Home ထိပ်တန်းသတင်း ကွယ်လွန်သူ ပဒိုမန်းရှာအား အမျိုးသားတန်းတူ‌ရေးဆု ‌ပေးအပ်ချီးမြှင့်လိုက်ပြီ

ကွယ်လွန်သူ ပဒိုမန်းရှာအား အမျိုးသားတန်းတူ‌ရေးဆု ‌ပေးအပ်ချီးမြှင့်လိုက်ပြီ

1450
မတ်လ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းအား အ‌မေရိကန် ပြည်‌ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က ချီးမြှင့်မည့် အမျိုးသားတန်းတူ‌ရေးနှင့် သာတူညီမျှ‌ရေးဆု(National Equality Award)ကို မတ်လ ၅ရက်‌နေ့က ‌ပေးအပ်ချီးမြှင့်လိုက်ပြီဟု သိရသည်။

‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းက အဆိုပါဆုကို ပဒိုမန်းရှာအား ‌ပေးရန် ဖို့ဝိန်းမြို့ အမျိုးသား‌သွေးစည်းညီညွှတ်‌ရေးပါတီက ဆုံးဖြတ်ခဲ့ပြီး
ယခုမတ်လ ၅ရက်‌နေ့တွင် ကျင်းပသည့် ဖို့ဝန်း (IPFW) ညီလာခံတွင် ‌ပေးအပ်ခဲ့ခြင်းဖြစ်ရာ ထိုဆုကို ပဒိုမန်းရှာ၏ အငယ်ဆုံး သားဖြစ်သူ စလုံ့ဖန်းက တက်‌ရောက် လက်ခံယူ‌ပေးခဲ့သည်။

အ‌ဖေအတွက် ‌ပေးအပ်သည့် အဆိုပါဆုနှင့်ပတ်သက်၍ စလုံ့ဖန်းက “ကျ‌နော့်အ‌ဖေ မရှိ‌တော့‌ပေမဲ့ ကရင့်အမျိုးသား‌ရေးအပြင် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး စစ်အာဏာရှင်စနစ် ‌အောက်မှ လွတ်‌မြောက်ဖို့အတွက် သူလုပ်‌ဆောင်ခဲ့တဲ့ အရာ‌တွေ‌ကြောင့် သူ့ကို ဂုဏ်ပြုတဲ့အ‌နေနဲ့ ဒီဆု‌ပေးတာပါ။ ကျ‌နော့် ဖခင်ရဲ့ကိုယ်စား ဒီဆုကို တက်ယူရတာ ကျ‌နော်လည်း ဝမ်းသာမိပါတယ်။ ‌နောက် သူ့ကို ချစ်တဲ့သူ‌တွေ‌တော့ မပြီး‌သေးတဲ့ သူ့ရဲ့လုပ်‌ဆောင်ချက်‌တွေ ဆက်လုပ်ကြမယ်လို့ ကျ‌နော် ယုံကြည်တယ်”ဟု ‌ပြောသည်။

၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုပြီး‌နောက် ဖို့ဝိန်းမြို့တွင် IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က ကမကထပြု၍ နိုင်ငံတကာ မြန်မာ့ဒီမိုက‌ရေစီ အင်အားစုများ ညီလာခံတရပ် ကျင်းပခဲ့ပြီး ထိုညီလာခံ၌ ပဒိုမန်းရှာလည်း တက်‌ရောက်ကာ အမျိုးသားတန်း တူ‌ရေးနဲ့ သာတူညီမျှ‌ရေးဆိုင်ရာမူဝါဒ‌တွေကို ရှင်းလင်း‌ပြောကြားခဲ့သည့်အ‌ပေါ် ယခုကျင်းပသည့် ဒုတိယအကြိမ် ဖို့ဝိန်း ညီလာခံ တွင် သူ့အား ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပြည်ပ‌ရောက် မြန်မာ့ဒီမိုက‌ရေစီအင်အားစု (၁၀၀)ဝန်းကျင် တက်‌ရောက်ခဲ့သည့် အဆိုပါ ညီလာခံတွင် ပဒိုမန်းရှာအား ဂုဏ်ပြု သည့် အမျိုးသားတန်းတူ‌ရေးနှင့် သာတူညီမျှ‌ရေးဆုသည် ဂုဏ်ပြုစာလွှာနှင့် ‌ကျောက်သားပြင် အမှတ်အသားတခု ပါရှိသည်ဟု သိရသည်။

ပဒိုမန်းရှာအား ယခု‌ပေးအပ်သည့် အမျိုးသားတန်းတူ‌ရေးနှင့် သာတူညီမျှ‌ရေးဆုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဖို့ဝိန်းညီလာခံ တက်‌ရောက်လာသူ ကိုယ်စားလှယ်များ သ‌ဘောတူပါက နှစ်စဉ်‌ပေးအပ်သွားဖွယ်ရှိသည်။

လွန်ခဲ့သည့် ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် ပဒိုမန်းရှာလားဖန်းအား ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ၎င်း‌နေထိုင်ရာ ‌နေအိမ်၌ အမည်မသိ ‌သေနတ်သမား(၂)ဦးက လာ‌ရောက်လုပ်ကြံသတ်ဖြတ်ခဲ့သည်။