မတ်လ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်၊ ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်း၌ လက်ရှိ အရေးပေါ် အကူအညီ လိုအပ်နေသည့် မီးဘေးဒုက္ခသည်များကို ကရင်နီ(ကယား)ပြည်နယ်အစိုးရက ငွေကျပ်သိန်းတစ်ရာ ကူညီလိုက်ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၂၅ရက်နေ့က ကရင်နီပြည်နယ်အစိုးရသည် ကိုယ်စားလှယ်စားအချို့လွှတ်ကာ မဲဟောင်ဆောင်ခရိုင်ရှိ နေရာ တခုတွင် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ-KNPP ကို သွားရောက်တွေ့ဆုံပြီး မီးဘေးဒုက္ခသည်များအား ကူညီရန် ထိုသို့ ပေး အပ်လိုက်ခြင်းဖြစ်သည်ဟု KNPP အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့် က ကေအိုင်စီသို့ ပြောသည်။
“ပြည်နယ်အစိုးရက မီးဘေးဒုက္ခတွေကို ကူညီဖို့ မနေ့က ကျနော်တို့ကို သိန်းတစ်ရာလာပေးတယ်။ ကျနော်တို့ဘက်ကလည်း ဒုက္ခသည်တွေ လိုအပ်မယ့် အသုံးအဆောင်တွေကို ဝယ်ပြီး ကူညီသွားမယ်။ မနက်ဖြန် ကျနော်တို့ မီးဘေးသင့်ဒုက္ခသည်တွေဆီ သွားရောက်မယ်”ဟု ပြောဆိုသည်။
ထို့အပြင် ဂျပန်နိုင်ငံမှ နီပိုဖောင်ဒေးရှင်းမှလည်း ယမန်နေ့က ကရင်နီဒုက္ခသည်များကို လှူဒါန်းရန် ဆန်အိတ် ၅၀ဝ KNPP ထံသို့ လာရောက် ပို့ဆောင်ထားသည်ဟု KNPP က ဆိုသည်။
လက်ရှိ မဲစရင်းချောင်းနံဘေးတွင် အခြေစိုက် နေထိုင်ရသည့် မီးဘေးသင့် ကရင်နီဒုက္ခသည် နှစ်ထောင်ကျော်ရှိပြီး နေ့ဘက် တွင် ရာသီဥတု အလွန်ပူပြင်းကာ ညဘက်တွင် အလွန်အေးသောကြောင့် ကလေးသူငယ်များအတွက် ပိုမိုဒုက္ခရောက်ရသည်ဟု KnRC က ဆိုသည်။
ကရင်နီဒုက္ခသည်များ ကူညီပေးနေသည့် ကရင်နီဒုက္ခသည်ကော်မတီ-KnRC မှ အတွင်းရေးမှူး(၁) နော်ထူးလွဲက လတ်တလော မီးဘေးဒုက္ခသည်များသည် သောက်ရေသန့် ရရှိရန် အရေးပေါ်လိုအပ်နေသည်ဟု ကေအိုင်စီသို့ ယခုလို ပြောသည်။
နော်ထူးလွဲက “အခု မီးဘေးဒုက္ခသည်တွေဟာ ချောင်းထဲက ရေကိုပဲ ကျိုသောက်ရတယ်။ လူက တအားများတော့ ကျိုသောက် လို့ အဆင်မပြေဘူး။ အစားအသောက်တစ်ခုတည်းတောင်မှ တနေ့ကို သုံးနှပ် ချက်ပြုတ်စားသောက်နေရတယ်။ ဒါကြောင့် အရေးပေါ်အနေနဲ့ မနက်ဖြန် သောက်ရေသန့် အကတ်ကြီး ငါးထောင် လာပို့မယ်လို့ သိရတယ်”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီ အမှတ်(၂)ဒုက္ခသည်စခန်းတွင် မတ်လ ၂၂ရက်နေ့ ညနေက မီး လောင်မှုဖြစ်ပွားခဲ့ရာ နောက်ဆုံး အတည်ပြုချက်အရ လူ ၃၆ဦး သေဆုံးပြီး ၂၀၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်းကို ၁၉၉၂ခုနှစ်က စတင်တည်တောင်ခဲ့ပြီး လက်ရှိ လူဦးရေ ၃,၄၀ဝ (သုံးထောင်လေးရာ) ကျော် အခြေချနေထိုင်လျှက်ရှိကာ ၂၀၁၁ခုနှစ် မိုးရာသီအတွင်းက တောင်ကမ်းပါးပြိုကျ၍ အိမ်ခြေပျက်စီးမှုများ ရှိခဲ့ဖူးသည်။