မေ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ စောသိန်းမြင့်
လာမည့် မေလ ၂၄ရက်နေ့တွင် ကျင်းပရန် စီစဉ်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးစုံ မပါဝင်နိုင်ပါက အဓိပ္ပာယ်ပြည့်ဝပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် တစ်နိုင်ငံလုံး ငြိမ်း ချမ်းရေးအတွက် အဖြေမရနိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ဒုတိယဥက္ကဌဖြစ်သူ နိုင်ဟံသာက ယမန်နေ့ (မေ ၁၇ရက်)တွင် ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဒုတိယပင်လုံဆိုတဲ့ ကိစ္စလေ။ ဒို့ဘက်က မြင်တာကတော့ တိုင်းရင်းသားလူမျိုးစုံ မပါဝင်ဘူးဆိုရင် ဒါက အဓိပ္ပါယ် မပြည့်ဝဘူးဗျာ။ လိုချင်တဲ့ တစ်နိုင်ငံ အေးချမ်းဖို့နဲ့ တစ်နိုင်ငံလုံး ရေရှည် တည်တံ့ခိုင်မြဲတဲ့ အနေအထားဖြစ်ဖို့ ဆိုတဲ့ဟာကတော့ မလွယ်ဘူးဗျ။ တစ်ပြည်လုံး အပစ်ခတ်ရပ်ရေးတွေ ငြိမ်းချမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ပါဝင်ဖို့ လိုတယ်ဆိုတဲ့ဟာက တစ်ချက်နော်။”ဟု ပြောသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(EAOs)တိုင်းသည် မိမိလူမျိုးကို ကိုယ်စားပြုကြသည့်အတွက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို သက်ဆိုင်ရာ ၎င်းတို့ လူမျိုးကြားထဲတွင် ဆွေးနွေးတိုင်ပင်မှုမရှိသေးဘဲ အဆုံးအဖြတ်ပေးရန် လွယ်ကူမည် မဟုတ်ကြောင်း၊ ယခုလို မပြည့်စုံသေးသည့်ကာလတွင် ညီလာခံကို ကျင်းပရန်သာ အာရုံစိုက်နေမည်ဆိုပါက အဓိပ္ပါယ်မရှိကြောင်း မွန်ပြည်သစ်ပါတီ(NMSP)၏ ဒုတိယဥက္ကဌလည်းဖြစ်၊ UNFC ၏ဒုဥက္ကဌဖြစ်သူ နိုင်ဟံသာက ထောက်ပြ ပြောဆိုသည်။
(UNFC) အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/ SSAA)၊ ရခိုင်အမျိုးသားကောင်စီ(ANC)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လမ်းကြောင်းအတိုင်းသွားရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ဆုံး ဖြတ်ခဲ့ကြသည်ဟု UNFC ဘက်က ပြောသည်။
သို့သော် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသို့ ဆွေးနွေးခွင့်မရှိဘဲ လေ့လာသူအ ဖြစ်သာ ဖိတ်ကြားမည်ဆိုပါက UNFC အနေဖြင့် တက်ရောက်မည့် အလားအလာ မရှိကြောင်း ပြောဆိုထားသလို ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) အနေဖြင့်လည်း ၂၁ရာစုပင်လုံ ညီလာခံကို တက်ရောက်မည်မဟုတ်ကြောင်း မေလ ၁၇ရက်နေ့ က ပြုလုပ်သည့် ၁၃ကြိမ်မြောက် ၎င်းတို့၏ညီလာခံတွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
၂၁ပင်လုံညီလာခံ တက်ရောက်ရန် ပြင်ဆင်နေသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က “KNPP လည်း မတက်ဘူး။ တခြားမြောက်ပိုင်းအဖွဲ့ကလည်း တရားဝင်ဖိတ်မှ တက်မယ်။ တရားဝင်ဖိတ်ဖို့ သဘောထားမရှိဘူး။ အဲဒါ ကြောင့် လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံမှာ တိုင်းပြည်တည်ဆောက်မှုကို တစုံတရာ အကျိုးရှိစေ မယ့် ပြီးပြည့်စုံသော အဖြေရလဒ် မထွက်နိုင်ဘူး။ ဒါပေမဲ့လို့ ကျနော့်အနေနဲ့ ညီနောင်တိုင်းရင်းသား ၈ဖွဲ့အနေနဲ့ အဲဒီ ၂၁ရာစုပင် လုံမှာ အားလုံး လက်ခံနိုင်တဲ့ မူတွေကိုသာ အတည်ပြုဖို့၊ အားလုံး လက်မခံနိုင်တဲ့ မူတွေ၊ ပေါ်လစီတွေ၊ အချက်အလက်တွေကို အတည်မပြုဖို့ အဲလိုတင်ပြဖို့ စိတ်ကူးရှိတယ်။”ဟုု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ခဲ့သည့် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်သည့် နည်းဗျူဟာဖြင့် ဆွေး နွေးပွဲလုပ်ခြင်းသည် တစုံတရာ ဒီမိုကရေစီကို ပေးခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ညီညွတ်မှုအားကိုယူပြီး အပေါင်းလက္ခဏာဆောင်သည့် အသွင်မျိုးကို ကြိုးပမ်းရန်လိုအပ်ပြီး ထိုမှသာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ စစ်မှန်သည့် ဖက်ဒရယ်စုနှင့် နီးစပ်လာနိုင်သည်ဟုမြင်ကြောင်း ခိုင်စိုးနိုင်အောင်က ဆက်ပြောသည်။
ထို့အတူ NCA လက်မှတ်ရေးထိုးထားသည့် EAOs ၈အဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည့် (KNU)ကရင်အမျိုးသားအစည်းအရုံး၏ တွဲ ဘက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းကလည်း မတူညီသည့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းဖြစ်စဉ်အရ တည်ရှိနေကြသည့် တိုင်းရင်းသားအဖွဲ့အစည်းနှင့် ရပ်တည်ချက်များသည် ၂၁ရာစုပင်လုံညီလာခံမှာ ပါဝင်နိုင်ရေးအတွက် အကန့်အသတ်များ ရှိ သော်လည်း အားလုံးလက်ခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေး ကြိုးပမ်းလုပ်ဆောင်ကြရန် လိုအပ်သည် ဟု ပြောသည်။
NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးသည့် UNFC အနေဖြင့် NCA တွင် လက်မှတ်ရေးထိုးနိုင်ရန် ၎င်းတို့တင်ပြ ထားသည့် အချက် ၉ချက်ကို အစိုးရဘက်က မူအရ သဘောတူသည်ဟုဆိုသော်လည်း ဆက်လက်ညှိနှိုင်းသွားရမည်အခြေအ နေတွင်ရှိနေပြီး UNFC ၏ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် အစိုးရငြိမ်းချမ်းရေးကော်မတီ (PC)တို့အကြား ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မတိုင်မီ တွေ့ဆုံဆွေးနွေးသွားရန်ရှိသည်ဟု UNFC ဘက်က ပြော သည်။
UNFC ၏ တင်ပြချက်များတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ၊ တပ်မတော်မှ ဤသဘောတူညီ ချက်ရရှိသည့်နောက် ၂၄နာရီအတွင်း ထုတ်ပြန်ပြီး UNFC အဖွဲ့ဝင်အဖွဲ့အစည်းများက ၄၈နာရီအတွင်း အသီးသီး ထုတ်ပြန်သွား ရန်၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည် ဆောက်သွားရန်တို့ ပါဝင်သည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံး၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေးပါတီကိုယ်စားလှယ်များ ပါဝင်စေပြီး တိုင်း ရင်းသားကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သော ကိုယ်စားလှယ်များကို ၎င်းတို့နှင့် စပ်ဆိုင်သော ကဏ္ဍများတွင် သာ ပါဝင်ရန် ဖော်ပြထားသည်။
ထို့အပြင် ၂၁ပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေ များကို ရေးဆွဲပြဋ္ဌာန်းရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင် အပါအဝင် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်(CoC)နှင့် စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွန်(ToR)နှင့် တပ်နေရာပြန် လည်ချထားရေးတို့ကို ကြိုတင်သဘောညီမှု ရယူရန်လည်း ပါဝင်သည်။
