သစ်ပင်ငယ်များ ခုတ်လှဲပြီး ရွာသူရွာသားများကို အခမဲ့ခိုင်းခြင်း
ခုတ်လဲပြီးပုံထားသောသစ်ပင်များ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ ကြောင်ပျံကျေးရွာ (ခေါ်) ဆွေနံ့သာမြိုင်နှင့် မွေတော် (ခေါ်)မောလေး ကြားတွင်ရှိသော သစ်တောများ ကုန်လုနီးပါးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မုန်းဒေသ၊ တုံးတောကျေး ရွာအခြေစိုက် ခ.လ.ရ(၅၉၉) တပ်ရင်မှူးစိုးတင်ဝင်း ဦးဆောင်ပြီး ၎င်းစစ်သည်များဖြင့် လာရောက်၍ ကြောင်ပျံ ကျေးရွာ (သို့) ဆွေနံ့သာမြိုင်နှင့် မွေတော် (သို့) မောလေးကြားရှိ သစ်ပင်ငယ်များကို ဖေဖော်ဝါရီလ ပထမအ ပတ်မှ စတင်၍ သစ်ပင်များကိုခုတ်လဲပြီး ဤနေရာတွင် ပုံထားပါသည်။ သစ်ပင်များကို တပ်ရင်းခြံကာရန်အ တွက် အသုံးပြုမည်ကို ပြောသွားပါသည်။ ခုတ်လဲထားသော သစ်ပင်ငယ်များမှာ အများအားဖြင့် (အင်ပင်) အမျိုးအစားများဖြစ်ပါသည်။ ခုတ်လဲပြီး ပုံထားသောသစ်များကို ကြောင်ပျံကျေးရွာသူ၊ ရွာသားများကိုခေါ်ပြီး တပ်ရင်းကို လှည်းများဖြင့် ပို့ခိုင်းပါသည်။ ၎င်းသစ်ပင်များကို ယနေ့အထိတိုင် ဆက်လက်ခုတ်လဲပြီး ရွာသူ၊ရွာ သားများကို ဆက်လက်ပြီး လှည်းများဖြင့် သယ်ဆောင်ခိုင်းနေပါသည်။ ဤသစ်ပင်ငယ်လေးများကို ခုတ်လှဲအ သုံးပြုခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို အလွန်ထိခိုက်နိုင်ပါသည်။ သစ်တောများကို ထိန်းသိမ်းကာကွယ်ရ မည့်အစား ၎င်းသစ်ပင်ငယ်များကို အဲဒီလိုခုတ်လဲပြီး အသုုံးပြုပါက မသင့်တော်ပါ။ ဒီထက်မက ရွာသူ၊ရွာသား များသည် အများအားဖြင့် တနေ့လုပ်တနေ့စားများ ဖြစ်ပါသဖြင့် ဤသစ်ပင်များကို နေ့စဉ်နေ့တိုင်း လှည်းဖြင့် အခမဲ့ သယ်သွားပေးရမည်ဆိုပါက ဤရွာသူရွာသားများအတွက် အခက်အခဲများစွာဖြစ်လာနိုင်ပါတယ်။ ဤအ ကြောင်းအရာကို သက်ဆိုင်ရာနှင့် အများပြည်သူများ သိစေလိုပါသည်။
ရွာသားလေး
မြဝတီမြို့ ကိုးနဝင်းကျောင်းတိုက်ထဲမှ တစ်လကျော်ကြာ ပြည်သူကို ဒုက္ခပေးနေသော အာဝါဒေးပွဲ
ပြောနေကြတာတော့ Good Government, Clean Governance ဆိုပဲ။ ဒါပေမယ့် ဒီခေတ်မှာမှ ပိုပြီးတော့ ဆိုးနေကြသလိုလို ပါပဲ။ အရင်ခေတ်ကဆိုရင်တောင် ဘယ်မှာမှတိုင်လို့ မရတော့ဘူးဆိုရင် ဘာပဲဖြစ်ဖြစ် နိုင်ငံတော်ထိ တက်တိုင်ပစ်လိုက်၊ ထိရောက်မှုတော့ ရှိသွားတာပါပဲ။ ခုတော့ ပြည်နယ်မှာ အစိုးရအဖွဲ့က သပ်သပ်ရှိနေတော့ သူတို့က မသိသလိုနေရင် ဘာမှလုပ် လို့ မရတော့ပါဘူး။
