စောထွန်းလင်း (ဩဂုတ် ၂၆၊ ၂၀၂၀)
“ ကဗျာ…
လေမခတ်ဘဲ တံခါးချပ်လေး လှုပ်လို့
ကာရန် ပါပါ မပါပါ
အသံ သာသာ မသာသာ
မင်းလာသွားတယ် မဟုတ်လားကွာ….”
အထက်ပါ ကဗျာစာစုလေးကို ၂၀၁၅ နိုဝင်ဘာတွင် ကောက်သစ်ဦး စာပေအင်အားစုက ထုတ်ဝေသည့် ကရင်တွေ ရေးတဲ့ ကဗျာများ(11×3) စာအုပ်တွင် ကဗျာဆရာတဦး ဖြစ်သူ ဆရာမုန်းအောင်က ရိုးရိုးရှင်းရှင်း ရေးဖွဲ့ထားသည်။
ဆရာမုန်းအောင်၏ ကလောင်ကို ကရင်စာပေအသိုင်းအဝိုင်းတွင် ခင်မင်ရင်းနှီးသူများသော်လည်း အခြား တဖက်တွင်မူ သူကို ကဗျာဆရာ တဦးထက် လွှတ်တော်အမတ်တဦးအဖြစ် သိသူ ပိုများသည်။ သူသည် လက်ရှိ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ကာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသား၊ လူမျိုးများ အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ စောသူရအောင်အဖြစ်သာ လူသိပိုများသည်။
ယခုလို အမတ်တဦးလည်း ဖြစ်သလို ကဗျာဆရာတဦးလည်းဖြစ်ခြင်းသည် သူ့အတွက် ကွာခြားမှု ကြီးကြီးမားမား မရှိဟု ဆရာမုန်းအောင်က ပြောပြသည်။ အဘယ်ကြောင့်ဆိုသော် ကဗျာရေးရာတွင် နိုင်ငံရေးခံယူချက်ရှိရမည်ဟု သူကဆိုသည်။ ဥပဒေပြုရေးအပိုင်း အဓိကလုပ်ဆောင်ရသည့်အတွက် ဥပဒေများသည် တိတိကျကျ ရေးရသည့် သဘောရှိကာ ကဗျာကမူ အနက်အမျိုးမျိုးထွက်သည့် သဘောဆောင်သည့်အတွက် ပိုလွတ်လပ်သည်ဟု သူကဆိုသည်။
“တခုတော့ ရှိတယ်ဗျာ၊ ကဗျာဆရာ လောက်တော့ နိုင်ငံရေး သမားဘဝက မလွတ်လပ်ဘူးပေါ့ဗျာ” ဟု သူ က ကေအိုင်စီသို့ ရင်ဖွင့် ပြောသည်။
အခြားတဖက်တွင်မူ ငယ်စဉ် အချိန်က ဖြစ်ခဲ့သည့် ပိုလီယိုရောဂါကြောင့် ခြေထောက်တစ်ဖက်မသန်စွမ်း ဖြစ်ကာ ထောဂျိုင်းထောက် အားကိုးဖြင့် သွားလာလှုပ်ရှားရပြီး မသန်စွမ်း လွှတ်တော်အမတ်တဦး အဖြစ် လူသိများသလို မသန်စွမ်း အသိုင်းအဝိုင်းတွင် သူ့ကို စံနမူနာထားရသူတဦးအဖြစ် မြင်တွေ့ရသည်။
“ ကျနော် ၁၁ လ လောက်ထိ လမ်းလျှောက်သေးတယ်လို့ မိဘတွေက ပြောတယ်၊ တစ်နှစ်ခွဲ နောက်ပိုင်း ပိုလီယို ဖြစ်တော့ ဆေးရုံနဲ့ အိမ်သွားလိုက် ပြန်လိုက်ပဲ နောက်ဆုံးတော့ အခုလို ခြေထောက် တစ်ဖက်မသန်တော့ဘူး” ဟု ဆရာမုန်းအောင် ပြောပြသည်။
စောသူရအောင် (ခ) ဆရာမုန်းအောင်ကို ၁၉၇၅ ခုနှစ်တွင် ပဲခူးတိုင်း အနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ငါးရှဥ့် ရိုးကျေးရွာ အုပ်စု၊ ကျောင်းစုရွာ၌ မွေးဖွားခဲ့သည်။ သူ့ဖခင်သည် မူလတန်းကျောင်းအုပ် ဆရာတဦးဖြစ်ကာ မိခင် ဖြစ်သူသည် ကျေးရွာ ထွေအုပ်စာရေး တဦးဖြစ်သည်။ သူသည် မွေးချင်း ငါးယောက်တွင် အကြီးဆုံး ဖြစ်သည်။
ငါးရှဉ့်ရိုးကျေးရွာ မူလတန်းကျောင်းတွင် ကျောင်းစတက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အထက အုတ်ဖိုမှ ဆယ်တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။ ၂၀၀ဝ ပြည့်နှစ်တွင် အဝေးသင် တက္ကသိုလ် ပြည်ဌာနခွဲမှ ရူပဗေဒ အထူးပြု ဘွဲ့ရခဲ့သည်။