အလားတူ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အများယုံ ကြည်လေးစားသော ပုဂ္ဂိုလ်များ ပါဝင်သည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတစ်ရပ်ကို နှစ်ဖက် သဘောတူလက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့နှင့်အ တူ ဖွဲ့စည်းရန်၊ NCA နှင့် ဤသဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှု ပေါ်ပေါက်လာလျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက် သဘောတူညီသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများ ပါဝင် သော လွတ်လပ်သည့် ဖြန်ဖြေရေး ခံယူရမည်ဟုလည်း ပါရှိသည်။
လက်ရှိ ကျင်းပရန် စီစဉ်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ အစည်းအဝေးသည် အစိုးရနှင့်တပ်မတော် တို့ဘက်က ၎င်းတို့သွားချင်သည့် လမ်းကြောင်းတစ်ခုကို အကောင်အထည်ဖော်နေခြင်းသာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့များအား လုံး မပါဝင်နိုင်သည့်အပေါ် အများ မျှော်လင့်သည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ရလဒ်ကောင်းများ ထွက် ပေါ်လာမည်မဟုတ်ဟုလည်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
ယင်းကိစ္စအပေါ် UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာက “အန်ကယ်ဖြစ်စေချင်တာကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အဓိပ္ပါယ်ရှိရှိနဲ့ အားလုံး ပါဝင်နိုင်ဖို့နဲ့ တဆင့်ချင်း၊ တဆင့်ချင်းမှာ ပြေလည်အောင် ညှိနှိုင်းပြီးတော့ အကောင်းဆုံးလို့ အန်ကယ်မြင်တယ်။”ဟု ပြောဆိုသည်။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC အဖွဲ့အတွင်း NCA လမ်းကြောင်းအတိုင်း သွားမည့်အ ဖွဲ့နှင့် NCA လမ်းကြောင်းကို လက်မခံသည့်အဖွဲ့ရှိသလို UNFC အဖွဲ့ဝင်များဖြစ်ကြသည့် ဝအမျိုးသားအဖွဲ့ချုပ်(WNO)နှင့် ကချင် လွတ်လပ်ရေးအဖွဲ့(KIO)တို့က အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း စာတင်ပြထားမှုများလည်း ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်ကျင်းပခဲ့သည့် ပန်ခမ်းညီ လာခံအပြီးတွင် UWSA ၊ KIO ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ၊ မိုင်းလားအဖွဲ့ NDAA၊ ရက္ခိုင့်တပ်မ တော်(AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့က NCA လမ်းကြောင်းကို လက်မခံဘဲ ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းသစ်တစ် ခုခုကို ဖော်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ စတုတ္ထအကြိမ် ပန်ခမ်းညီလာခံ က ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ၇ဖွဲ့သည် တစ်ဖွဲ့ချင်းစီမဟုတ်ဘဲ ကော်မတီ အဖြစ် တက်ရောက်ရန် အသင့်ရှိကြောင်း မေလ ၁၇ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သေးသည်။
NCA သဘောတူညီချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပပြီး (၆)လအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကျင်းပသွားမည်ဟု ပြောဆိုထားပြီး NCA လက်မှတ်မရေးထိုးကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ဆွေးနွေးခွင့်မရှိဘဲ လေ့လာသူအဖြစ်သာ တက်ခွင့်ရှိမည်ဟု သိရသည်။