ပြောချင်တာက မြဝတီမြို့မှာ ခေတ်စားနေတဲ့ အာဝါဒေးပွဲများ ကိစ္စပါ။ အဲဒီထဲက အမှတ်(၅)ရပ်ကွက် ကိုးနဝင်းဘုန်းကြီးကျောင်း ထဲမှာ လုပ်နေတဲ့ အာဝါဒေးပွဲ(ဗလာပွဲကို အကြောင်းပြထားတဲ၌ လောင်းကစားဝိုင်းတွေပေါ့ဗျာ)ဆိုရင် တစ်လကျော်ရှိပါပြီ။ တစ်ညမှ မပြတ်ပါဘူး။ ရပ်ကွက်ထဲက လူတွေလည်း တော်တော့်ကို စိတ်တွေညစ်၊ ဒေါသတွေထွက်၊ ဘယ်သူ့ကို တင်ပြလို့ တင်ပြရမှန်းလည်း မသိပါဘူး။ ညညဆို အိပ်လို့ မရလောက်အောင် ဆူညံကျယ်လောင်လွန်းလှတဲ့ အသံတွေကြောင့် ဘာကို ဒေါသထွက်လို့ ထွက်ရမှန်းမသိ။ အဆိုးဆုံးကတော့ ကျောင်းသားတွေ ဘယ်လိုမှ စာကျက်လို့မရတာပဲ၊ သိကြတဲ့အတိုင်း ခုဆို စာမေးပွဲကြီးကလည်း နီးလာပြီ။ ၁ဝတန်းတွေ အပါအဝင်ပေါ့။ ဒီအချိန်ဟာ ကျောင်းသူကျောင်းသားတွေ မီးကုန်ယမ်းကုန် စာကျက်ကြရတဲ့အချိန်။ ဖင်ယားတောင် ကုတ်မအားပဲ စာပြီးရင်းစာ လုပ်နေကြရတဲ့အချိန်။
ဟော။ ခုဆို ညနေ ၆ နာရီမခွဲလိုက်နဲ့။ ကိုးနဝင်းကျောင်းထဲက အသံကုန်ဖွင့်လိုက်တဲ့ ဆူညံသံတွေလာပါပြီ။ အရင်တုန်းကဆိုရင် မြဝတီမြို့က ခရိုင်အုပ်ချုပ်ရေးမှူးတွေဆို ကျောင်းသားတွေ ဂုဏ်ထူး ဘယ်နှစ်ခုပါရင် ဆုငွေဘယ်လောက်ချမယ်။ ဂုဏ်ထူးရ အောင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကို ဆုငွေဘယ်လောက်ချမယ်ဆိုပြီး ပညာရေးကို အားပေးလိုက်ကြပုံများ။ ကိုယ်တိုင် စစ်ဆေး။ လိုအပ်တာတွေ ပံ့ပိုးပေးလိုုက်ကြပုံများ။ ကျောင်းဆောင်ကြီးတွေ ဟည်းနေအောင် ဆောက်ပေးလိုက်ကြပုံ များ။ တကယ်ပြန်သတိရမိသေးတယ်ဗျာ။
ခုခရိုင်အုပ်ချုပ်ရေးမှူးကျတော့ ပညာရေးကို အားမပေးတဲ့အပြင် စာမေးပွဲနဲ့ အရမ်းနီးနေတဲ့ ခုလိုအချိန်မျိုးမှာတောင် ကလေး တွေရဲ့ပညာရေးကိုအကြီးအကျယ် နှောက်ယှက်နေတဲ့ ပွဲမိန့်တွေကို ချပေးနေတာ။ မတားမြစ်ပေးတာ တော်တော့်ကို အံ့ဩ စရာ။ ဒေါသထွက်စရာပါပဲ။ မြဝတီမြို့ဆိုတာ ခရိုင်၊ မြို့နယ်အပြည့်အစုံ အခြေစိုက်တဲ့နေရာပါ။ အာဏာပိုင်တွေ တစ်ယောက်မှ ဒါတွေကို အရေးမယူပေးတာ အံ့ပါရဲ့ဗျာ။
နောက်တစ်ခုက ကိုးနဝင်းဘုန်းကြီးကျောင်း။ အဲဒီကျောင်းရဲ့ ကျောင်းထိုင်ဟာ အရင်တုန်းက မြို့နယ်သံဃနာယကအဖွဲ့ရဲ့ ဥက္ကဌဟောင်းပါ။ ပြီးတော့ စာသင်တိုက်ကြီးကလည်း ဟည်းလို့။ ခုတော့ ဒီအာဝါဒေးပွဲကို တစ်လကျော်ကြာတဲ့ ယနေ့အထိ စည်းမဲ့ကမ်းမဲ့ ကျောင်းဝင်းထဲဖွင့်ခွင့်ပြုထားတာ ညကြေး ဘယ်လောက်တောင်ရထားသလဲ မသိဘူးလို့ တွေးချင်မိပါတယ်။ စာသင်၊ စာချသံဃာအချို့လည်း ဒီဆူညံသံတွေကို စိတ်ပျက်လွန်းလို့ ကျောင်းတိုက်ကို စွန့်ခွာသွားကြတာ တော်တော် များနေ ပါပြီ။