သူသည် ၁၉၈၇ ခုနှစ် ငွေစက္ကူ အရေးအခင်း ဖြစ်ပြီးနောက် ကျောင်းများပိတ်ထားစဉ် ဆရာကြီးမင်းသုဝဏ်၏ “ ကဗျာရေးချင် စာစပ်သင်” စာအုပ်ကို ဖတ်မိရာမှ တစ်ဆင့် ကဗျာစရေး ဖြစ်သွားသည်။ ၁၉၉၁ ခုနှစ် မတ် လတွင် ပညာတန်ဆောင် မဂ္ဂဇင်း၌ ဖော်ပြခံရသည့် “ ရွှေတနေ့ ငွေတနေ့” ကဗျာသည်သူ၏ ပထမဦး ဆုံး သော ပုံနှိပ်စာမူ ဖြစ်ခဲ့သည်။
ဘွဲ့ရပြီးနောက် ကျူရှင်ဆရာအဖြစ်ရပ်တည်ခဲ့သလို တွဲဖက်အထက်တန်းကျောင်းနှင့် ပညာဒါန ကျောင်း များတွင် သင်ကြားခဲ့ကာ ကျူရှင်ဆရာဘဝကို နိုင်ငံရေးလောကသို့ မဝင်ရောက်မီ ၁၃ နှစ်ခန့် လုပ်ကိုင်ခဲ့သေးသည်။
“ အဓိက သင်တာက ရူပဗေဒပါ၊ ဒါပေမဲ့ ကျနော်က တဦးချင်းကိုက်လည်း သင်တယ်ဆိုတော့ ဘာသာစုံ သင်ပေး ခဲ့ရတာပါပဲ” ဟု ကျူရှင် ဆရာဘဝ ဖြတ်သန်းပုံကို ပြောပြသည်။
ထိုသို့ကျူရှင်သင်ရင်း အခြားတဖက်တွင် ကဗျာရေးကာ ကဗျာရွတ်ဖတ်ရန်အတွက် သံစဉ်ရှာရင်း ဂီတပိုင်းကို ၁ဝ နှစ်လောက် လေ့လာခဲ့ပြီး ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ဖျော်ဖြေပွဲများတွင် စင်ပေါ်တက် တီးခဲ့ဖူးသော်လည်း မထွန်းပေါက်ခဲ့ဟု သူက ဆိုသည်။
ယခုလို ဘဝ ဖြတ်သန်းနေရင်း ၂၀၁၂ ခုနှစ်တွင် NLD ပါတီ တရားဝင် ပြန်မှတ်ပုံတင်သောအခါ ပါတီ တွင်းသို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီက ကိုယ်စားလှယ်လောင်း လျှောက်လွှာ ခေါ်သောအခါ လျှောက်လွှာတင်ခဲ့ပြီး သူအရွေးခံရပြီးနောက် လွှတ်တော်အမတ်တဦး ဖြစ်လာခဲ့သည်။
ထိုနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသား၊ လူမျိုးများအခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေး မှူး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ အလုပ်သမားရေးရာကော်မတီမှာ အဖွဲ့ဝင်အနေနဲ့ တစ်နှစ်ခွဲလောက် တာဝန်ယူခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ အဖြစ်တာဝန်ပေးခြင်းခံရသည်ဟု လက်ရှိ တာဝန် ထမ်းဆောင်နေပုံကို သူကရှင်းပြသည်။
“ နိုင်ငံရေးလောကမှာ ဘယ်လောက်ကြားဦးမလဲဆိုတာတော့ မပြောတတ်သေးဘူးဗျာ၊ နေ့စဉ် ဖိအားက ရှိနေ တယ်၊ စိတ်ဖိအားရှိတယ်၊ ကျနော် ဒီတခါတောင် ပြန်မလျှောက်တော့ဘူးလို့စဉ်စားထားတာ လုပ်ငန်းအတွေ့ အကြုံအရရယ်၊ ပါတီ နဲ့ပြည်သူလူထုရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်ထမ်းဆောင်သင့်တယ်လို့ယုံကြည်လို့ ပြန်လျှောက်တယ်၊ ဘာလို့လဲ ဆိုတော့ လွှတ်တော်လုပ်ငန်း နားလည်ဖို့ အသားကျဖို့က အနည်းဆုံး ၂ နှစ်လောက် ရုန်းကန်ခဲ့ရတယ်၊ အသားကျဖို့ ကလေ” ဟု သူက ဖွင့်ဟသည်။
