နိုဝင်ဘာ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခွင့်ကောင်းယူ၍ ကရင်ပြည်နယ်၊ တနသင်္ာရီနှင့် ပဲခူးတိုင်းဒေသကြီး တို့ တွင် အကြီးစားသဘာဝ သယံဇာတထုတ်ယူခြင်းများ၊ ဧကပေါင်းသောင်း/သိန်းချီသော သီးနှံစိုက်ပျိုးမှုများ၊ အကြီးစား အ ခြေခံ အဆောက်အအုံများ စသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်သူများအတွက် ကြီးမားသော လူမှုရေးဆိုုင်ရာ သက် ရောက်မှုနှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးမှုများ ဖြစ်ပေါ်စေသည်ဟု ကရင်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံ ခရိုင်၊ လော်ခီးလာ(လေးဝါးစခန်း)၌ နိုဝင်ဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသည့် ကေအဲန်ယူအပါအဝင် ဒေသခံ ပြည်သူလူထုနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း ၅၃ဖွဲ့မှ ကိုယ်စားလှယ် ၃၇၃ ဦး တက်ရောက်ခဲ့သော ကော်သူးလေမြေယာနှီးနှောဖလှယ်ပွဲအပြီးတွင် ထိုသို့ ကြေညာချက် ထုတ်ပြန်၍ ပြောဆို လိုက်ခြင်းဖြစ်သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ၏ ပြောရေးဆိုခွင့်ရှိသူ နော်ခူးခူဂျူးက “အပစ်မရပ်ခင်တုန်းက ဒီဒေသ (ကေအဲန်ယူထိန်းချုပ်နယ် မြေ)၊ အုပ်ချုပ်မှုနယ်မြေထိစပ်နေတဲ့ နေရာတွေဟာ ဝင်လို့ မရတဲ့နေရာတွေ၊ ခုဆို ဝင်ရောက်လို့ရတော့ ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာတယ်။ ဥပမာ- မြဝတီ၊ ကော့ကရိတ် အာရှလမ်းမကြီး ဆိုရင် လမ်းဖောက်လုပ်တုန်းက ဒေသခံတွေရဲ့ လယ်၊ မြေတွေ ပါသွားတယ်။ ဒါကို တာဝန်ယူမှု မရှိတော့ ဌာနေတိုင်းရင်းသားတွေအတွက် နစ်နာမှုတွေ ဖြစ်စေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာအစိုးရမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများသည် ၎င်းတို့၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာဝင်ရောက်ချဲ့ထွင်မှုများ ဖြစ်ပြီး ဒေသခံပြည်သူများ၏ ဘဝ၊ အသက်မွေးဝမ်းကျောင်း၊ ယဉ်ကျေးမှု၊ လူ့ဂုဏ်သိက္ခာတို့အတွက် မှီခိုရာ မြေယာ၊ ရေ၊ သားငါး၊ သစ်တော၊ စားကျက်မြေ အစရှိသည်တို့ကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း ယင်းနှီးနှောဖလှယ်ပွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သူ ဘိတ်၊ ထားဝယ်ခရိုင်မှ ကိုယ်စားလှယ် စောခူးကလည်း “ကျနော်တို့ တသင်္ာရီမှာ ဆိုရင် အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာအစိုးရဘက်က အစီအစဉ်ကြီးကြီးမားမားရှိတယ်။ အကြီးစား စီးပွားရေးစီမံကိန်း ဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း (အထူးစီးပွားရေးဇုန်)၊ ရေကာတာနဲ့ လမ်းမကြီးတွေကို လုပ်ဆောင် တယ်။ အဲဒီ လုပ်ငန်းသုံးခုထဲမှာ ကျနော်တို့ နယ်မြေကတော့ လမ်းမကြီး ဖောက်လုပ်တဲ့အထဲမှာ ပါဝင်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကေအဲန်ယူနှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်လုပ်ဆောင်ခဲ့သည့် ၂ဝ၁၂ နောက်ပိုင်းမှစတင်ကာ အစိုးရမှ ငွေရှင်၊ ကြေးရှင်များကို မြေယာ အမြောက်အများပေးသောကြောင့် ၁၉၉၇ ခုနှစ်က ဘိတ်ထားဝယ်၊ တိုက်ပွဲပဋိပက္ခများအား ထွက်ပြေး တိမ်းရှောင်သွားကြသော ဒုက္ခသည်များပင် သူတို့နယ်မြေထဲကို ပြန်လည်အခြေချနေထိုင်နိုင်ရန် အာမခံချက် မရှိတော့ကြောင်း စောခူးက ဆက်ပြောသည်။
ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ရက်- KESAN၏ ဒါရိုက်တာ ပေါလ်စိန်ထွားကလည်း လက်ရှိဖြစ်ပွား သော မြေယာပြဿနာကိစ္စတွင် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများအား ကေအဲန်ယူအနေဖြင့် လက်တွေ့ကျသော ကူညီပံ့ပိုးမှု များပြုလုပ်ရန်၊ အပစ်ရပ်ပြီးနောက်ပိုင်း အဖွဲ့ပေါင်းစုံ ရောနှောအုပ်ချုပ်သော နယ်မြေတွင် ကြားကာလ အစီအစဉ်ဖြစ်သော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ကာ မြေယာ ပြဿနာကို လူ့အခွင့်အရေး၊ ရိုးရာ ဓလေ့ထုံးတမ်းအစဉ် အလာ၊ နယ်မြေဒေသခံ အခွင့်အရေး အပေါ် အခြေခံသော ပေါ်လစီဖြင့် အသုံးပြု လုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ၏ ထုတ်ပြန်ချက်အရ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ မြေယာ အသုံးပြု ခွင့်၊ စီမံခန့်ခွဲခွင့်နှင့် ပိုင်ဆိုင်ခွင့်များကို မြေယာနှင့်မြေယာအသုံးပြုမှုဆိုင်ရာမူဝါဒများ၊ ဥပဒေများနှင့် နည်းဥပဒေများတွင် အသိအမှတ်ပြု ပြဌာန်း ကျင့်သုံးရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
၎င်းအပြင် ကော်သူးလေမြေယာမူဝါဒနှင့် ဌာနေတိုင်းရင်းသားတို့၏ မြေယာအသုံးပြုမှုှနှင့် စီမံခန့်ခွဲမှုကို ဆန့်ကျင်နေသည့် မြန်မာအစိုးရ၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေအား ဖျက်သိမ်းပေးရန် နှင့် KNU တွင် ဒေသခံ ပြည်သူများနှင့် တိုင်ပင်ဆွေးနွေးဖော်ဆောင်ထားသည့် ပြည်သူများလက်ခံထားသော ကော်သူးလေမြေယာ မူဝါဒနှင့် မြေယာစီမံခန့်ခွဲမှု စနစ်အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ၎င်းမြေယာနှီးနှောဖလှယ်ပွဲမှ တိုက်တွန်းထားသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒေသခံပြည်သူလူထုနှင့် အရပ်ဖက်လူမှုအဖွဲ့များ ပါဝင်ကာ သုံးရက်တာ ကျင်းပသည့် ကော်သူးလေမြေယာနှီးနှောဖလှယ်ပွဲတွင် ပြည်သူလူထုမှရင်ဆိုင်နေရသော မြေယာပြဿနာ နှင့်စိန်ခေါ်မှု များ၊ ကော်သူးလေမြေယာမူဝါဒ၊ မြေယာစီမံခန့်ခွဲမှုများနှင့် မြေယာပြဿနာ ဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။