ဇွန် ၈ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကရင်ပြည်နယ် အခြေခံ မဲဆန္ဒရှင်စာရင်း လေးသိန်း (၄၀၀,၀၀၀)ကျော်တိုးလာသည်ဟု ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)၌ ယနေ ့ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကေအိုင်စီသို့ ပြောသည်။
“၂၀၁ဝ ရွေးကောက်ပွဲတုန်းက ကရင်ပြည်နယ်မှာ မဲပေးခွင့်ရှိသူစာရင်းက လေးသိန်းကျော်ပဲ ရှိတယ်။ အခု ၂၀၁၅ အတွက် အခြေခံမဲစာရင်းမှာတော့ ၈ သိန်းကျော်တယ်။ နယ်မြေတည်ငြိမ်းအေးချမ်းလာတဲ့အတွက် အခုလို မဲစာရင်းတွေ တိုးကောက်လာနိုင်လို့ ဝမ်းသာစရာပေါ့။ တစ်ခုပဲရှိတယ်။ ခြိမ်းခြောက်ပြီး မဲပေးခိုင်းတာတွေ မရှိဖို့တော့ လိုတယ်”ဟု ဦးတင်အေးက ပြောသည်။
အဆိုပါ ကိစ္စအပေါ် ကရင်ပြည်နယ် အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်းအောင်ပြည့်စိုးက “တိုးလာတာဝမ်းသာပါတယ်။ မဲပေးခွင့်တော့ရလာပြီး အဲဒီ မဲတွေကို သမာသမတ်ကျစွာနဲ့ လွတ်လွတ်လပ်လပ် ပေးခွင့်ရအောင် ဖန်တီးပေးဖို့ လိုတယ်ဆိုတဲ့ အကြောင်းကိုတော့ ပြောချင်တယ်”ဟု ပြောသည်။
ယနေ့နံနက် ၁ဝ နာရီကျော်မှ နေ့လည် ၁၂ နာရီကျော်အထိ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကော်မရှင် တာဝန်ရှိသူများက မဲစာရင်း မှားယွင်းမှုအကြောင်းအရင်းမှာ စာရင်းပြုစုရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ ဖြစ်ပြီး ယင်းကိစ္စအပေါ် ပါတီများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ကူညီပေးရန်၊ ရွေးကောက်ပွဲအတွက် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်သွားရန် စသည့်အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက် ၅ဝ ခန့် တက်ရောက်ခဲ့သည့် ၎င်းအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကရင်ပြည်နယ်အတွင်း လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သည့် ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကရင်ပြည်နယ် အဖွဲ့ခွဲမှ ပြည်နယ်အတွင်းရှိ မြို့နယ် ၇ ခုစလုံး တွင် ကောက်ယူထားသည့် အခြေခံ မဲစာရင်းများကို ဇွန် ၈ ရက်နေ့မှ ဇွန် ၂၁ ရက်နေ့အထိ မြို့နယ်၊ ရက်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားမည်ဖြစ်ရာ စာရင်းအတွင်း မပါသူများ၊ မှားယွင်းမှုများရှိပါက သတ်မှတ်ပုံစံများအတိုင်း ပြင်ဆင်ပေးသွားမည်ဖြစ်သည်ဟုလည်း ကော်မရှင်က ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁ဝ ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်း စုစုပေါင်း လေးသိန်းရှစ်သောင်း (၄၈၀,၀၀၀)ကျော်သာ ရှိသည်ဟု ၂၀၁ဝ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဲဆန္ဒရှင်ဦးရေ စာရင်းများအရ သိရသည်။