(မခံနိုင်သူ မြို့ခံ)
စစ်ဆေးအရေးယူပေးမှုများ ပြုလုပ်ပေးပါရန်။
ပြည်မြို့မှ မြန်အောင်မြို့သို့ ကိုယ်ပိုင်ကားဖြင့် အပြန်လမ်းခရီးတွင် လမ်းကြေး၊မြို့ဝင်ကြေးများသာ ပေးဆောင်ခဲ့ရပါသည်။ ကြံခင်းမြို့အဝင် ပန်းရံစုဂိတ်တွင် မြို့ဝင်ကြေးအပြင် ကြံခင်းမြို့နယ် မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီမှ ဘောက်ချာဖြတ်ပိုင်းပေးပြီး ငွေ(၅၀၀)ကို တရားမဝင်ကောက်ခံခဲ့ပါသည်။
ထိုလမ်းသည် ကြံခင်းမြို့နယ် မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်း ရေးကော်မတီမှ ခင်းခဲ့သော လမ်းမဟုတ်ပါကြောင်း သက်ဆိုင်ရာမှ လူကြီးမင်းများသိစေအပ်ပါသည်။ စစ်ဆေး အရေးယူမှုများ ပြုလုပ်ပေးပါရန် တောင်းဆိုပန်ကြားအပ်ပါသည်။
တပ်မတော်သားဘဝအမှန်
ကျနော် မြန်မာ့တပ်မတော်သို့ ၁၉၉၆ခုနှစ် အောက်တိုဘာလမှာ စစ်တပ်သို့ ဝင်ရောက်ပါတယ်။ ယခု ကျနော်တပ်ထဲမှာ သမီးတစ်ယောက် နှင့် သားတစ်ယောက် ရှိပါတယ်။ ယခုဇနီးကို သူ့မိဘထဲသို့ ပြန်ပို့ပြီး ဈေးသွားရောင်းခိုင်းပါတယ်။ တပ်ထဲမှာ ကျနော် ရတဲ့လစာက အံ့ဩ စရာပါပဲ။ ပြန်ကောက်ခံငွေကလည်း အံ့ဩစရာပါပဲခင်ဗျာ။ ဇနီးနှင့် သားသမီးကို တပ်ထဲမှာ မကျွေးနိုင်တဲ့ အနေအထားပါ။
တပ်ထဲမှာ နိုင်ငံ့ဝန်ထမ်းဖြစ်နေလို့ ဘာမှ ပြင်ပလုပ်ငန်း အခွင့်အရေး မရပါဘူး။ တပ်မိသားစုများ အဆင်ပြေရန်အတွက် ကျနော်နှင့်နည်းအတူ ကျနော်တို့ တပ်မတော်အောက်ခြေရဲဘော်၊ ဆရာအဆင့်ရှိသူများအားလုံး အဆင်ပြေရန်အတွက် လွှတ်တော်သို့ ရောက်ရှိသော တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင် တင်ပြပေးနိုင်ရန်အတွက် အကြံပြုရေးသားကာ ဤအသံလွှင့်ဌာန၊ သတင်းဌာ နများမှတဆင့် ရေးသားပေးပို့လိုက်ရပါသည်။
အမှတ် (၃၅၅) ခြေလျင်တပ်ရင်းမှ
(တပ်မတော်သား တစ်ဦး)
အခွန်ဂိတ်ကြေးများ လျှော့စေလို
ကျနော်တို့ ကရင်ပြည်နယ် မြဝတီမြို့မှ ဘားအံမြို့သို့ ကုန်တင်ကားများ လူစီးယာဉ် ခရီးသည်တင်ကားများမှာ တစ်နေ့အဆင်းနှင့် တစ်နေ့ အတက်၊ အမှန်တော့ အသွားတစ်နေ့ အပြန်တစ်နေ့ ဟူ၍ ဖြစ်တယ်။ ယခင်က KNU အဖွဲ့စည်းနှင့် အပစ်ခတ်ရပ်စဲခြင်း မပြုလုပ်ခင်၊ တခါ BGF နယ်ခြားစောင့်တပ်ဖွဲ့ပြီး DKBA အဖွဲ့တို့နှင့် အပစ်ခတ်ရပ်စဲခြင်း မပြုလုပ်တုန်းကဆိုရင် ဟိုင်းလက်စ်ကားတစ်စီးမှာ မြဝတီမှ ဘားအံ သို့ရောက်လျှင် လူတင်ဆောင်သည်ဖြစ်စေ၊ ကုန်တင်သည်ဖြစ်စေ ကားပိုင်ရှင်အတွက် ကျပ်ငွေ ၇သောင်းမှ ၁သိန်းထိ ကျန်ရှိပါတယ်။
