Home သတင်း ဗုံးပေါက်ကွဲမှုကြောင့် ဘုရားသုံးဆူတွင် လုံခြုံရေး ပိုမိုတင်းကြပ်

ဗုံးပေါက်ကွဲမှုကြောင့် ဘုရားသုံးဆူတွင် လုံခြုံရေး ပိုမိုတင်းကြပ်

1041

ဇူလိုင် ၁ရက်၊ စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ယခင်လ (၂၈)ရက်နေ့ညက ဗုံးပေါက်ကွဲမှု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှစ၍ ယခုအချိန်ထိ လုံခြုံ ရေးများ ပိုမို တင်းကြပ် လာသည်ဟု ဘုရားသုံးဆူ မြို့ခံများက ပြောသည်။

ဘုရားသုံးဆူမြို့ခံတဦးက “အခု အချိန်ဟာ ဒီ ဘုရား သုံးဆူနယ် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ လုံခြုံရေးတွေ ပိုပြီးတော့တောင် ချထားတယ်။ မြို့ထဲမှာလည်း တင်းကြပ်လာတယ်၊ မြို့တွင်းမှာဆို အရင်လိုမဟုတ်တော့ဘဲ ဆိုင်ကယ်တွေကို နံပါတ် ကပ်ပြီးတော့ မောင်းနှင်နေရတယ်”ဟု ကရင် သတင်းစဉ် ကို ပြောသည်။

ယခင်က အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ(၃၂)နှင့် ခမရ(၃၅၇) တပ်ဖွဲ့များသာရှိသည့် ဘုရားသုံးဆူတွင် ဗုံးမပေါက်ကွဲခင် တရက်အလို စကခ(၁၂)လက်အောက်ခံ ဗျူဟာ(၁) ခမရ(၃၅၆)မှ စစ်ကြောင်း (၁)နှင့် (၂)တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ခလရ(၃၁)၏ တပ်စခန်းရှေ့ စစ်ဧည့်ရိပ်သာနှင့် စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (စရဖ) ရုံးရှေ့၌ဗုံးတလုံးစီ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်၊

ဘုရားသုံးဆူမှ ဒီကေဘီအေ တပ်မှူးတဦးက “ဒါတွေဟာ ဘယ်သူ့လက်ချက်ဖြစ်သလဲဆိုတာ ကလေးတောင် တွေးလို့ရတယ်၊ သူတို့ (နအဖ) ဖာသာ သူတို့ ဖြစ်တဲ့ဥစ္စာ ကျနော်တို့နဲ့ ဘာမှမဆိုင်ပါဘူး၊ ဘာမှလည်း ထိခိုက်တာ မရှိပါဘူး၊ မြက် သုံးလေးငါးပင်လောက်ပဲ သေရင်သေမှာပေါ့၊ လုံခြုံရေးအတွက် နည်းနည်းငြိမ်သွားအောင် လုပ်တဲ့သဘောပါ”ဟု ပြောသည်၊

“ဒီလုပ်ရပ်ဟာ သာမန်လုပ်ရပ် မဟုတ်ဘူး၊ သူတို့ (နအဖ)လုပ်ချင်တဲ့ အလုပ်တခုကို ရိုးရိုးကလေးနဲ့ လုပ်လို့ရှိရင် လူတွေဟာ သူတို့အပေါ် တမျိုးမြင်မှာ၊ ဒီတော့ ဗုံးပေါက်ကွဲမယ်ဆိုရင် လုံခြုံရေးပိုင်းမှာ တင်းကြပ်လို့ရတယ်၊ ဘုရားသုံးဆူမြို့ လုံခြုံရေး တခုတည်း အတွက်တော့ မဖြစ်နိုင်ဘူး၊ တခြားအကြောင်းတွေလည်း ရှိမယ်လို့ ယူဆရတယ်”ဟု ဘုရားသုံးဆူမှ ကေပီအက်ဖ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ရပ်ကွက် (၄)ခု ရှိသည့် ဘုရားသုံးဆူမြို့တွင် ရပ်ကွက်တခုလျှင် လူ(၁၀)ဦး လုံခြုံရေးအတွက် အလှည့်ကျ ထားရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ နအဖတပ်ဖွဲ့ဝင်များနှင့် ရောနှောထားရှိ သွားမည်ဖြစ်သည်။ ၎င်းအပြင် ဘုရားသုံးဆူမြို့ အတွင်းရှိ ဆိုင်ကယ်များကိုလည်း ရပ်ကွက်အလိုက် နံပါတ်များ တပ်ဆင်ရမည် ဖြစ်ကြောင်း ဇွန်လ (၂၉)ရက်နေ့တွင် ခမရ(၃၂)က အမိန့်ထုတ်ပြန် လိုက်သည်ဟု မြို့ခံများက ပြောဆိုနေကြသည်၊

ဘုရားသုံးဆူနယ်မြေတွင် နအဖစစ်တပ် အပါအ၀င် ကေအဲန်ယူ၊ ဒီကေဘီအေ၊ ကေပီအက်ဖ် (ဟောင်သရော အထူးဒေသ)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီနှင့် မွန်ပြည်သစ်ပါတီအဖွဲ့တို့ လှုပ်ရှားလျှက်ရှိပြီး ထိုဒေသရှိ ကေအဲန်ယူ တပ်ရင်းများကို ထိုးစစ်ဆင်ရန်အတွက် နအဖစစ်တပ်မှ ၎င်း၏ တပ်ဖွဲ့များကို ညွှန်ကြားလိုက်ပြီ ဖြစ်ကြောင်း အတည်မပြု နိုင်သေးသည့် သတင်းရပ်ကွက်များအရ သိရသည်။