Home သတင်း နယ်စပ် ကရင်‌ကောလိပ်‌ကျောင်းသူ‌ကျောင်းသားများ ၈ရက်ကြာ သိပံ္ပနည်းပညာပြပွဲ ပြုလုပ်

နယ်စပ် ကရင်‌ကောလိပ်‌ကျောင်းသူ‌ကျောင်းသားများ ၈ရက်ကြာ သိပံ္ပနည်းပညာပြပွဲ ပြုလုပ်

2449

ဒီဇင်ဘာ ၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၌ ဖွင့်လှစ်ထား‌သော ‌ခေါင်း‌ဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ‌လေ့ကျင့်သင်ကြား‌ရေး ‌ကောလိပ် (Leadership and Management Training College-LMTC)မှ ‌ကျောင်းသူ‌ကျောင်းသားများနှင့် ဆရာ၊ဆရာမများက ဒီဇင်ဘာလ ၂ရက်မှ ၁၁ရက်အထိ ပြုလုပ်မည့် သိပ္ပံနည်းပညာ လက်‌တွေ့ပြပွဲကို ယ‌နေ့ စတင် ဖွင့်လှစ်ခဲ့သည်။

မယ်လစခန်း(ဇုံ-စီ) ရပ်ကွက်(၂)အတွင်းရှိ LMTC ‌ကျောင်းဝင်းတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ၎င်းပြပွဲ၏ ရည်ရွယ်ချက်ကို ‌ကျောင်းအုပ်ကြီး ဆရာ‌စောအားသာက “ပြပွဲလုပ်ဖြစ်တာက ‌ကျောင်းမှာ သိပ္ပံဘာသာရပ်နဲ့ တက်‌ရောက်သင်ယူတဲ့ ‌ကျောင်းသူ ‌ကျောင်းသား‌တွေက အရမ်းနည်းတယ်။ ဒါ‌ကြောင့် သိပ္ပံဘာသာရပ်ကို အာရုံထား စိတ်ဝင်စားလာ‌အောင်၊ လက်‌တွေ့ သင်ကြားမှု အပိုင်းမှာလည်း ပိုတိုးတက်‌အောင် ပြပွဲလုပ်ရတာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၈ရက်ကြာ ပြုလုပ်သွားမည့် အဆိုပါသိပ္ပံပြပွဲတွင် ရူပ‌ဗေဒ၊ ဓာတု‌ဗေဒ၊ ရုက္ခ‌ဗေဒ၊ ဇီဝ‌ဗေဒ ဘာသာရပ်များနှင့် ပတ်သက်၍ စမ်း သပ်ပြခန်းများ၊ အင်ဂျင်နီယာနည်းပညာပြခန်း ဟူ၍ ပြခန်း (၆)ခန်း ပြင်ဆင်ပြုလုပ်ထားပြီး စခန်းအတွင်းရှိ အထက်တန်း‌ကျောင်း ၈‌ကျောင်းမှ အထက်တန်း‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၁၀ဝစီကို ပြပွဲရက်အတွင်း ‌နေ့စဉ် နံနက် ၉နာရီမှ မွန်းလွဲ ၃နာရီအထိ လာ‌ရောက်‌လေ့လာ‌စေကာ LMTC မှ ‌ကျောင်းသူ‌ကျောင်းသားနှင့် ဆရာ၊ ဆရာမများက လက်‌တွေ့ ရှင်းလင်းသွားခြင်းဖြစ်သည်။

LMTC တွင် ‌နောက်ဆုံးနှစ်၌ ရူပ‌ဗေဒဘာသာရပ်ကို အဓိက သင်ကြားပို့ချ‌ပေး‌နေသူ ဆရာ‌စောဂျက်‌ကော့ပ်က “လူ့အဖွဲ့အစည်း ဖြစ်‌ပေါ်တိုးတက်မှုအတွက် လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်မှုနဲ့ သိပ္ပံပညာတိုက်ပွဲ သုံးခုထဲမှာ သိပ္ပံပညာရပ်က အ‌ခြေခံအကျ ဆုံး ဖြစ်တယ်။ ဒါဟာ အမှန်တရားကို လက်‌တွေ့က‌နေ ရှာ‌ဖွေတာပဲဆိုတာ လာ‌လေ့လာတဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေလည်း နားလည်သ‌ဘော‌ပေါက်ပြီး သူတို့ဘဝနဲ့ လူမှုအဖွဲ့အစည်းအတွက် အ‌ခြေခံကျကျ သိသွားဖို့ ‌မျှော်လင့်ပါတယ်။”ဟု ‌ပြောသည်။