လမ်း၊ ဝါးတားဂိတ်ကြေးနှင့် ဂိတ်ကြီးများပေါင်း ဘားအံအထိပေးရတာ ဟိုင်းလတ်ကားတစ်စီးမှာ ၂သိန်းမှ ၂သိန်းခွဲထိ ကုန်ကျပါတယ်။ အဲဒါ ကားအသေးမှ အလတ်၊ အကြီးထိကို ရငွေ၊ ကုန်ကျငွေတွေကတော့ အဆလိုက်ပါပဲ။ တခါတရံ ကားပျက်လျှင် ဝယ်ထည့်ပစ္စည်း ဈေးနှုံးက ရငွေထက် များလွန်းနေပါသည်။ ယခု အပစ်ခတ်ရပ်စဲပြီး ဖြစ်ပါသည်။ သို့သော် ယခု အဲဒီထက် ပိုကုန်ကျပြီး ကျန်ငွေကတော့ ကျပ်ငွေ ၄သောင်းမှ ၄သောင်းခွဲသာ ဖြစ်ပါသည်။ အဲဒီ ဘယ်လိုလုပ်ပြီး ဘာလုပ်စားရမလဲ။ ကားရောင်းပြီး ထိုင်းနိုင်ငံမှာပဲ အလုပ်တက် လုပ်ရမလို ဖြစ်နေပါတယ်။
အဲဒါကြောင့်အကောက်ခွန်များဂိတ်ကြေးများ လျော့ပေးကြပါခင်ဗျားဟု နိုင်ငံ့ခေါင်းဆောင်ကြီးများထံသို့ဤသတင်းဌာနမှတဆင့် တောင်းပန်ရင်း ပြုလုပ်ပေးကြပါဟု တောင်းဆိုပါသည် ခင်ဗျား။
ကော့ကရိတ်မြို့မှ ကားဝယ်ပြီး အိမ်သိပ်ထားရသူ
(ကိုညီညီမောင်)
KIC သတင်းဌာနခင်ဗျား။
ကရင်ပြည်နယ် မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်ပါသည်။ ဤမြို့မှာ လူဦးရေတွေက နေ့ချင်းညချင်းဆိုသလို တိုးလာနေပါ တယ်။ မြို့တွင်းမှာ အိမ်ငှားလခနှင့် အိမ်ခြံမြေဈေးတွေကလည်း အဆမတန် ထိန်းချုပ်မှုမရှိဘဲ တိုးလာနေပါတယ်။ ယခုလို တိုးတက်နေ တဲ့ နယ်စပ်မြို့မှာ နေ့စဉ် ဈေးသွားဝယ်သူတွေအတွက် အခက်အခဲများစွာ ရှိနေပါတယ်။ အဲဒါကတော့ ဈေးထဲဝင်ရင် ဆွမ်းခံကြွသလို တန်းစီစနစ်နှင့် သွားလာရပါတယ်။
တခါတရံ အခွင့်ကောင်းယူတဲ့ ယောက်ျားလေးတွေက အမျိုးသမီးတွေနှင့် ပူးကပ်ပြီး ထိကပါး ရိကပါး ဟိုကိုင်ဒီကိုင် ဖြစ်လာပါတယ်။ အဲဒီထဲ ခါးပိုက်နှိုက်လည်း ရှိလာပါတယ်။ ဈေးလမ်းကျဉ်းရခြင်းကတော့ ဈေးသည်တွေက သတ်မှတ်ဆိုင် ခန်းထက် လူသွားလမ်းတွေမှာပါ ပစ္စည်းရောင်းချနေကြပါတယ်။ ဆိုင်ကယ်၊ ဆိုက္ကားအနှေးယာဉ်တွေ ထားရှိသည့်နေရာများတွင်လည်း စည်းကမ်းမဲ့ ဖြစ်နေကြပါတယ်။
မြို့စည်ပင်တာဝန်ရှိသူတွေကို ပြောလည်း အလကားပဲ။ ပြည်နယ်ဝန်ကြီးထံသို့ စာပို့တာ သုံးစောင် ရှိပါပြီ။ ဒါပေမယ့် မရောက်တာလား။ စာဖတ်ပြီး လွှင့်ပစ်တာလားတော့ မသိဘူး။ မှုခင်းလည်း ကာကွယ်သည့်အနေဖြင့်လည်းကောင်း၊ ဈေးဝယ် သူများ စိတ်အေးရန်အတွက်လည်းကောင်း KIC သတင်းဌာနမှ နိုင်ငံတော် အကြီးအကဲသိရန် ပြောပြရေးသား ပေးပို့လိုက်ရပါတယ်။
