စက်တင်ဘာလ ၁ရက်။ ကေအိုင်စီ
လုပ်ငန်းခွင်များတွင် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးခြင်း၊ စာရွက်စာ တမ်းများ ဖြန့်ဝေခြင်း မပြုလုပ်ရန် ရန်ကုန်ရှိ ပုဂ္ဂလိ်ကနှင့် အစိုးရဝန်ထမ်းများအား ပြီးခဲ့သည့်အပတ်က တားမြစ်မှုများ ရှိနေ ကြောင်း ရန်ကုန်မှ ဝန်ထမ်းအသိုင်းအဝိုင်းများအတွင်း ပြောဆိုနေကြသည်။
မြန်မာနိုင်ငံတွင် ကြက်မွေးမြူရေးနှင့် အသားလုံးလုပ်ငန်း လာရောက်လုပ်ကိုင်နေသည့် Myanmar CP ထိုင်းကုမ္ပဏီတွင် ဩ ဂုတ်လ ၂၇ရက်နေ့က ဝန်ထမ်းများအားလုံးကို အရေးပေါ်အစည်းအဝေးခေါ်ယူကာ စည်းကမ်းချက်ထုတ်လိုက်ကြောင်း ကုမ္ပ ဏီဝန်ထမ်းတစ်ဦးက ယခုလို ပြောသည်။
“ကုမ္ပဏီမှာ အစည်းအဝေးနေ့က စည်းကမ်းထုတ်တာလေ။ အလုပ်ထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အကြောင်း အချင်းချင်း ပြောဆိုတာ၊ စာရွက်စာတမ်းတွေ မိတ္တူကူးတာ အင်တာနက်ကတဆင့် ဖြန့်တာတွေ၊ ဖုန်းကနေတဆင့် ပြောတာတွေကို လုံးဝ မလုပ်ရဘူးလို့ ဝန်ထမ်းရေးရာက ပြောတယ်။”ဟု ကေအိုင်စီကို ပြောသည်။
အလားတူ ပြင်သစ်ကုမ္ပဏီတခုတွင်လည်း ပြီးခဲ့သည့်အပတ်က ဌာနဆိုင်ရာများကို နိုင်ငံရေးနှင့် သက်ဆိုင်သော အလုပ်များ တွင် ပါဝင်ဆောင်ရွက်မှု မရှိရန် ညွှန်ကြားထားပြီး ပါဝင်ပတ်သက်သည်ကို စုံစမ်းသိရှိရပါက ကုမ္ပဏီမှ အလုပ်ထုတ်မည်ဖြစ် ကြောင်း သိရသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အဆိုပါ စည်းကမ်းသတ်မှတ်ချက်မှာ ကုမ္ပဏီဝန်ထမ်းများကိုပင် မဟုတ်ဘဲ အစိုးရ၏ ဌာန ဆိုင်ရာ ဝန်ထမ်းများကိုလည်း ကန့်သတ်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ယခုလို ပြောပြသည်။
သူမက “အားလုံးကို အဲလိုပြောတာက ကုမ္ပဏီ၊ အစိုးရအလုပ်တွေ အားလုံးပေါ့။ လူတွေကလည်း ကိုယ့်ဘဝအတွက်ပဲ ရုန်း ကန်နေရတာ။ အဲဒီလိုကိစ္စကြောင့် ခေါင်းရှုတ်လည်း မခံနိုင်ဘူးလေ။ တရားတာ မတရားတာလည်း မရှိဘူး။ ကိုယ့်ရဲ့ ရွေးချယ် ပိုင်ခွင့်လည်း မရှိဘူး။”ဟု ဆိုသည်။
၎င်းအပြင် ပညာရေးဝန်ထမ်းတစ်ဦးကလည်း “ကျောင်းတွေမှာ အရင်အပတ်က အစည်းအဝေးခေါ်ပြောတယ်။ အစိုးရကျောင်း တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်း မပြောရဘူး။ မဆွေးနွေးရဘူး။ အဖွဲ့အစည်းတွေမှာ မပါရဘူး။ စာရွက်စာ တမ်းတွေနဲ့ စည်းရုံးပြောဆိုတာတွေ မရှိရဘူးတဲ့။”ဟု ပြောသည်။
ယခုအချိန်တွင် ရန်ကုန်မြို့ရှိ အဲန်ဂျီအိုလုပ်ငန်းတွင် လာရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများမှာ မိမိနိုင်ငံသို့ ပြန်သွား ကြသူများ ရှိသလို အချို့မှာ မပြန်ခင် လုပ်ငန်းကို မြန်မာဝန်ထမ်းများထံ တာဝန်လွဲအပ်ပေးနေကြောင်းလည်း သိရသည်။
“ရန်ကုန်မှာ NGO အလုပ်လာလုပ်နေကြတဲ့ နိုင်ငံခြားသားတွေ အခုကတည်းက တဖြည်းဖြည်းနဲ့ ကိုယ့်နိုင်ငံကိုယ် ပြန်ကြကုန် ပြီလို့ ပြီးခဲ့တဲ့ အပတ်ထဲမှာ NGO ရုံးတွေက သိရတယ်။ ရွေးကောက်ပွဲကာလမှာ သူတို့တွေကို နိုင်ငံထဲမှာ နေခွင့်မပေးဘူးလေ။ ဥပမာ visa မပေးတော့တာပေါ့။ ဒါကြောင့် ကျန်နေတဲ့ မြန်မာပြည်သား အလုပ်သမားတွေကို တာဝန်တွေ ခွဲပြီး လွဲပေးနေ တယ်။ တချို့ကလည်း ပြန်ပြီ။ ဆက်ပြန်ရမဲ့သူတွေလည်း ရှိသေးတယ်။”ဟု အဲန်ဂျီအို အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ လက်ရှိ စစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ၎င်းတို့ဌာနဆိုင်ရာအလိုက် အသိပေးထားခြင်းသာဖြစ်ကြောင်း ဝန်ထမ်းများက ပြောဆိုနေကြသည်။