပြောဆိုသွားခဲ့သည်ဟု သိရသည်။
အဆိုပါဖုတ်ဖရမြို့ပိုင်သည် အုန်းဖျန်ဒုက္ခသည်စခန်းရှိ တာဝန်ခံများနှင့် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်ဖြစ်စေ၊ ဒုက္ခသည်မဟုတ်သူများဖြစ်စေ တန်းတူအခွင့်အရေးရှိကြောင်း၊ စခန်းတွင်း လုံခြုံရေးကို တာဝန်ယူထား သည့် ထိုင်းအာဏာပိုင်များ တစုံတရာ မတရားမှုများ ပြုလုပ်ပါက အထက်သို့ တိုင်ကြားနိုင်ကြောင်း ပြောဆိုသွားခဲ့သည်ဟု စခန်း ဥက္ကဌ စောဝါးထီးက ကေအိုင်စီကို ယခုလို ပြောသည်။
သူက “မြို့ပိုင်က သူ့လူနှစ်ယောက်နဲ့ ကျနော်တို့ကို ဒီလိုလာတွေ့တာ ကောင်းပါတယ်။ အရင်က ဒုက္ခသည်တွေကို ဒီလိုမျိုး လာတွေ့တာ မရှိဖူးဘူး။ အထူးသဖြင့်တော့ လူမှုအခွင့်အရေးကို အလေးထားလိုက်နာဖို့ ပြောသွားတာကိုကြည့်ရင် ကျနော် တို့ကို ခွဲခြားဆက်ဆံတဲ့ပုံတော့ မတွေ့ရပါဘူး”ဟု ပြောသည်။
၎င်းအပြင် စခန်းဘေးပတ်ဝန်းကျင်ရှိ သစ်၊ ဝါးများကို ခုတ်ခြင်း၊ လူကုန်ကူးရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံး စွဲသူများကို ထိုင်းနိုင်ငံ၏ တရားဥပဒေအတိုင်း အရေးယူမည်ဖြစ်ပြီး ထိုပြစ်မှုများကို ကျူးလွန်သူများထဲတွင် စခန်းတွင်း နေထိုင်သူများဖြစ်ပါက ဒုုက္ခအဖြစ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း မြို့ပိုင်က စခန်းတာဝန်ရှိသူများကို ပြောဆိုသွားခဲ့သည်ဟု စခန်း ဥက္ကဌက ဆိုသည်။
သူက “စခန်းအတွင်းမှာ နေထိုင်တဲ့သူတွေ ထိုင်းနိုင်ငံ စည်းကမ်းဥပဒေကို မလိုက်နာရင် ဒုက္ခသည်အဖြစ်ကနေ ပယ်ဖျက် မယ်ဆိုတာလည်း မှားတာမှ မဟုတ်တာ။ ဒါ ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်းပဲလေ”ဟု ပြောသည်။
လွန်ခဲ့သည့်နှစ်များအတွင်း လူကယ်ရီများ၏ အကူအညီဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင် မည့် မြန်မာအလုပ်သမားများသည် စခန်းအတွင်း ရက်အနည်းငယ် တည်းခိုမှုများရှိသည့်အပြင် စခန်းအတွင်း မူးယစ်ဆေး ဝါး သုံးစွဲသူအချို့ ရှိခဲ့သည်ဟုလည်း စခန်းလူမှုရေးတာဝန်ခံ စောထူးကလယ်က ကေအိုင်စီကို ပြောသည်။
ဒုက္ခသည်ဦးရေ ၁၃,၀၀၀ကျော်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းသည် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့အပိုင်နယ်မြေတွင် တည်ရှိပြီး ယခု လို မြို့ပိုင်မှ စခန်းတာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း၌ ဖုတ်ဖရ၊ အုန်းဖန်၊ မဲဆောက်၊ မဲ့လမနှင့် ထာ့ဆောင်ယန်းဟူ၍ မြို့နယ်ငါးခုရှိသည်။