မြဝတီမြို့မှ နေ့စဉ် ဈေးဝယ်သူတစ်ဦး-ကိုစော
ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။
UNHCR သို့ အိတ်ဖွင့်ပေးစာ
ကျွန်တော်ထိုင်းမြန်မာဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦး ဖြစ်ပါသည်။ ကျွန်တော်သည် ဒုက္ခသည်စခန်းသို့ (၂၀၀၈)ခုနှစ်တွင် ရောက်ရှိခဲ့ ပါသည်။ ဒုက္ခသည်စခန်းများတွင် နေထိုင်သူတို့သည် တတိယနိုင်ငံသို့ အခြေချခွင့်ရရှိကြသဖြင့် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်လာကြ သည်မှာ မနည်းလှသည်ကို ထိုင်းအာဏာပိုင်များနှင့် UNHCRတို့လည်း သိထားကြပါသည်။ ထိုင်းမြန်မာ နယ်စပ်တစ်လျှောက် ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို နှစ်စဉ်သောင်းနှင့်ချီ၍ တတိယနိုင်ငံသို့ ပို့ဆောင်ပေးနေသည်မှာ ဒုက္ခသည်ဘက်မှကြည့်လျှင် အလွန် ကျေးဇူးတင်စရာ ကောင်းလှပါသည်။ ထိုအခြေချခွင့် ရရှိထားသောသူများသည် ထိုင်းနှင့် UNHCR အာဏာပိုင်များက (၂၀၀၅)ခုနှစ်အထိ ရောက်ရှိခဲ့သောသူများကို မှတ်ပုံတင်ပေးထားကြသောသူများ ဖြစ်ကြပါသည်။
(၂၀၀၆ခုနှစ်တွင် နို့ဖိုးစခန်းမှ လူအနည်းငယ်ကို မှတ်ပုံတင်ပေးသော သူများသည်လည်း အခြေချနေထိုင်ခွင့် ရရှိကြသည်။)
(၂၀၀၅)နောက်ပိုင်းတွင်လည်း အကြောင်းကြောင်းကြောင့် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေကြသူများသည်လည်း အများအပြား ရှိကြပါ သည်။ ထိုသူတို့ကို ထိုင်းနှင့် UNHCR မှ မှတ်ပုံတင်ပေးမှု မရှိသဖြင့် ရိက္ခာမှ လွှဲ၍ အခြားဒုက္ခသည်အခွင့်အရေးများကို မရရှိကြပါ။ (၂၀၀၉)ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း (၉)ခုရှိသည့်အနက်မှ (၄)ခုကို မှတ်ပုံတင်ပေးသည့် အစီအစဉ်ကို စတင်ခဲ့ပါ သည်။ ထို့ကြောင့် ထိုဒုက္ခသည်များမှာ PRE နံပါတ်များပါဝင်သည့် လက်မှတ်များကို ရရှိခဲ့ကြပါသည်။
ထိုလက်မှတ်ကို ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြုထားသော လက်မှတ်မဟုတ်သော်လည်း အချို့သူများမှာ အခွင့်အလမ်း အနည်း ငယ် ပွင့်ကြပါသည်။ ဥပမာ- ဇနီး သို့မဟုတ် မယား တစ်ယောက်ယောက်က ဒုက္ခသည်အနေဖြင့် တတိယနိုင်ငံသို့ ရောက်ရှိနေပါက ထိုနိုင်ငံသို့ လျှောက်ထားခွင့်ရရှိပါသည်။ ထို PRE လက်မှတ်များပေးသည့် (၂၀၀၉)ခုနှစ်မှ ထိုလျှောက်ထားခွင့် ရရှိသူများကို သက်ဆိုင်ရာ နိုင်ငံ (အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန်စသည့် တတိယနိုင်ငံများ)မှ တာဝန်ရှိသူများ လာရောက်၍ အင်တာဗျူးများ ပြုလုပ်ပေးခဲ့ပါ သည်။ ထို့ကြောင့် အချို့သူများမှာ အင်တာဗျူးများကို ဖြေခဲ့ပြီးပြီမှာ (၃)နှစ်နီးပါးခန့် ရှိပါသည်။ အချို့မှာ (၂)နှစ်၊ အချို့မှာ (၁)နှစ်စသဖြင့် အသီးသီး ရှိနေကြပြီဖြစ်ပါသည်။