ယ‌နေ့ ပြပွဲကို စခန်းတွင်းရှိ အမှတ်(၁) အထက်တန်း‌ကျောင်းမှ ဦးစွာ လာ‌ရောက်‌လေ့လာခဲ့ကြခြင်းဖြစ်ပြီး ၎င်း‌ကျောင်းမှ ဆယ် တန်း‌ကျောင်းသား ‌စောပူးပူ ၁၉နှစ်က “ကျ‌နော် ဒီ‌နေ့‌လေ့လာရတဲ့ ပြခန်း‌တွေထဲမှာ ခန္ဓာ‌ဗေဒ ဖွဲ့စည်းမှုနဲ့ ပတ်သက်တဲ့ ပြခန်းကို စိတ်အဝင်စားဆုံးပါပဲ။ လူ့ခန္ဓာကိုယ်ဟာ ဖွဲ့စည်းပုံ တခုချင်းစီ ဘယ်လိုရှိတယ်ဆိုတာကို လက်‌တွေ့ကျကျ ‌လေ့လာသိရှိရ‌တော့ ကျ‌နော့်အတွက် အများကြီး အကျိုးရှိတယ်။”ဟု ဆိုသည်။

ပြပွဲတစ်ခုလုံးအတွက် မည်သည့်အဲန်ဂျီအိုများထံမှ အကူအညီရယူခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး-KNU (ဗဟို)၊ LMTC ‌ကျောင်းသား‌ဟောင်းများအသင်းနှင့် ‌ကျောင်းကိုယ်ထူကိုယ်ထ ရန်ပုံ‌ငွေ‌ပေါင်း ထိုင်းဘတ်‌ငွေ ၇‌သောင်း‌ကျော်ဖြင့်သာ စီစဉ်ပြု လုပ်ခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ယခုထက် ပို၍‌ကောင်းမွန်‌သော အလားတူ ပြပွဲကို ကျင်းပနိုင်ရန် ကြိုးပမ်းသွားမည် ဟု ‌ကျောင်းတာဝန်ခံများက ‌ပြောဆို‌နေကြသည်။

LMTC ‌ကျောင်းသည် ပြပွဲလှုပ်ရှားမှုအပြင် တတိယနှစ်နှင့် ‌နောက်ဆုံးနှစ် ‌ကျောင်းသား‌ကျောင်းသူများသည် ‌နွေ‌ကျောင်းပိတ် ရက်များ၌ ‌ကျေးလက်‌တောရွာ ပြန်လည် ပြုပြင်‌ရေး အစီအစဉ်အဖြစ် ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်ရာ ‌ကျေးရွာများသို့ လှည့် လည်ကာ အဂင်္လိပ်စာသင်တန်း၊ သိပ္ပံဗဟုသုတနှင့် ကွန်ပြူတာသင်တန်းများကို သွား‌ရောက်သင်ကြား‌ပေးခြင်းများ ရှိသည်။

LMTC ‌ကျောင်းကို မယ်လဒုက္ခသည်စခန်း၌ ၂၀၀၆ခုနှစ်တွင် စတင် တည်‌ထောင်ဖွင့်လှစ်ခဲ့ပြီး ပထမနှစ်မှ စတုတ္ထနှစ်အထိ ‌လေး နှစ်တာ သတ်မှတ်ထားသလို ယခုနှစ်တွင် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၁၈ဝဦးကို ‌ကျောင်းဆရာ၊ဆရာမ ၂၈ဦးဖြင့် သင်ကြား ပို့ချလျှက်ရှိသည်။