Home သတင်း အချင်းချင်းကြား ပဋိပက္ခကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုကြရန် KTLA နှင့် KNU တပ်မဟာ (၄) အား တနင်္သာရီတိုင်း ကရင်ပြည်သူများတောင်းဆို

အချင်းချင်းကြား ပဋိပက္ခကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုကြရန် KTLA နှင့် KNU တပ်မဟာ (၄) အား တနင်္သာရီတိုင်း ကရင်ပြည်သူများတောင်းဆို

774
Photo: Crd.

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) နယ်မြေအတွင်းဖြစ်ပွားနေသည့် ကော်သူး လေအာမီ(KTLA) နှင့် KNU တပ်မဟာ (၄)တို့အကြား ပဋိပက္ခ တင်းမာမှုများကို လက်နက်ကိုင် ဖြေရှင်ကြခြင်းမပြုရန် တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုများက ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ကရင်အမျိုးသားလက်နက်ကိုင် အချင်းချင်းကြား ဖြစ်ပေါ်သော ပဋိပက္ခများအား ဖြေရှင်းရာတွင် လက်နက်ဖြင့် ဖြေရှင်းခြင်းသည် ကရင်လူထုအနေဖြင့် လုံးဝလက်ခံနိုင်သည့် အရာမဟုတ်ကြောင်း နှင့် လက်နက်ကိုင် ဖြေရှင်းခြင်းကြောင့် ကရင်လူထုများအတွက် ကောင်းမွန်သော ရလဒ်မပေးဘဲ ပိုမိုဆိုး ရွားသော အခြေအနေကိုသာ တွန်းပို့ပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်။

ထုတ်ပြန်ချက်ပါ ပြောခွင့်ရ နော်ထီးခုက “ ကျမတို့ ကရင်လူမျိုးအကြား ကွဲပြဲတာက ဟို အရင်ကတည်းက ရှိခဲ့ပြီးသားပါ။ အခုထိလည်း ဆက်ရှိနေတုန်းပဲ။ အချင်းချင်းကြားလည်း ပစ်နေကြ တုန်းပဲ။ အခုလည်း တနင်္သာရီတိုင်းမှာလည်း ပဋိပက္ခက ကြီးလာတယ်။ ပိုလည်းကြီး လာနိုင်တယ်။ အဲ့ဒါ ကြောင့် ကျမတို့ ကရင်အချင်းချင်းကြား ပြန်ပစ်တာမျိုး မလိုလားဘူး။ ဒါကြောင့် ကရင်ခေါင်းဆောင်တွေ အနေနဲ့ဒါကို အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုလိုတာပဲ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများ ကြီးထွားလာပါက တနင်္သာရီတိုင်းအတွင်းရှိ ကရင်လူမျိုး များအပြင် အခြားသော လူမျိုးများကိုပါ ထိခိုက်စေနိုင်ပြီး လူမျိုးစုများအကြား မလိုလားအပ်သောတင်း မာမှုများ၊ မုန်းတီးမှုများဖြစ်ပေါ်လာနိုင်သလို ပြည်သူလူထုအကြား စိတ်ဝမ်းကွဲမှုမယုံကြည်မှုများကို ဖြစ်ပေါ် စေနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် သတိပေးပြောဆိုထားသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ကရင်လက်နက်ကိုင်အကြား ပဋိပက္ခကိုဖြေရှင်းရန်မှာ အစည်းအရုံး ခေါင်းဆောင်များ၏ တာဝန်သာဖြစ်ပြီး အချင်းချင်းလက်နက်ကိုင်ထားကြသောကြောင့်လည်း နူးညံ့သိမ်မွေ့သည့် နည်းလမ်းများဖြင့် နှစ်ဖက်အပြန်အလှန် အလျှော့ပေးလိုက်လျောမှုများဖြင့် ဖြေရှင်းသင့်ကြောင်းလည်း ကရင်အမျိုးသမီးအစည်းအရုံး-KWO အတွင်းရေးမှူး နော်ကညောဖောက ယခုလို ပြောသည်။

“ကျမတို့အနေနဲ့ ဝင်ရောက်ပြောဆိုဖို့က ဘာအခွင့်အာဏာမှ မရှိဘူးလေ။ တစ်ခုခုဖြစ်တယ်ဆိုရင် နီးစပ်ရာ ခေါင်းဆောင်တွေကို ကျမတို့ အမြင်သဘောထားတွေ ပြောပြရုံလောက်ပဲရတယ်။ ကျမ ယုံကြည်တာက ဒီကိစ္စကဖြေရှင်းလို့ရပါတယ်။ ပြီးတော့ လက်နက်ကိုင်ထားကြတဲ့အတွက် ဒါကို အကြမ်းနည်းဖြေရှင်းလို့ မရဘူး။ တွေ့ဆုံညှိနှိုင်းတဲ့ နည်းလမ်းတွေကို သုံးပြီး ဖြေရှင်းရမယ်ဆိုတာလည်း ကျမတို့ ခေါင်းဆောင်တွေ နားလည်ကြပါတယ်။ ဒါကိုတော့ အမြန်ဆုံးဦးစားပေး ဖြေရှင်းသင့်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ကရင်လူမျိုးအကြားဖြစ်ပွားသည့် ပဋိပက္ခများကို အကြမ်းဖက်နည်းလမ်းများဖြင့် ဖြေရှင်းခြင်းသည် နောက် ကရင်လူငယ်မျိုးဆက်များအတွက် အတုယူဖွယ်ကောင်းသည့် နည်းလမ်း မဟုတ်သောကြောင့် လည်း ပဋိပက္ခအကြား အနစ်နာခံခဲ့ရသည့် ပြည်သူလူထုများကို ပြန်အမှတ်ရခြင်းများဖြင့် အပြုသဘော ဆောင်သည့် နည်းလမ်းများဖြင့် ဖြေရှင်းကြစေလိုကြောင်းလည်း တနင်္သာရီ တိုင်းရှိ ကရင်လူထုများ၏ ထုတ်ပြန်ချက်တွင် ဆိုသည်။

လက်ရှိ KTLA နှင့် KNU တပ်မဟာ (၄) အကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို ကေအဲန်ယူ(ဗဟို)က မည်သည့် ပုံစံဖြေရှင်းနေသည်ကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်းရာ တရားဝင် ထုတ်ဖော်ပြောဆို လိုခြင်းမရှိသေးကြောင်းသာ ပြောဆိုသည်။

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ KNU က ရာထူးတာဝန်မှ ရပ်စဲလိုက်သည့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့-KNDO ၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် ကော်သူးလေတပ်မတော်-KTLA ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပြီး ၎င်းကို ထောက်ခံသည့် KNU တပ်မဟာ (၄) နယ်မြေရှိ KNDO တပ်ဖွဲ့ဝင်အချို့ လည်း KTLA သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုများစတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေအသီးသီးတွင် နှစ်ဖက်အချင်းချင်းကြား ပဋိပက္ခများမှာ ပိုမို ကြီးထွာလာကာ လက်နက်ကိုင်ဖြေရှင်းသည့် နည်းလမ်းများပါ ပါဝင်လာပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများ၊ ခြိမ်းခြောက်ပြောဆိုမှုများ၊ စွပ်စွဲပြောဆိုမှုများဖြင့် ယခုအချိန်ထိ ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။