အောက်တိုဘာ ၂၉ ရက် ၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
အစိုးရ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ (Teaching Assistant) များကို လာမည့် ပညာသင်နှစ်တွင် ဘာသာရပ်သင် မူလတန်းပြဆရာ၊ ဆရာမများအဖြစ် တိုးမြှင့်ခန့်ထားရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ်ဇာမျိုးက ပြောသည်။
ဝန်ကြီးက “ ရှိပြီးသား TA (Teaching Assistant) မူလတန်းပြ ဆရာမအဖြစ် ခွင့်ပြုပေးဖို့ အစီအစဉ် ဆွဲထား တယ်။ မူလတန်းပြ ဆရာဖြစ်သင်တန်း သူတို့ သွားတက်ရမယ်။ တက်ပြီးတော့ မူလတန်းပြဆရာမ ဖြစ်ပြီးတော့ မူလတန်းပြ ဆရာမရဲ့လစာ ရမယ်”ဟု အောက်တိုဘာ တတိယအပတ်အတွင်းက ပြောသည်။
ယခုလို တိုင်းရင်းသား ဘာသာသင် ဆရာ၊ ဆရာမများကို မူလတန်းပြ ဘာသာရပ်သင်ဆရာ၊ ဆရာမများ အဖြစ် အဆင့်တိုးခန့်ထားမည်ဖြစ်သည့်အတွက် လစ်လပ်သွားသည့် နေရာများတွင် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၉-၂ဝ ပညာသင်နှစ် အတွက် TA ဆရာ၊ ဆရာမများအား ထပ်မံ ဖြည့်စွက်ခန့်ထားမည်ဖြစ်သည်။
ထန်းတပင်မြို့နယ် မြောက်လွှတ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကရင်စာသင် ဆရာမ ဖြစ်သူနော်မေဝင်းမောင်က“ တိုင်းရင်းသားဘာသာစကားသင် TA တွေထပ်ခေါ်တော့ လျှောက်ထားတယ်။ အသက်ကန့်သတ်ချက်လေး လျှော့ပေါ့စဉ်းစားရင် ကောင်းမယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိ ခန့်ထားသည့် တိုင်းရင်းသား ဘာသာသင် ဆရာ၊ ဆရာမ (TA) များကို ကျောင်းများတွင် ခွဲခြား ဆက်ဆံမှု၊ ကြုံရာ အလုပ်ခိုင်းစေမှုများမရှိအောင် ပညာရေးဝန်ကြီးဌာနက မြို့နယ် ပညာရေးမှူးများထံ စာပို့ ထားပြီး ကျောင်းများသို့ ကွင်းဆင်းကြည့်ရှုညှိနှိုင်းပေးရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးက ဖြည့်စွက်ပြော သည်။
လာမည့် ၂၀၁၉-၂ဝ ပညာသင်နှစ်အတွက် တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ (TA) များ ထပ်မံခန့်ထား ရန်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လျှောက်ထားသူ ၅၀ဝ ဦးကျော်ရှိကာ ယင်းတို့ထဲမှ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အနိမ့်ဆုံးပညာအရည်အချင်း ကိုးတန်းနှင့် အထက်ရှိသူများကို ပညာရေး ဝန်ကြီးဌာနက ရွေး ချယ်ခန့်ထားမည်ဖြစ်ကြောင်း သိရသည်။