တူမောင်ညို
(၂၀၁ဝ စက်တင်ဘာ ၂၁ )
ဆင်ကောင်ကြီးတွေ့နေတာတောင် မင်းက ဆင်ခြေရာရှာဦးမလို့လားလို့ မေးချင်စရာပါ။
အခြေခံဥပဒေ (၂၀၀၈)
ရွေးကောက်ပွဲကော်မရှင်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ၊
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ
ရာဇသတ်ကြီးဥပဒေနှင့်အခြားတည်ဆဲဥပဒေများ/ အမိန့်ကြေညာချက်များ /ညွန်ကြားချက်များ
အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့် (ရဲ/ထောက်လှမ်းရေး အပါအဝင် )
ငွေကြေးနှင့် စည်းရုံးဖွဲ့စည်းမှု
စတဲ့ — စတဲ့ လက်ဦးမှုမျိုးစုံကို တစ်ဖက်သတ်ယူပြီး အပိုင်ကျင်းပတဲ့ ၂၀၁ဝ ရွေးကောက်ပွဲမှာ တရားမျှတမှု ဆိုတာကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ။
ကြံ့ဖွံ့ပါတီက ပါတီရုံးတွေဖွင့်ပွဲမှာကြွေးကြော်သံက “နိုင်ရမယ်”တဲ့။ အရှုံးဆိုတာမရှိရဘူးလို့ကို သူတို့အပိုင်တွက်ထားတာ ဘယ် လောက်ပေါ်လွင်လိုက်ပါသလဲ။ သန့်ရှင်း- တည်မြဲပြိုင်ကြတဲ့ခေတ်ကလို “နိုင်ရင်လည်းနိုင်- ရှုုံးရင်လည်းနိုင်ရမယ်” ဆိုတာထက် ပိုပြတ်သား တယ်။ ဟိုတုန်းက စစ်တပ်က တည်မြဲဘက်ပင်းခဲ့တာပဲ။ “ ဗိုလ်ထွန်းကြည် ရဲ့ နှစ် (၅၀) ကျော်ကိုယ်တွေ့များ” ထဲမှာ ဝန်ခံထားတယ်။
ဒီတစ်ခါ ရွေးကောက်ပွဲက “သန့်ရှင်း- တည်မြဲ” ရွေးကောက်ပွဲမှာလို ကာကွယ်ရေးဦးစီးချုပ်က (၁၉၄၇ အခြေခံဥပဒေအရ အိမ် စောင့်အစိုးရ ဝန်ကြီးချုပ် လုပ်နေရတဲ့အချိန်ဖြစ်တယ်) ဘက်မလိုက်နဲ့လို့ အမိန့်ပေးထားတာမဟုတ်ဘူး။
၁၉၉ဝ ရွေးကောက်ပွဲမှာ (တစည) ရှုံးသလိုရှုံးလို့မဖြစ်ဘူးဆိုတဲ့ အတွေ့အကြုံကို (နအဖ) စစ်အုပ်စုက သဘောပေါက်ထားတယ်။
ကြံ့ဖွံ့ပါတီဆိုတာ ကာကွယ်ရေးဦးစီးချုပ် နာယက လုပ်ခဲ့တဲ့ ကြံ့ဖွံ့အသင်းကို အမွေခံအခြေပြုထားတဲ့ပါတီဖြစ်တယ်။ ပြီးတော့ ကြံ့ဖွံ့ ပါတီခေါင်းဆောင်အားလုံးက ဗိုလ်ဟောင်းတွေချည်းဖြစ်တယ်။ “ဗိုလ်”ကနေ “ဦး”သို့ လိုလိုလားလား ပြောင်းကြတာမျိုးလည်းမဟုတ်ဘူး။ အမိန့်ပေးလို့ပြောင်းကြရတာပဲ။ ဒီအမိန့်ကို ကာကွယ်ရေးဦးစီးချုပ်ကပေးတာဖြစ်တယ်။ ဒီတော့ တပ်ထဲမှာပဲဖြစ်ဖြစ်။ ဝန်ထမ်းထဲမှာပဲဖြစ်ဖြစ် ကြံ့ဖွံ့ပါတီကိုသာမဲထည့်ကြလို့ အမိန့်ပေးထားမှာသေချာတယ်။ ကာကွယ်ရေးဦးစီးချုပ်ကပေးတဲ့အမိန့်ကို ဘယ်သူက လွန်ဆန်ဝံ့မလဲ။