ထိုကဲ့သို့ အင်တာဗျူးပြီးကြသော်လည်း ယခုအချိန်ထိ ထိုနိုင်ငံများသို့ အခြေချခွင့် မရသေးကြပါ။ ဇနီးများ၊ ခင်ပွန်းသည်များနှင့် ဝေးကွာ ကြသဖြင့် အချို့သူများမှာ လူမှုရေးပြဿနာများကို တွေ့ကြုံခံစားရပြီး ကွာရှင်းသည့် ပြဿနာများ မရှိသင့်ဘဲ ရှိနေကြသည်။ ထိုသို့သော ပြဿနာများနှင့်အတူ အခြားလူသစ်ဒုက္ခသည်များလည်း မျှော်လင့်ချက် မရှိဟူသော ဒုက္ခတွေ၊ စိတ်ဆင်းရဲသူများနှင့် ရင်ဆိုင်နေကြပါ သည်။
ယခုအချိန်ထိ ဒုက္ခသည်များ၏ ပြဿနာကို ဖြေရှင်းရာမှာ ထိုင်းနှင့် UNHCR တွင် ရွေးချယ်စရာ (၃)ခုရှိနေပါသည်။ ၎င်းတို့မှာ (၁)တတိ ယနိုင်ငံသို့ အခြေချရေး (၂)ထိုင်းနိုင်ငံသားအဖြစ်လက်ခံရေး (၃)နေရပ်ပြန်ပို့ရေးတို့ ဖြစ်ကြပါသည်။ ထိုအထဲတွင် အချက်(၁)မှာ ပြုလုပ် နေသော်လည်း အကန့်အသတ်နှင့်သာ ရှိနေပါသည်။ အချက်(၂)နှင့် အချက်(၃)ကတော့ မဖြစ်နိုင်သေးဟု ထင်ပါသည်။ သို့သော် ထိုရွေး ချယ်စရာသုံးခုစလုံးတွင် မှတ်ပုံမတင်ရသေးသော လူသစ်များအတွက် အခွင့်အလမ်းမရှိပါ။
ထို PRE ရရှိထားသော ဒုက္ခသည်များမှာ ပို၍ ဟိုမရောက်ဒီမရောက်ဖြစ်နေကြရသည်။ ထိုသူတို့သည် တစ်ဝက်တစ်ပျက် ဒုက္ခသည်စာရင်း ဝင်နေသဖြင့် တတိယနိုင်ငံသို့ သွားရောက်ရေး မျှော်လင့်ချက်များ ရှိနေကြပါသည်။ PRE မရှိသေးသော ဒုက္ခသည်များသည်လည်း သူ့ဒုက္ခနှင့် သူရှိနေကြပါသည်။ အဆိုးဆုံးကား UNHCR နှင့် ထိုင်းအစိုးရမှ အနာဂတ်တွင် မှတ်ပုံတင်ပေးမှုရှိမရှိဆိုသည်ကို တိကျသော အဖြေကို မပေးခြင်းဖြစ်သည်။ အကယ်၍ ဒုက္ခသည်မှတ်ပုံတင်မပေးနိုင်ဟု ပြောဆိုလိုက်လျှင် ထိုသူတို့သည် စခန်းများမှ ထွက်ခွာကာ အလုပ်ခွင်သို့ ဝင်နိုင်ပြီး ဘဝသစ်ကို အနှေးနှင့် အမြန်စတင်ပေးရန် အခြေအနေမျိုးကို ဖန်တီးပေးနိုင်ပါသည်။ ဒုက္ခသည်မှတ်ပုံတင် ပြုလုပ် ပေးမည်ဟု ပြောဆိုလိုက်လျှင်လည်း အကျိုးရှိစွာနှင့် စိတ်ရှည်ရှည်စောင့်ဆိုင်းနိုင်ပေမည်။ ယခုဖြစ်ပျက်နေသည်ကား တစ်စုံတစ်ရာ အဖြေ တိတိကျကျ မရှိရှိသောကြောင့် ဒုက္ခ သည်ဘဝများ နစ်နာလှပါသည်။
