ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုသည် ၂၀၁၆ ခုနှစ်အတွင်း သိသိသာသာ မြှင့်တက်လာသည်ဟု လူ့အခွင့် အရေးမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ (ND-Burma)၏ ဖေဖော်ဝါရီ ၈ရက်နေ့က ထုတ်ပြန်သည့် ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယခင် ၂၀၁၅ ခုနှစ် မှတ်တမ်းအရ လူ့အခွင့်အရေးချိုးဖောက်မှု ၈၄ မှုရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်အတွင်း တိုင်းနှင့်ပြည်နယ် ဆယ်ခု ၌ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁၅၄ မှုအထိရှိကာ ယခင်နှစ်ထက် ချိုးဖောက်မှု နှစ်ဆနီးပါ မြှင့်တင်လာသည်ဟု ND-Burma ၏ ပြောခွင့်ရ မမွန်းနေလီက ကေအိုင်စီသို့ ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိကတပ်မတော်ကို အာဏာပေးထားတဲ့ ကိစ္စရပ်တွေအများကြီးရှိသေးတဲ့အတွက် ကြောင့်မို့ တပ်မတော်က ချိုးဖောက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆိုလို့ရှိရင် တာဝန်ယူဖြေရှင်းမဲ့သူမရှိဘူး။ ခံရတဲ့လူ ထုတွေကလည်း တိုင်ကြားမဲ့နေရာမရှိဘူး။ ဒီကိစ္စက ပိုပြီးတော့ ကျူးလွန်ခွင့်အခြေအနေ ဖြစ်နေတယ်”ဟု မမွန်းနေလီက ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှုမြှင့်တက်လာသည့်အပေါ် လက်ရှိ အရပ်သားအစိုးရအနေဖြင့် လူ့အခွင့်အရေးကို ပိုပြီးမြှင့်တင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလှမ်းနိုင်ရန် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် တရားမျှတမှု ကိုရှာဖွေရန်လည်း အရေးကြီးကြောင်း မွန်းနေလီက ဆက်ပြောသည်။
အဆိုပါ ချိုးဖောက်မှုအများစုကို မြန်မာ့တပ်မတော်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ်များမှ ကျူးလွန် ကြပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများမှလည်း ကျူးလွန်မှုများရှိသလို ချိုးဖောက်မှု စုစုပေါင်း၏ ထက်ဝက်ကျော်သည် သျှမ်း(ရှမ်း)ပြည်နယ်တွင် ဖြစ်သည်ဟု ND-Burma က ဆိုသည်။
အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားများတွင် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်း ချုပ် နှောင်မှု များ၊ ပစ္စည်းဥစ္စာ ပို်င်ဆိုင်မှု များကိုသိမ်းယူခြင်း၊ ဖျက်ဆီးခြင်း၊ ပျောက်ဆုံးခြင်း၊ အတင်းအဓမ္မ စေခိုင်းခြင်းနှင့် ရွှေ့ပြောင်း ခြင်း၊ လူကုန်ကူးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ အခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အတင်းအဓမ္မပြုကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကလေးစစ်သားအသုံးပြုခြင်းနှင့် မတရားအခွန်ကောက်ခြင်းတို့ ပါဝင်သည်ဟု ND-Burma က ထောက်ပြထားသည်။
အဆိုပါ ချိုးဖောက်မှုများအနက် ညှဉ်းပန်းနှိပ်စက်မှု ၆၇ ခုနှင့် သတ်ဖြတ်မှုမှာ ၂၈ ခု ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ကချင်၊ ကရင်၊ မွန်၊ သျှမ်း(ရှမ်း)ပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ တနသင်္ာရီတိုင်းစသည့် တိုင်းဒေသကြီးအတွင်း ချိုးဖောက်မှုများကို မှတ်တမ်းတင်ထား ခြင်းဖြစ်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG မှ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောဝေလေး က “ကျနော်တို့ ကရင်ပြည်နယ် မှာဆိုရင် အရင် ၂၀၁၅ခုနှစ်က IDP ၁,၀၀ဝ ကျော် ရှိတာထက်စာရင် ဒီ ၂၀၁၆ခုနှစ်မှာ မဲ့သဝေါ တိုက်ပွဲကြောင့် ပြည်တွင်း စစ်ပြေးရှောင် IDPတွေက ၅,၀၀ဝ ကျော်လောက်ကိုတိုးလာတယ်။ အလားတူ အဲ့ဒီပဋိပက္ခကနေမြေ မြှုပ်မိုင်းတွေလည်း ပိုများလာပြီးတော့ အခုအချိန်ထိ IDPတွေ နေရပ်မပြန်နိုင်သေးဘူး”ဟု ကေအိုင်စီသို့ပြော သည်။
ND-Burma၏ အစီရင်ခံစာ၌ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် တပ်မတော်တို့ အကြားဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများ၊ စစ်ဘေးရှောင်များအပေါ် လူသားချင်းစာနာသည့် အကူအညီ များတားဆီးခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်သူများအား အပြစ်ပေးအရေးယူမှုမရှိသည့် တရားမျှတမှု မရှိ ခြင်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် တိုင်းရင်းသားပြည်သူလူထုများအပေါ် ဖိနှိပ်သည့်တရားဥပဒေပုဒ်မများကို အဓိက ဝေဖန်ထောက်ပြထားသည်။
ND-Burma အဖွဲ့ကို တိုင်းရင်းသားလူငယ်၊ အမျိုးသမီးအဖွဲ့အစည်းနှင့် လူ့အခွင့်အရေးစောင့်ကြည့် မှတ်တမ်း တင်သည့် အ ဖွဲ့အစည်းများဖြင့် ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အခြေစိုက် သည့် အဖွဲ့အစည်းဖြစ် သည်။ ၎င်းအဖွဲ့သည် မြန်မာနို်င်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင် အစီရင်ခံခြင်း၊ စည်းရုံးလှုံ့ဆော်မှု များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နစ်နာခဲ့သူများ တရားမျှတမှု ရရှိရန် နှင့်လူ့အခွင့်အရေးချိုးဖောက်မှု အချက်အ လက်များကို မှတ်တမ်းတင်စုဆောင်းခြင်းများ လုပ်ဆောင်လျှက်ရှိသည်။