(၁၈ စက်တင်ဘာ)သတင်းစာဆောင်းပါးမှာပဲ မဲမပေးတဲ့သူကို ဖမ်းမယ်ဆီးမယ်၊ ဒဏ်တပ်မယ်လို့ဗြောင်ခြိမ်းခြောက်ထားတာပဲ။ ဒီတော့ကြံ့ဖွံ့ပါတီက “နိုင်ရမယ်” လို့ကြွေးကြော်တာ ပိုင်လို့၊ သေချာလို့ ကြွေးကြော်တာပဲ။
(တစည) က ဦးချစ်လှိုင်ကလည်း မြေညီကွင်းမှာပြိုင်တာမျိုးဖြစ်ဖို့လိုတယ်လို့ ပြောဖူးတယ်မဟုတ်လား။
ကောက်ရိုးပုံထဲကအပ်ကိုသာရှာတွေ့ချင်တွေ့လိမ့်မယ်။ တရားမျှတမှုဆိုတာကိုတော့ ၂၀၁ဝ ရွေးကောက်ပွဲမှာရှာလို့တွေ့မှာ မဟုတ် ဘူး။
အဘက်ဘက်ကအနိုင်ကျင့်ထားတဲ့အခြေခံအောက်မှာ၊ လက်ဦးမှုမျိုးစုံယူထားတဲ့အောက်မှာကျင်းပတာဖြစ်ပါတယ်။ သူတို့နိုင်မယ် မထင်တဲ့/လက်ဦးမှုမရှိနိုင်ဘူးလို့ယူဆတဲ့ (ချင်း/ကချင်/ကရင်/မွန်/ရှမ်း) ပြည်နယ် (၅) ခုထဲက မြို့နယ်ပေါင်း (၃၂) ခု၊ ကျေးရွာအုပ်စုပေါင်း (၃၀၀)ကိုတော့ “ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့်နယ်မြေများ”အဖြစ် ကြေညာခဲ့ပါတယ်။
အခြေခံဥပဒေ(၂၀၀၈) ကို လူထုဆန္ဒခံယူပွဲ ကျင်းပစဉ်တုန်းကတော့ နာဂစ်မုန်းတိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို စာနာထောက် ထားခြင်းမပြုဘဲ။ တစ်ပြည်လုံးမှာ ၂သုတ်ခွဲပြီး ကျင်းပခဲ့ပါတယ်။
ဒီတော့ ကျနော်မြင်တာကတော့ ရှင်းရှင်းပဲ။
၂၀၁ဝ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်ဘူး။
တရားမျှတမှုရှိပါတယ်လို့ဆိုလာခဲ့ရင်လည်း ဒီလိုပြောဆိုတာဟာ မတရားသဖြင့် ကြံ့ဖွံ့ပါတီအနိုင်ရခဲ့တာကို ဖုံးကွယ်ဖို့အတွက်ပဲ ဖြစ်ပါလိမ့်မယ်။
ရွေးကောက်ပွဲဝင်ကြမယ့် အခြားသောပါတီတွေကတော့ သူတို့ကြုံတွေ့ရတဲ့ တရားမျှတမှုမရှိတာတွေကို ဖေါ်ထုတ်ဖို့ လုပ်သင့်ပါ တယ်။ လုပ်ရပါမယ်။
တရားမျှတမှုမရှိတဲ့ ဖြစ်စဉ်ဖြစ်ရပ်နဲ့ အချက်အလက်တွေကို စုဆောင်းဖို့နဲ့ အဲဒီလိုမတရားတဲ့၊ မမျှတတဲ့ အခြေအနေ အချက်အ လက်တွေကို တိုင်းပြည်လူထုနဲ့ နိုင်ငံတကာက သိဖို့ ဖေါ်ထုတ်ရပါလိမ့်မယ်။ ဖေါ်ထုတ်ဖို့ လိုပါတယ်။
