ရဲအုပ်ဗိုလ်စိုးမင်းဟာ ဖားအံမြို့မှာ အရက်သေစာ သောက်စားရမ်းကား ရန်ဖြစ်နေတဲ့ လူငယ်တွေကို ဖမ်းဆီးပြီး တော့ တရားမစွဲဘဲနဲ့ စည်းရုံးသိမ်းသွင်း၍သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော်လည်းကောင်း ရဲတပ်သားသစ်တွေ အဓမ္မ စုဆောင်းနေပါတယ်။ အများအားဖြင့် အသက် ၁၇၊ ၁၈နှစ် လူငယ်တွေကို ဖမ်းဆီးထားပြီး ရဲစခန်းမှူးက မင်းတို့ တရားစွဲဆို မခံချင်ရင် ရဲဌာနထဲဝင်ပါ။ မင်းတို့ မဝင်ရင်တော့ ထောင်ကျမယ်။ ဒဏ်ငွေဆောင်ရမယ်လို့ ပြောတယ်။ လူငယ်တွေက ဘာမှမသိဘူးလေ။ တချို့လူငယ်တွေက မိဘနဲ့ဝေးတော့ ငွေမပေးနိုင်၊ အမှုလည်း မရင်ဆိုင်ချင်တော့ ဝင်လိုက်တယ်။ အခုမြို့မရဲစခန်းမှာ အဲလိုမျိုး စုဆောင်းထားတဲ့ လူငယ်တွေ အယောက် ၂၀ကျော်လောက် ရှိပြီ။
ရဲတပ်သားသစ်တွေ များလာဖို့က စခန်းမှူးရဲ့ တာဝန်ဖြစ်တဲ့အတွက်ကြောင့် ၂၀၁ဝခုနှစ်မှာ စပြီးတော့ ရဲတပ်သားသစ်တွေ ထပ်ဖြည့်ရမယ်ဆိုပြီးတော့ စတင်လုပ်တာ ဖြစ်တယ်။ အရင် အဲဒီလို မရှိခဲ့ဖူးဘူး။ အဲလို ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ဖားအံမြို့က လူငယ်တွေပါသလို ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့အတွက် ဖားအံမှာ ခေတ္တ နေထိုင်တဲ့ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်တို့မှ လာတဲ့ လူငယ်တွေက များတယ်။ အနီးအနားမှာ ရှိတဲ့လူငယ်တွေကိုတော့ ရဲဌာနထဲ မဝင်ချင်ဘူးဆိုရင် မိဘတွေက ဒဏ်ငွေကျပ် ၃သိန်း လာပေးပြီး အိမ်ပြန်လို့ရပေမယ့် ရပ်ဝေးကလာတဲ့ လူငယ်တွေကတော့ မိဘတွေ မလိုက်နိုင်တဲ့အတွက် မဝင်ချင်ဘဲ ဝင်လုပ်နေရတာ ပေါ့။
အမှန်က ရဲဆိုတာက ရဲဧည့်ဥပဒေ ပုဒ်မ(၄၇) မူးယစ်ရမ်းကားမှုအရဆိုရင် လူတယောက်ကို ထောင်ဒဏ် ၇ရက် (ဒါမှမဟုတ်) ငွေဒဏ် ၅ဝကျပ်ပဲ ပြစ်ဒဏ်ရှိတယ်။ ပြီးတော့ ရဲတွေရဲ့ကျင့်သုံးဥပဒေ(၅၁၅)အရ လူတယောက်ကို ၂၄နာရီပဲ ချုပ်ပိုင်ခွင့်ရှိတယ်။ အဲလိုမျိုးမဟုတ်ဘဲ လူတယောက်ကို ၃ရက်လောက် ငွေမရမချင်း ဆက်လက်ထိန်းချုပ်ထားတာတွေ ရှိ တယ်။ ငွေမပေးနိုင်ရင် လူငယ်တွေဆို ရဲတပ်ထဲ ဆွဲသွင်းလိုက်တယ်။ အခုလိုမျိုး ရဲစခန်းမှူးအနေနဲ့ ရဲတပ်သားအင်အား များလာဖို့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲလို့ ကျနော် မြင်ပါတယ်။
ဒါ့အပြင် တကယ့်အပြစ်ကျူးလွန်တဲ့သူတွေဆိုရင်လည်း အမှုရင်ဆိုင်တဲ့အချိန်မှာ ထောင်ထဲမှာပဲ ထိန်းချုပ်ခွင့်ရှိ ပေမယ့် ငွေပေးနိုင်တဲ့သူတွေကို ရဲစခန်းမှာ လွတ်လွတ်လပ်လပ် နေခွင့်ပေးတာတွေရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့လက နောင်လုံကျေးရွာမှာ နေထိုင်တဲ့ နော်ဆာ့မူး(ခ)မာလာကို စိတ်ကြွဆေးပါး ရောင်းဝယ်မှုနဲ့ ဖမ်းထားရာက ထောင်ထဲကို မပို့ဘဲ ပိုက်ဆံကျပ် ၃သိန်းတောင်းပြီးတော့ ရဲစခန်းမှာ ဆက်လက် ထိန်းသိမ်းထားတယ်။ မာလာက ပိုက်ဆံ ၃သိန်းပေးပြီးနောက် ရဲစခန်းမှာ တရက်ပဲနေရပြီးတော့ အထက်က လူကြီးတွေ သိသွားတယ်ဆိုပြီးတော့ ထောင်ထဲပို့ လိုက်တယ်။ အခုလိုမျိုး စခန်းမှူးစိုးမင်းရဲ့ လုပ်ဆောင်ချက်တွေကို အထက်က အဆင့်ဆင့် တာဝန်ရှိသူတွေ၊ အခြားအစိုးရဝန် ထမ်းတွေ သိပေမယ့် ဘာမှမပြောဘဲ မသိသလို နေကြတာကို အားလုံးသိအောင် ပြောပြလိုက်ရပါတယ်။ ဖားအံမြို့ခံတဦး