Home သတင်း OKRSO ဗဟိုအလုပ်အမှု‌ဆောင်သစ်များ ‌ရွေးချယ်တင်‌မြှောက်ပြီးစီး

OKRSO ဗဟိုအလုပ်အမှု‌ဆောင်သစ်များ ‌ရွေးချယ်တင်‌မြှောက်ပြီးစီး

1571

ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာလူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO)မှ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ CCT building Ratchthewei Bangkok)တွင် ယမန်‌နေ့က ‌ရွေးချယ်တင်‌မြှောက်ပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီအသစ် ၃၃ဦးအား ‌ရွေးချယ်တင်‌မြှောက်ခဲ့သည်။

အဆိုပါ ‌ရွေးချယ်တင်‌မြှောက်ပွဲတွင် OKRSO ၏ ဥက္ကဌအဖြစ် ‌စောမြင့်စိုး၊ ဒုဥက္ကဌများအဖြစ် ‌စောနိုင်နိုင်နှင့် မန်းမျိုးမြင့်၊ အ‌ထွေ ‌ထွေအတွင်း‌ရေးမှူးအဖြစ် ‌စောအဲသို၊ တွဲဖက်အတွင်း‌ရေးမှူး(၁)အဖြစ် နန်းသ‌မော့ခလိန်းဆန့်၊ တွဲဖက်အတွင်း‌ရေးမှူး(၂)အဖြစ် နန်းစွမ်ပါတို့အပြင် ကျန်ဌာနဆိုင်ရာ အလုပ်အမှု‌ဆောင် ဗဟို‌ကော်မတီဝင်များကိုလည်း အသစ် ပြန်လည်‌ရွေးချယ်ခဲ့ကြသည်။

ဒုဥက္ကဌအဖြစ် ပြန်လည်‌ရွေးချယ်ခံရသည့် မန်းမျိုးမြင့်က “ဗဟို‌ကော်မတီဝင်‌တွေ အသစ်ပြန်‌ရွေးချယ်တဲ့ ဒီပွဲမှာ အခမ်းအနား တက်‌ရောက်လာတဲ့ အဖွဲ့ဝင်အားလုံးရဲ့ ဆန္ဒကိုယူပြီး ဘယ်သူက ဘယ်‌နေရာမှာ တာဝန်ယူသင့်တယ်။ ‌ဆွေး‌နွေးကြပြီး ဆုံးဖြတ် ‌ရွေးချယ်သွားတာ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း၊ အ‌မေရိကန်၊ က‌နေဒါ၊ ဩစ‌တြေးလျား၊ ဒိန်းမတ် စသည့်ပြည်ပ‌ရောက် OKRSO နာယကအဖွဲ့မှ ကမကထပြုကာ နှီး‌နှော ဖလှယ်ပွဲနှင့် အလုပ်အမှု‌ဆောင်အသစ် ‌ရွေးချယ်တင်‌မြှောက်ပွဲ အခမ်းအနားကို ပြုလုပ်ပြီး ‌ကော်မတီအသစ်များကို ထိုသို့ အသစ် ‌ရွေးချယ်တင်‌မြှောက်ခဲ့ခြင်းဖြစ်သည်။

IMG_7595
၎င်းအဖွဲ့၏ အလုပ်အမှု‌ဆောင်အသစ် ‌ရွေးချယ်တင်‌မြှောက်ပွဲနှင့်အတူ နှီး‌နှောဖလှယ်ပွဲကိုလည်း တပြိုင်နက် ပြုလုပ်ကျင်းပခဲ့ပြီး အဖွဲ့ဝင်ဦး‌ရေ ၁၅ဝခန့် တက်‌ရောက်ခဲ့ကြသည်ဟု ဒီဇင်ဘာ ၁၅ရက်‌နေ့၌ ထုတ်ပြန်သည့် OKRSO ၏ ‌ကြေညာချက်တွင် ‌ဖော်ပြ ထားသည်။

အဆိုပါ‌ကြေညာချက်တွင် OKRSO ၏ ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်သည့် နာယကအဖွဲ့၊ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီနှင့် ဌာနဆိုင် ရာ အလုပ်အမှု‌ဆောင် ဗဟို‌ကော်မတီ လက်‌အောက်ခံများဖြစ်‌သော လူမှု‌ရေးနှင့် ကျန်းမာ‌ရေးဌာန၊ စည်းရုံး‌ရေးဌာန၊ သတင်းနှင့် ပြန်ကြား‌ရေးဌာန၊ နိုင်ငံခြား‌ရေးဌာန၊ ဘဏ္ဍာ‌ရေးဌာန၊ ပညာ‌ရေးစာ‌ပေနှင့် ယဉ်‌ကျေးမှုဌာနတို့ကို ထည့်သွင်း‌ဖော်ပြထားသည်။

OKRSO နာယကတစ်ဦးဖြစ်သူ ‌စောတ‌ကောဝါးက “တကယ်ဆိုရင် OKRSO ရဲ့ ‌ရွေး‌ကောက်တင်‌မြှောက်ပွဲလုပ်ရမှာက ကိုးလ ပိုင်း(‌အောက်တိုဘာ)ကပါ။ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အခုမှ လုပ်နိုင်တာ ဖြစ်ပါတယ်။ အခု ‌ရွေး‌ကောက်တင်‌မြှောက်ပွဲအပြီးမှာ ကျ‌နော်တို့အဖွဲ့ရဲ့ ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးသွားဖို့ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

OKRSO ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ ‌ရွေးချယ်တင်‌မြှောက်ပွဲကို နှစ်စဉ် ပြုလုပ်‌လေ့ရှိပြီး ယခု ‌ရွေးချယ်တင်‌မြှောက်ပွဲ မကျင်းပမီ OKRSO ၏ ဥက္ကဌမှာ နန်းမြင့်‌အောင် ဖြစ်သည်။ ပြည်ပ‌ရောက် ကရင်လူမျိုးများအတွက် လူမှု‌ရေး၊ ကရင့်ရိုးရာစာ‌ပေ၊ ယဉ်‌ကျေးမှုရိုးရာဓ‌လေ့များ ‌ဖော်ထုတ်မြှင့်တင်ထိန်းသိမ်း‌ရေး၊ အမျိုးသားစည်းလုံးညီညွှတ်‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လူ့အ ခွင့်အ‌ရေးဆိုင်ရာ လုပ်ငန်းများကို လုပ်‌ဆောင်‌ပေးရန် ရည်ရွယ်၍ OKRSO ကို ၁၉၉၂ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။