အပိုင်း (၂) ပိုင်းခွဲပြီး လုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။
ပထမပိုင်းအနေနဲ့ ရွေးကောက်ပွဲမတိုင်မီကာမှာရှိတဲ့မတရားမှုနဲ့မမျှတမှုတွေကိုစုဆောင်းဖို့လိုပါတယ်။ ဥပမာ – ပါတီတွေ စည်းရုံး ရေးဆင်းတဲ့အခါ/မဲဆွယ်တဲ့အခါ အခွင့်အရေးတန်းတူမှုရှိရဲ့လား/ ဘယ်လိုအတားအဆီး ညစ်ပတ်မှုတွေကြုံရသလဲ။ ပါတီမူဝါဒ သဘော တရားတွေကို မီဒီယာများ (ရေဒီယို/ရုပ်သံ/စာနယ်ဇင်း)မှာ လွတ်လပ်စွာ ဖေါ်ထုတ်ရေးသားတင်ပြနိုင်ခွင့်ရှိသလား။ ဘယ်လိုအတားအဆီး ညစ်ပတ်မှုတွေကြုံရသလဲ စတဲ့အချက်အလက်တွေကို တိတိကျကျ စုဆောင်းရပါမယ်။
ဒုတိယပိုင်းအနေနဲ့ ရွေးကောက်ပွဲကျင်းပစဉ်ကာလမှာ ဘယ်လိုအတားအဆီးနဲ့ ညစ်ပတ်မှုတွေကြုံရသလဲ၊ ဥပမာ – မဲပေးနိုင်သူ စာရင်း/အတင်းအကြပ် မဲပေးစေခိုင်းမှုတွေရှိသလား။ မဲရုံတိုင်းမှာ သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်လောင်းတွေ စောင့်ကြပ်ကြည့်ရှုနိုင်ခွင့် ရှိသလား။ မဲရေတွက်ခြင်း/ ကြိုတင်မဲပေးမှုဆိုင်ရာကိစ္စများ/ ကိုယ်စားလှယ်လောင်းများနှင့် သက်ဆိုင်သည့်ကိစ္စများ စသဖြင့် အတားအဆီး နဲ့ ညစ်ပတ်မှုတွေကို လေ့လာစောင့်ကြည်ရမယ်လို့ ယူဆပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲ အတွေ့အကြုံနဲ့ သင်ခန်းစာအရဆိုရင် ရွေးကောက်ပွဲဟာ တရားမျှတရုံ/ မိမိပါတီအနိုင်ရရုံနဲ့တင် မလုံ လောက်ပါဘူး။ အနိုင်ရပါတီကို အစိုးရဖွဲ့ခွင့်/လွှတ်တော်ခေါ်ခွင့်/ အာဏာလွှဲပြောင်းပေးခြင်းရှိ/ မရှိ ဆိုတဲ့အချက်တွေနဲ့ပါ ဆန်းစစ်ကြည့်ရပါ လိမ့်မယ်။
အထက်မှာတင်ပြခဲ့တဲ့ အချက်အလက်တွေဟာ ရွေးကောက်ပွဲကိုတရားမျှတမှုရှိ/မရှိ တိုင်းတာတဲ့စံတွေတော့ဖြင့်မဟုတ်ပါဘူး။ ၂၀၁ဝ ရွေးကောက်ပွဲမှာ (နအဖ) စစ်အုပ်စုဟာ ဘယ်လိုစံကျတဲ့ညစ်ပတ်မှုတွေဘယ်နည်းဘယ်ပုံကျူးလွန်ခဲ့သလဲဆိုတာကိုတိုင်းပြည်လူထုနဲ့ နိုင်ငံတကာက မျက်မြင်ကိုယ်တွေ့သိရှိ နားလည်စေရန်အတွက် ဖေါ်ထုတ်ဖွင့်ချဖို့သာလျှင်ဖြစ်ပါကြောင်း။