Home ဆောင်းပါး အိမ်ချက် လက်လုပ်အုန်းဆီ (‌ဆောင်းပါး)

အိမ်ချက် လက်လုပ်အုန်းဆီ (‌ဆောင်းပါး)

5912
‌ခေါင်ဆူလိုင့် (ဇူလိုင်လ ၃ရက်၊ ၂၀၁၂)

မြန်မာပြည်မှာ အမျိုးသမီး၊ အမျိုးသား အများစုက သူတို့ရဲ့ ဆံ‌ကေသာကို အုန်းဆီနဲ့ လိမ်းကျံ‌လေ့ရှိတတ်ပါတယ်။ များ‌သောအားဖြင့် အမျိုးသမီး‌တွေဟာ မနက်မိုးလင်း အိပ်ယာထတာနဲ့ ဆံပင်ကို အုန်းဆီလိမ်း၊ ဖြီးသင်တာမျိုး လုပ်‌ဆောင်ပြီးမှသာ ကျန်လုပ်ငန်းကိစ္စအဝဝ ကို ဆက်လက် ပြုလုပ်‌လေ့ရှိကြပါတယ်။

ဒီလို အများသုံး‌နေတဲ့ အုန်းဆီကို စက်နဲ့ကြိတ်ယူခြင်း၊ လက်လုပ်ဆုံနှင့် ကြိတ်ယူခြင်းအပြင် ‌နေအိမ်မီးဖို‌ချောင်အတွင်း ကြိုချက်တဲ့နည်းနဲ့ လည်း အုန်းဆီကို အလွယ်တကူ ထုတ်လုပ်ရယူနိုင်ပါတယ်။ ‌ဖော်ပြပါ နည်းလမ်း‌တွေထဲက ဘယ်လိုပုံစံနဲ့ပဲဖြစ်‌စေ အုန်းဆီထုတ်တဲ့အခါ တူညီ‌နေတာတစ်ခုက အုန်းသီးအ‌ခြောက်ကိုပဲ အသုံးပြုရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ကျုံ‌ပျော်ဇာတိသူ ကရင်အမျိုးသမီး နမ့်မြသန်း ၇၇နှစ်က “အုန်းသီးက ‌ခြောက်ရုံတင်မဟုတ်ဘူး။ အုန်းပင်‌ပေါက်‌လေး ပြူထွက်လာတဲ့ အုန်းသီးက အုန်းရည်ပိုခမ်းတယ်။ ‌ပြောရမယ်ဆိုရင် အရည်ခမ်းတဲ့ အုန်းသီးဟာ အဆီ ပိုထွက်တယ်‌လေ။ အဲဒီလိုဖြစ်မှ အုန်းဆီထုတ်လို့ ပို‌ကောင်းတယ်”လို့ ဆိုပါတယ်။

အရည်ခမ်းပြီး အုန်းသီးအဆံ(သကျီ‌သွေး) ထွက်‌နေတဲ့ အုန်းသီးအ‌ခြောက်ကို အခွံခွာပြီး နှစ်ခြမ်းခွဲလိုက်ရပါတယ်။ အဲလိုခွဲထားပြီးသား အုန်းသီးရဲ့အသားကို ထိုင်လျက်ခြစ်ယူရတဲ့ အုန်းခြစ်နဲ့ ခြစ်ရပါတယ်။ အဲဒီက ထွက်လာတဲ့ အုန်းသီးအသားကို ‌ရေ‌နွေးနဲ့ အများဆုံး သုံး ‌လေးကြိမ်‌လောက် အုန်းနို့ရည်ရ‌အောင် ညှစ်ထုတ်ယူရပါတယ်။

ရရှိလာတဲ့ အုန်းနို့‌တွေကို ဒန်အိုး၊ သတ္တုအိုးနဲ့ဖြစ်‌စေ မီးဖို‌ပေါ်တင်ပြီး အစပိုင်းမှာ မီးပြင်းပြင်းနဲ့ ကြိုချက်ရပါတယ်။ အနည်းငယ် ဆူပွက်လာ တဲ့အခါမှသာ မီးကို ပုံမှန်‌ပေးပူပြီး ကြိုချက်တည်ထားတဲ့ အုန်းနို့ရည်ကို အိုးရဲ့‌အောက်ဘက်မှာ ချိုးကပ်ပြီး အိုးတူးတာမျိုး မဖြစ်ရ‌အောင် မကြာခဏ ‌မွှေ‌ပေးရပါတယ်။

အဲသလို ‌မွေလိုက်၊ မီးအပူကို သတိထားလိုက်နဲ့ ဆီမထွက်မချင်း အချိန်အ‌တော်ကြာ‌အောင် ကြိုချက်ရပါတယ်။ အုန်းနို့အနှစ်‌လေး‌တွေ အိုးထဲအနည်ကျသွားတဲ့အခါကျမှ မီးအပူကို ‌လျှော့လိုက်ပြီး အုန်းဆီက ကျန်ရှိနိုင်တဲ့ အရည်ဓာတ်‌လေး‌တွေ အ‌ငွေ့ပျံသွား‌အောင် ခဏ အ‌အေးခံထားရပါတယ်။

နမ့်မြသန်းက “အိမ်မှာ တနိုင်တပိုင်အရဆို အုန်းသီး ၁၂လုံး‌လောက်ကို ဆီထုတ်ရင် အုန်းဆီ ငါးဆယ်သား‌လောက် ရပါတယ်။ အဲဒါကို အ‌သေအချာ သိမ်းဆည်းအသုံးပြုတတ်မယ်ဆိုရင် အနည်းဆုံး ၃နှစ်‌လောက်‌တော့ တာရှည်ခံ သုံးနိုင်တယ်”လို့ ‌ပြောပါတယ်။

ဆီကြိတ်စက်‌တွေမှာ သွား‌ရောက်ကြိတ်ယူခြင်းအားဖြင့် အခြားစားအုန်းဆီ၊ ‌မြေပဲဆီ‌တွေနဲ့ ‌ရောပြွမ်းနိုင်တဲ့အတွက် ‌ဒေသအချို့မှာလည်း မိမိတို့ ကိုယ်ပိုင် ဆီကြိတ်စက်များကို အသုံးပြုထုတ်ယူကြသလို စက်မသုံးဘဲနဲ့လည်း အုန်းဆီစစ်စစ်ကို မိမိတို့ဖာသာ ‌နေအိမ်အတွင်း ကြိုချက်ထုတ်ယူ အသုံးပြုသွားနိုင်‌ကြောင်း ‌လေ့လာစု‌ဆောင်းမိသမျှ တင်ပြလိုက်ရပါတယ်။