ထိုကဲ့သို့ အဖြေမပေးခြင်းနှင့် ပတ်သက်၍လည်း သံသယများစွာကို ပွားများစေပါသည်။ မဲဆောက်ရှိ NGO တော်တော်များများသည် ဒုက္ခ သည်များကို အခြေပြု၍ တည်ထောင်နေကြခြင်းဖြစ်သည်။ ထိုဝန်ထမ်းများသည် ဒုက္ခသည်လူဦးရေနည်းပါးပါက ဝင်ငွေလျော့နည်းမည် ဖြစ်သဖြင့် ဒုက္ခသည်များကို ဆက်လက်ရှိစေလိုသည့် သဘောများဖြစ်နေသလားဟု ထင်စရာ ဖြစ်နေပါသည်။ (ရိုင်းရိုင်းဆိုရလျှင် မျောက်ပြပြီး ဆန်တောင်းသလိုဖြစ်နေပါသည်။) သို့သော် ဒုက္ခသည်များသည် မျောက်မဟုတ်ပါ။ လူဖြစ်ပါသည်။ လူဖြစ်သည့်အလျောက် လူ့အခွင့်အရေးရှိသင့်ပါသည်။
လူ့အခွင့်အရေးမဆိုထားနှင့် လူသားမျှော်လင့်ချက်တော့ ရှိသင့်ပါသည်။ ယခုကား မျှော်လင့်ချက်လည်းမရှိ၊ အနာဂတ်ကလည်း မရေမရာ ဖြစ်နေပါသည်။ (၂၀၀၅)ခုနှစ် ကိန်းဂဏန်းအရ ဒုက္ခသည်ဦးရေမှာ စုစုပေါင်း တစ်သိန်းခွဲနီးပါးရှိနေပါသည်။ ထိုနောက်ပိုင်း တနှစ် တစ်သောင်းကျော်နှုန်းခန့် တတိယနိုင်ငံသို့ အခြေချနေထိုင်လျက်ရှိနေရာ (၁)သိန်းနီးပါးခန့် တတိယနိုင်ငံသို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။ သို့သော် ယခု ဒုက္ခသည်လူဦးရေမှာ တစ်သိန်းခွဲပင် ရှိနေရာ UNHCR နှင့် ထိုင်းအစိုးရတို့မှ ပေါင်း၍ လုပ်စားနေသည်ဟုပင် ထင်စရာ ရှိနေပါသည်။
ယခုအခါ မြန်မာ့နိုင်ငံရေးသည်လည်း ပြောင်းလဲနေပါသည်။ တိုင်းရင်းသားတော်တော်များများနှင့်လည်း ငြိမ်းချမ်းရေးကို လုပ်ကိုင်လျက်ရှိ နေပါသည်။ အချို့ဒုက္ခသည်များမှာ စစ်ပြေးဒုက္ခသည်များမဟုတ်ကြသဖြင့် UNHCR နှင့် ထိုင်းတို့မှ အဖြေတစ်ခုခုပေးလျှင် (ဒုက္ခသည် မှတ်ပုံတင်ပေး၊ မတင်ပေး) ထိုသူများသည် ကိုယ့်ဆန္ဒအလျောက် ပြန်နိုင်သည့် အခြေအနေများ ရှိနေပါသည်။ ထို့ကြောင့် မိမိတို့ အဖွဲ့အ စည်း၊ မိမိတို့အကျိုးအတွက် ဒုက္ခသည်များကို အသုံးချရန် မသင့်တော်တော့ပါ။ အဖြေတစ်ခုခုပေးရန် ကောင်းနေပြီဖြစ်ကြောင်း ဒုက္ခသည် တစ်ဦးအနေဖြင့် မေတ္တာရပ်ခံလိုက်ပါသည်။
ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်တစ်ဦး
အကာအကွယ်မဲ့နေသော မြဝတီမြို့ ရွှေမြန်မာမော်တော်ယာဉ်အသင်း
(မြဝတီသားလေး)
လွန်ခဲ့သော မြန်မာ နှစ်ဆန်း(၂)ရက်နေ့ (၁၈-၄-၂၀၁၂)ရက်နေ့မှစကာ မြဝတီ-မဲဆောက် သွားလာနေသော ရွှေမြန်မာမော်တော်ယဉ်နှင့် ကလို့ထူးဘော မော်တော်ယဉ်များကို မဲဆောက်မြို့အတွင်းမလာရန် မဲဆောက်မော်တော်ယဉ်အဖွဲ့မှ လိုက်လံ တားမြစ်ပိတ်ပင်လိုက်ပါ သည်။
