ဇွန်လ ၂၄ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရအခြေခံပညာကျောင်းများတွင် ကရင်စာသင်ကြားနေသည့် နေ့စား လ ပေး (Teacher Assistant) ဆရာ၊ ဆရာမ ၆၁ ဦး မူလတန်းပြ ဆရာအတတ်သင်တန်းသို့ တက်ရောက်ခွင့် ရရှိထားသည်ဟု တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး မန်းသန်းဝင်းဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကရင်စာသင်နေတဲ့ TA ဆရာ၊ ဆရာမ ၆၁ ယောက် သင်တန်း တက်ခွင့်ရတယ်။ မူလတန်းပြ ဆရာအတတ်သင် စာပေးစာယူ သင်တန်းကိုပါ။ ဘွဲ့ရတွေကို အရင်စခေါ်တာ။ သင်တန်းပြီးသွားရင် မူလတန်းပြဖြစ်ပြီး၊ အကြောင်းကြားစာထဲမှာကိုက အတည်ပြုခန့်ထားနိုင်ရန် အတွက် စာပေးစာယူ သင်တန်းကို တက်ခွင့်ပြုသည်လို့ပါတယ်” ဟု ပြောသည်။
သင်တန်းတက်ရောက်ခွင့် ကရင်စာသင် ဆရာ၊ ဆရာမများမှာ ထန်းတပင်မြို့နယ်မှ ၂၂ ဦး၊ တိုက်ကြီးမြို့နယ်မှ ၁၃ ဦး၊ မှော်ဘီမြို့နယ်မှ ၁ဝ ဦး၊ ကော့မှူး မြို့နယ်မှ ၄ ဦး၊ လှည်းကူး၊ တွံတေး၊ ကွမ်းခြံကုန်းမြို့နယ်တို့မှ ၃ ဦးစီ နှင့် ရွှေပြည်သာမြို့နယ်မှ ၂ ဦးနှင့် အင်းစိန်မြို့နယ်မှ ၁ ဦးစီတို့ ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် ၂၀၁၉-၂ဝ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် မူလတန်းဆရာအတတ်သင်တန်းသို့ တက်ရောက်ရမည် ဖြစ်သည်။
ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အထခွဲ မဲပလီ ကျောင်းတွင် ကရင်စာသင်ကြားနေသည့် ဆရာမ နော်ချယ်ရီမိုးက “ကျမ ၂၀၁၇ ခုနှစ် နိုဝင်ဘာမှ စပြီး TA ဆရာမ စလုပ်ပြီး ကရင်စာသင်ပေးတယ်။ အခု ဒီပညာ သင်နှစ်မှာ ဖွင့်မဲ့ မူလတန်းပြ ဆရာအတတ်သင်တန်း အမှတ်စဉ် ၃၈ တက်ရောက်ခွင့်ရ စာရင်းမှာတော့ ကျမနာ မည်ပါတယ်။ ဘယ်တော့ စတက်ရမယ်ဆိုတာတော့ မသိသေးဘူး။ တိုင်းစာယဉ်ကလည်း အကြောင်း မကြား သေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအခြေခံပညာကျောင်းများတွင် ကရင်စာသင်ဆရာ၊ ဆရာများကို တိုင်း ဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဆိုင်ရာမြို့နယ် ပညာရေးဌာနနှင့် ညှိနှိုင်းပြီး သင်ကြားပေး ရာ အစိုးရက တစ်လလျှင်ကျပ် သုံးသောင်းနှုန်း ချီးမြှင့်ခဲ့သည်။ ထိုနောက် ကရင်စာသင်ဆရာ၊ ဆရာမများကို နေ့စားလပေးဆရာ၊ ဆရာမများအဖြစ် ၂၀၁၇ ခုနှစ်တွင် ခန့်အပ်ခဲ့သလို ယခုမူလတန်းပြအဖြစ် ခန့်အပ်ရန် ယခု လို မူလတန်းပြ ဆရာအတတ်သင်တန်း တက်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။