Home ထိပ်တန်းသတင်း အချင်းချင်း မပစ်ခတ်ရန် ကရင်လက်နက်ကိုင်အဖွဲ့များ သ‌ဘောတူခဲ့

အချင်းချင်း မပစ်ခတ်ရန် ကရင်လက်နက်ကိုင်အဖွဲ့များ သ‌ဘောတူခဲ့

1785
‌မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်လက်နက်ကိုင် အချင်းချင်း အပြန်အလှန် တိုက်ခိုက်မှုမျိုး မလုပ်‌ဆောင်‌တော့ဘဲ ပြဿနာ တစုံတရာ ဖြစ်‌ပေါ်လာပါက စားပွဲဝိုင်း‌ပေါ် တွင် ‌ဖြေရှင်းသည့်နည်းဖြင့် ဆက်လက် ‌ဖြေရှင်းသွားရန် ကရင်လက်နက်ကိုင်အဖွဲ့များက ယမန်‌နေ့ (‌မေလ ၂၈ရက်‌နေ့)က သ‌ဘောတူညီ ခဲ့ကြသည်။

ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များဖြစ်‌သော ဦးဝိဇာန၊ သိက္ခာ‌တော်ရ ဆရာ‌တော်‌စော‌ရောဘတ်‌ထွေး ဦး‌ဆောင်ပြီး ‌ကေအဲန်ယူ တပ်မ ဟာ(၇)နယ်‌မြေ၌ ယမန်‌နေ့ နံနက် ၁ဝနာရီမှ မွန်းလွဲ ၃နာရီအထိ ပြုလုပ်ခဲ့သည့် ‌တွေ့ဆုံပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့များ အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုများ မပြုလုပ်ကြ‌တော့ရန် ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ‌တွေ့ဆုံမှုတွင် ဗုဒ္ဓဘာသာ ရဟန်း‌တော် ၁၄ပါး၊ ခရစ်ယာန်သိက္ခာ‌တော်ရ ဆရာ‌တော် ၃ပါးနှင့် ‌ကေအဲန်ယူ(KNU)၊ ကလို့ထူး‌ဘော (KKO)၊ (KNU/KNLA)ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ ကရင်နယ်ခြား‌စောင့်တပ်(BGF)၊ သုမူဟဲ(‌ဟောင်သ‌ရော)ငြိမ်းချမ်း‌ရေးအဖွဲ့ စသည့်အဖွဲ့ ၅ဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် ပရိဿတ် စုစု‌ပေါင်း ၆ဝခန့် တက်‌ရောက်ခဲ့ကြသည်။

၎င်း‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ KKO တွဲဖက်အတွင်း‌ရေးမှူး(၂)‌စောလုံ့လုံက “ကရင်အမျိုးသားအလံ‌တော်ရဲ့ ‌အောက်မှာ‌နေပြီး တစုတစည်း တည်း ‌နေထိုင်သွားဖို့ရယ်၊ ကရင်‌တွေအချင်းချင်း အပြန်အလှန် ပစ်ခတ်သတ်ဖြတ်တာ‌တွေ မလုပ်ကြဖို့ရယ်။ ပြဿနာ‌ပေါ်လာခဲ့မယ်ဆိုရင် စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ ‌ဖြေရှင်းဖို့ရယ်ဆိုတဲ့ ၃ချက်ကို အားလုံးက သ‌ဘောတူပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် လက်ရှိ ဦးသိန်းစိန်အစိုးရနှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတို့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု အ‌တွေ့အကြုံများကို တဖွဲ့နှင့်တဖွဲ့ အပြန်အလှန် ရှင်းပြကြသည်ဟုလည်း ‌စောလုံ့လုံက ဆက်‌ပြောသည်။

ယင်းကဲ့သို့ ကရင်အချင်းချင်း ‌တွေ့ဆုံမှုအစည်းအ‌ဝေးကို ‌ထောက်ခံသည့်အ‌နေဖြင့် မ‌လေးရှားနိုင်ငံ ကရင်အဖွဲ့အစည်း(MKO)မှလည်း ဝမ်း‌မြောက်‌ကြောင်း သဝဏ်လွှာ‌ပေးပို့ခဲ့‌ကြောင်း သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့ ၅ဖွဲ့မှာ ‌တွေ့ဆုံရန် မလွယ်ကူသည့်အပြင် ယခုလို ‌တွေ့ဆုံရခြင်းအ‌ပေါ် အားရပြီး ‌ကောင်းမွန်သည့် အ‌ခြေအ‌နေ မျိုးဖြစ်‌ကြောင်းလည်း အစည်း‌ဝေးတက်‌ရောက်ခဲ့သည့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်တစ်ဦးက ‌ပြောသည်။

ယခုလို ကရင်အဖွဲ့အချင်းချင်း ‌တွေ့ဆုံ‌ဆွေး‌နွေးမှုမျိုးကို မကြာမီအချိန်တွင် ထပ်မံ လုပ်‌ဆောင်သွားရန် ရှိ‌သေး‌ကြောင်းလည်း သိရသည်။