မြဝတီက သွားသော မော်တော်ကားများကို မဲဆောက်မြို့အတွင်း မရပ်နားရန် မဲဆောက်ကားသမားများက အုပ်စုဖွဲ့၍ ဓါး၊ တုတ် နှင့် လက်နက်များ ကိုင်ဆောင်ကာ မြန်မာမော်တော်ယာဉ်များကို ခြိမ်းခြောက်လျှက်ရှိနေပါသည်။ (၂၀-၄-၂၀၁၂)ရက်နေ့ကပင် မဲ ဆောက်မြို့အတွင်း ထိုင်းနှင့် မြန်မာယာဉ်မောင်းများ အခြေအတင် ပြဿနာဖြစ်ကာ ဓါးထောက်ခြင်းမှစကာ ရိုက်ပွဲများ ဖြစ်ခဲ့ပါသည်။
ယင်းသို့ မြဝတီမှ မော်တော်ယာဉ်များ မဲဆောက်ဖက် သွားရောက်ခြင်းကို မဲဆောက်ကားသမားများအဖွဲ့က စော်ကားမောင်းထုတ်နေ သော်လည်း မဲဆောက်ဖက်မှ ကုန်ကားများသည် ချစ်ကြည်ရေးတံတားကျော်လွန်ကာ ကုန်သွယ်ရေးဇုန်အထိ ကားကြီးကားငယ် ကုန် ပစ္စည်းများ ပို့ဆောင်သွားလာနေသူကို ဘယ်သူမှ မလာနဲ့လို့ ပြောမည့်သူမရှိ ဖြစ်နေသလို ချစ်ကြည်ရေးတံတားမှ တာဝန်ကျနေသူတွေ က ခွင့်ပြု လွှတ်ပေးနေလျှက်ရှိပါသည်။
တာဝန်ကျနေသော ဝန်ထမ်းများအနေဖြင့် ကိုယ်နှင့်မဆိုင်သော်ငြားလည်း ထိုင်းလူမျိုးများက မြန်မာလူမျိုးများကို စော်ကားနေသည်ကို လစ်လျှူမရှုသင့်ဘူးလို ့ ထင်ပါသည်။ တိုင်းပြည်နဲ့လူမျိုးကို ချစ်သည့်စိတ်ဟာ ဝန်ထမ်းတွေမှာ ပို၍ပင် ပြင်းပြမည်ဟု ထင်ပါသည်။ သာမန် မြဝတီပြည်သူတစ်ဦးအနေဖြင့် မြန်မာဖက်က မော်တော်ကားသမားများကို စော်ကား အနိုင်ကျင့်နေတာကို မခံမရပ်နိုင်ဖြစ်နေသော်လည်း ချစ်ကြည်ရေးတံတားမှာ နေ့စဉ် တာဝန်ကျဝန်ထမ်းတွေဟာ မသိဟန်ဆောင်နေတာ တွေ့ရ၍ အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းလှပါ သည်။
၂၀၀၈-ခုနှစ်က ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ပါသည်။ မြန်မာအာဏာပိုင်မှ မြန်မာကားတွေ ထိုင်းဖက်လာတာမကြိုက်ရင် ထိုင်းဖက်က ကားတွေ မြန်မာဖက်မလာနဲ့ ပိတ်တယ်ဆိုပြီး ပြတ်ပြတ်သားသား လုပ်လိုက်တဲ့အတွက် ထိုင်းအကျိုးစီးပွား အလွန်ထိခိုက်မည့်ဖြစ်လို့ ထိုင်းနယ်ခြား ကော်မတီကနေ ပြန်လည်ညှိနှိုင်း အောက်ကျို့ခံခဲ့ရပါသည်။
ယခုတော့ မြန်မာဖက်က မော်တော်ကားသမားတွေဟာ အကာအကွယ်မဲ့ နေရတဲ့အတွက် စိတ်မကောင်းဖြစ်မိသလို ထိုင်းဖက်က နိုင်ထက်စီးနင်းစော်ကားနေတာ တွေ့ရလို ့မခံမရပ်နိုင်ဖြစ်မိပါသည်။ ကြာလျှင် (၂)နိုင်ငံ ချစ်ကြည်ရေးဆိုတာလည်း အမှိုက်ကစ ပြဿာဒ်အထိ မီးလောင်လာနိုင်ပါသည်။ မြဝတီမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေ ဘာ လုပ်နေလည်း သတ္တိနည်းနေပြီးလား။ ပါးစပ်အဆင်ပြေဖို့ တစ်ခုတည်း မကြည့်ပါနဲ့။ ပြည်သူကို ပြတ်ပြတ်သားသား ကာကွယ်ပေးပါလို့ တိုက်တွန်းလိုပါသည်။







