Home သတင်း ကရင်လူငယ်ကွန်ဖရင့် ကျင်းပရန် KYO နှစ်ကုန်အစည်းအ‌ဝေးတွင် ဆုံးဖြတ်

ကရင်လူငယ်ကွန်ဖရင့် ကျင်းပရန် KYO နှစ်ကုန်အစည်းအ‌ဝေးတွင် ဆုံးဖြတ်

2100

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောခါးစူးညား

ကရင်လူငယ် မူဝါဒ (Karen Youth Policy)‌ပေါ်ထွန်းလာ‌ရေး ‌ဆွေး‌နွေးရန် ၂၀၁၈ ခုနှစ်အတွင်း ကရင်လူငယ် ကွန်ဖရင့် တစ်ရပ်ကျင်းပရန် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌ကော့က ရိတ်မြို့နယ် ရုံး၌ ဇန်နဝါရီ ၁၅ မှ ၁၈ ရက်‌နေ့အထိ ပြုလုပ်သည့် ကရင်လူငယ်အစည်းအရုံး(KYO)၏ နှစ်ကုန်အစည်းအ‌ဝေးတွင် တက်‌ရောက်သူ ကိုယ်စားလှယ်အားလုံး ဆုံးဖြတ်ခဲ့ကြသည်။

(၅)ကြိမ်‌မြောက် KYO ကွန်ဂရက်ပြီး‌နောက် ပြုလုပ်သည့် ပထမအကြိမ်‌မြောက် ယင်းအစည်းအ‌ဝေးတွင် KYO ၏ ‌ရှေ့လုပ်ငန်းစဉ်အဖြစ် ကရင်လူငယ် ကွန်ဖရင့်တစ်ရပ်ကျင်းပသွား‌ရေး၊ ‌ကော်မူးရာ ကရင်လူငယ် အဖွဲ့အား ‌တွေ့ဆုံသွား‌ရေး၊ ဆက်သွယ်‌ရေးစနစ်များ အား‌ကောင်းလာ‌အောင် စနစ်တကျ ပြင်ဆင် သတ်မှတ်ခြင်း အပါအဝင် ဆုံးဖြတ်ချက် (၁၄)ချက် ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကရင်လူငယ် ကွန်ဖရင့်ကျင်းပသွား‌ရေးနှင့်ပတ်သက်၍ KYO ဥက္ကဌ ‌စောလယ်နယ်က “ကျ‌နော်တို့ လူငယ် ကွန်ဖရင့်ကို ဒီနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာ‌လောက်မှာ လျာထားပါတယ်။ ဒီကွန်ဖရင့်မှာ သက်ဆိုင်တဲ့ ပြည် တွင်း၊ ပြည်ပက ကရင်လူငယ်‌တွေအားလုံး ဖိတ်ကြားပြီး‌တော့ ကရင်လူငယ်မူဝါဒအတွက် အဓိက ‌ဆွေး‌နွေး သွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ကွန်ဖရင့် ကျင်းပသွားရန် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင် (သို့မဟုတ်) ဒူးပလာ ယာခရိုင်တွင် ‌နေရာအတွက် လျာထား‌ကြောင်းနှင့် ကွန်ဖရင့်ဖြစ်‌မြောက်‌ရေးအစီအစဉ်အတွက် ဆက်လက်ညှိနှိုင်း ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

အဆိုပါ နှစ်ကုန်အစည်းအ‌ဝေးတွင် KYO ဗဟို ဥက္ကဌ အပါအဝင် ကိုယ်စားလှယ်များ၊ ‌ကေအဲန်ယူ ခရိုင် ၇ခုဖြစ်သည့် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံတို့မှ KYO ကိုယ်စားလှယ်များနှင့် ကရင်ဒုက္ခသည်စခန်းများဖြစ်သည့် အုန်းဖျန်၊ မယ်ရာမို၊ မယ်လအူးတို့မှ KYO ကိုယ်စားလှယ်များ စုစု‌ပေါင်း ၇ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

အစည်းအ‌ဝေးတက်‌ရောက်သည့် ဒူးပလာယာခရိုင် KYO အတွင်း‌ရေးမှူး စယိုရှီးက “ကျ‌နော်တို့ လုပ်‌ဆောင်‌နေတဲ့ လုပ်ငန်း‌တွေထဲမှာ အားနည်းချက်၊ အားသာချက်‌တွေကို အစည်းအ‌ဝေးမှာ ‌ဆွေး‌နွေးတာ‌ပေါ့။ ‌ဆွေး‌နွေးပြီး ရလာတဲ့ ရလဒ်အ‌ပေါ် ‌ရှေ့ဆက်လုပ်ငန်းအတွက် အများကြီး အ‌ထောက် အကူပြုတာကို ‌တွေ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လူငယ်အစည်းအရုံး(KYO) ဗဟိုမှ ဦးစီးကျင်းပသည့် ယခုအစည်းအ‌ဝေးသည် (၅)ကြိမ်‌မြောက် KYO ကွန်ဂရက်ပြီး‌နောက် ပြုလုပ်သည့် ပထမအကြိမ်‌မြောက် အစည်းအ‌ဝေးဖြစ်သလို ယခုနှစ်အတွင်း ၎င်းတို့ ပြုလုပ်သွားမည့် ကရင်လူငယ်ကွန်ဖရင့်သည် ၂၀၁၄ ခုနှစ်က ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင် ‌လော်ခီးလာ(‌လေးဝါး)တွင် ပြုလုပ်ခဲ့ပြီဖြစ်‌ကြောင်း သိရသည်။

KYO သည် ၁၉၄၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး အချင်းချင်းအကြား သ‌ဘောထားကွဲသဖြင့် နှစ်အနည်းငယ် လှုပ်ရှားမှုများ ရပ်တန့်ကာ ၁၉၈၉ ခုနှစ်၊ ‌မေလ ၂၃ရက်‌နေ့၌ ‌ကေအဲန်ယူ ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။