မသန်စွမ်း အမတ်တဦး ဖြစ်သည်နှင့်အညီ မသန်စွမ်း အခွင့်အရေးများကို ဟောပြောခြင်း၊ လူမှုဝန်ထမ်းက ပေး အပ်သည့် မသန်စွမ်းထောက်ပံ့ကြေးများ ရအောင်စီစဉ်ပေးခြင်း၊ မသန်စွမ်း အဖွဲ့အစည်းအသီးသီးက ပြုလုပ် သည့် အခမ်းအနားများ၊ စင်မီနာများ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်းများကို အခါအားလျော်စွာ ပြုလုပ်ခဲ့သည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီးတွင် မသန်စွမ်းအရေးလုပ်ဆောင်နေသူများက ပဲခူးတိုင်းအရှေ့ခြမ်းရှိ မိုင်းဒဏ်ခံရ သည့် ရွှေကျင်၊ ကျောက်ကြီးဘက်ကိုသာ အားပြုလုပ်ဆောင်လေ့ရှိကာ သူ့အနေဖြင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ မသန်စွမ်းများ အခွင့်အရေး ရရှိအောင်တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးရသည်များရှိသည်ဟု သူကဆိုသည်။
တိုင်းရင်းသား၊ လူမျိုးရေးရာကော်မတီ ဥက္ကဋ္ဌ တဦးဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီးရှိ တိုင်းရင်းသားအားလုံးနှင့်ဆိုင်သည့် ကိစ္စရပ်များကို လုပ်ဆောင်ပေးရကာ အများစုသည် ဖွံ့ဖြိုးရေးအပိုင်း နောက်ကျသည့် အခြေအနေကို တွေ့ရသည်ဟု သူကဆိုသည်။
ထို့အပြင် ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကရင်များအနေဖြင့် ကရင်စာ၊ ကရင်စကားကိုအလွယ်တကူ ပြောတတ်နေသော်လည်း ပဲခူးတိုင်းအနောက်ခြမ်းရှိ ကရင်များကမူ စာ၊ စကားပိုင်း အားနည်းသွားသည်များရှိ ကြောင်း၊ ထို့အတွက် သူတို့ကို ပစ်ပယ်သည့် ပုံစံမျိုး သဘောမထားရန် ကဗျာတစ်ပုဒ်ရေးကာ ရင်ဖွင့်ပြသည်။
တို့တတွေ
တို့အရပ်က လူတွေဟာ
တို့ဇာတ်ကို မနိုင့်တနိုင် ကနေရတာ ကြာပြီပဲ။
ဗမာထဲ သွားရင်
မြင်ရုံနဲ့ ကရင်မှန်းသိ
ဥပဓိ ရှိကြသူတွေပေါ့။
ကရင်ထဲ သွားရင်
လျှာဖြတ်ခံထားရတဲ့အလား
အပါး အမိုးကလွဲ
ကိုယ့် ဆဲလို့ အဆဲခံရမှန်းမသိအောင်
အောက်ကျ နောက်ကျ။
တို့တစ်တွေဟာ
ရိုးရာဓလေ့တွေ မြတ်နိုး
သစ် သူခိုးတွေ မဟုတ်ကြဘူးကွယ်။
….
လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် အုတ်ဖိုမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးမဲဆန္ဒနယ်တွင် ပြန်အရွေးခံရန် NLD က သူ့ကို ရွေးချယ်ထားပြီးဖြစ်သည့်အတွက် ရွေးကောက်ပွဲတွင်အနိုင်ရပါက တတ်စွမ်းသလောက် ဒေသဖွံ့ဖြိုးရေး၊ မသန်စွမ်းအရေးတို့ကို ဆက်လုပ်သွားရန် သူအားခဲထားသည်။ လွှတ်တော် အမတ်တဦး အနေဖြင့် တချိန်ချိန်တွင် အနားယူရန် ရှိသော်လည်း နိုင်ငံရေးကိုမူ လူသားတဦးအနေ ဖြင့် ပြီးဆုံးသည့်သဘောမရှိဟု သူက ယခုလို ပြောသည်။
“ လူတယောက်အနေနဲ့တော့ နိုင်ငံရေးက ပြီးသွားတယ်မရှိဘူး၊ လွှတ်တော်နိုင်ငံရေးအနေနဲ့ကတော့ အချိန်တန်ရင် ကိုယ်လည်း အလှည့်ပေးရမှာပဲလေ” ဟု သူက ရှင်းပြသည်။
အခြားတဖက်တွင်မူ အမတ်အဖြစ်မှ အနားယူ ပြီးနောက် ကဗျာဆရာဘဝဖြင့် အေးအေးလူလူ ဖြတ်သန်းသွားရန် ဆန္ဒရှိပြီး၊ ကဗျာနှင့်ပတ်သက်၍ တစ်ဦးတည်း ကဗျာစာအုပ်ထုတ်ခြင်း၊ ဘာသာပြန် ကဗျာလေးများ ရေးခြင်းနှင့် စာအုပ်ထုတ်ခြင်းများ ပြုလုပ်သွားရန် စဉ်းစားထားသည်ဟု ဆရာမုန်းအောင်က ဆိုသည်။
ကဗျာသည် “ လေမခတ်ဘဲ တံခါးချပ်လေး လှုပ်လို့၊ ကာရန် ပါပါ မပါပါ၊ အသံ သာသာ မသာသာ၊ မင်းလာသွားတယ် မဟုတ်လားကွာ….” ဆိုသည်အတိုင်း သူ့ထံအမြဲ လာနေမည်သာ ဖြစ်ပေသည်။
—-
စောထွန်းလင်း