Home သတင်း ဖမ်းဆီးခံသတင်းမီဒီယာသမားများအား ပြန်လွှတ်‌ပေးရန်နှင့် အင်တာနက်လိုင်းများဖွင့်‌ပေး‌ရေး နိုင်ငံတကာသံတမန်အဖွဲ့အစည်းများ ‌တောင်းဆို

ဖမ်းဆီးခံသတင်းမီဒီယာသမားများအား ပြန်လွှတ်‌ပေးရန်နှင့် အင်တာနက်လိုင်းများဖွင့်‌ပေး‌ရေး နိုင်ငံတကာသံတမန်အဖွဲ့အစည်းများ ‌တောင်းဆို

1750

‌မေလ ၃ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီး‌နောက် ဖမ်းဆီးခံထားရသည့် သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်‌ပေးရန် နှင့် အင်တာနက်လိုင်းများ ပြန်ဖွင့်‌ပေးရန် မြန်မာနိုင်ငံအ‌ခြေစိုက် နိုင်ငံတကာသံတမန်အဖွဲ့အစည်း ၁၇ ဖွဲ့မှ ယ‌နေ့ ‌မေလ ၃ ရက်‌နေ့တွင် ကျ‌ရောက်‌သော ကမာ္ဘ့သတင်းလွတ်လပ်ခွင့်‌နေ့တွင် စု‌ပေါင်းသ‌ဘောထား‌ကြေညာချက်ထုတ်ပြန်၍ ‌တောင်းဆို ထားသည်။

မြန်မာပြည်တွင်အ‌ခြေစိုက်ရုံးဖွင့်ထားသည့် ဩစ‌တေးလျ၊ က‌နေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥ‌ရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ ‌နော်‌ဝေး၊ စပိန်၊ ဆွီဒင်၊ ဆွဇ်ဇာလန်၊ ယူ‌ကေနှင့် အ‌မေရိ ကန်ပြည်‌ထောင်စုဆိုင်ရာ စသည့်သံတမန်အဖွဲ့အစည်းများက ပူး‌ပေါင်း၍ ယ‌နေ့ကမာ္ဘ့သတင်းလွတ်လပ်ခွင့်‌နေ့တွင် ‌ကြေညာချက်ထုတ်ပြန်ကာ ထိုသို့‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လွတ်လပ်စွာထုတ်‌ဖော်‌ပြောဆိုခွင့်ကိုထိန်းသိမ်းရာ၌ စာနယ်ဇင်းကဏ္ဍ၏ အ‌ရေးပါ အရာ‌ရောက်မှုကို ‌လေးစားဂုဏ်ပြုအပ်ပါ‌ကြောင်း၊ မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုက‌ရေစီ ကျင့်သုံး‌သော လူမှုအသိုက်အဝန်းများ၏ အ‌ခြေခံအုတ်မြစ်ဖြစ်ပြီး အကြွင်းမဲ့ထိန်းသိမ်း‌စောင့်‌ရှောက်‌ပေးကာ မကွယ်‌ပျောက်‌စေသင့်‌သော တရားဝင်ဖြစ်မှုရင်းမြစ်တစ်ခုလည်း ဖြစ်ပါ‌ကြောင်းနှင့် စာနယ်ဇင်းသမားများအ‌နေဖြင့် လက်တုံ့ပြန်ရန်ရှာ ခြိမ်း‌ခြောက် ခံရမည့်အန္တရာယ်ကို ‌ကြောက်ရွံ့စိတ်ကင်းစွာဖြင့် လွတ်လပ်မှုရှိရှိ သတင်းတင်ပြခွင့် ရှိရမည်ဖြစ်‌ကြောင်း ‌ရှေးဦးစွာ ‌ဖော်ပြထားသည်။

‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့တွင် စစ်အာဏာသိမ်းခြင်းမှအစပြု၍ စာနယ်ဇင်းသမား‌ပေါင်း ၈ဝ ‌ကျော် ဖမ်းဆီးခံရပြီး ထက်ဝက်‌ကျော်ခန့်မှာ ယခုထက်တိုင်ထိန်းသိမ်းခံထားရသလိုမီဒီယာကုမ္ပဏီများအ‌နေဖြင့် သတင်းအချက်အလက်များ ထုတ်လွှင့်ရန်‌သော်လည်း‌ကောင်း၊ တင်ပြရန်‌သော်လည်း‌ကောင်း ပိတ်ပင်ခံထားရပြီး ၎င်းတို့၏ လုပ်ငန်းလိုင် စင်များကိုလည်း ဖျက်သိမ်း၍ ရုံးခန်းများကိုလည်း ဝင်‌ရောက်စီးနင်းမှုများရှိခဲ့သည်။

၎င်းအပြင်မီဒီယာအစီအစဉ်အများစုသည် ရပ်ဆိုင်းရန်ဖိအား‌ပေးခံရလျက်ရှိပြီး လက်ရှိ မြန်မာနိုင်ငံတွင်မည်သည့် လွတ်လပ်‌သော ပုံနှိပ်မီဒီယာမျှ လုပ်ငန်းလည်ပတ်‌နေခြင်းမရှိဘဲ သတင်းလွှမ်းခြုံမှု၊ ဆက်သွယ်‌ရေးနှင့် သတင်း အချက်အလက်ရရှိမှုတို့ကို ထိန်းချုပ်ရန် အင်တာနက်များကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ဤလုပ်ရပ်များသည် မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌ကြေညာစာတမ်းတွင် ပြဋ္ဌာန်းထား‌သော လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်‌ဖော်‌ပြောဆိုခွင့်တို့ကို ချိုး‌ဖောက်ခြင်းဖြစ်‌ကြောင်း နိုင်ငံတကာ သံတမန်အဖွဲ့အစည်း၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတွင် မီဒီယာဝန်ထမ်းများအားလုံးကို ချက်ချင်းလွှတ်‌ပေးရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ် ‌ရေးလွတ်လပ်ခွင့်အတွက် အင်တာနက်ပိတ်ဆို့မှုများအားလုံးကိုရပ်ဆိုင်းရန် မိမိတို့‌တောင်းဆို လိုက်ပါ‌ကြောင်း နှင့် မြန်မာနိုင်ငံတွင် စာနယ်ဇင်းသမားများနှင့် မီဒီယာဝန်ထမ်းများသည် ဖိနှိပ်ခံရမှုရှိ‌နေလင့်ကစား တိကျ ‌သေချာ‌သော သတင်းအချက်အလက်များကို လက်လှမ်းမီခွင့်ရရှိ‌အောင်ကြိုးပမ်း‌ဆောင်ရွက် ‌နေသူများ၏အားထုတ်မှုကို ချီးကျူး ဂုဏ်ပြုပါ‌ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

‌ကောင်းမွန်‌သော စီမံအုပ်ချုပ်မှုနှင့် လူသားတို့၏ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျကျပါဝင်သည့် လွတ်လပ်၍ အမှီအခို ကင်း‌သော မီဒီယာကဏ္ဍကို မိမိတို့အ‌နေဖြင့် ဆက်လက် အား‌ပေးပံ့ပိုးသွားမည် ဖြစ်သည်ဟုလည်း နိုင်ငံတကာ သံတမန်အဖွဲ့အစည်း ၁၇ ဖွဲ့က ‌ပြောသည်။

မြန်မာပြည်တွင်း၌သတင်းဌာနများမှာ ဖိအား‌ပေးခံရမှုများ ရှိ‌နေသလို ယမန်‌နေ့ ‌မေလ ၂ ရက်‌နေ့က ထုတ်‌ဝေခွင့် ပိတ်သိမ်းခဲ့ခြင်းခံရ‌သော မြစ်ကြီးနားသတင်းဌာနအပါအဝင် သတင်းဌာန ၆ ခုနှင့် အထက်ရှိ‌နေသည်။ ၎င်းအပြင် သတင်းရယူ‌ရေးသား ထုတ်‌ဝေမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံ‌နေရသည့် သတင်းသမား ၄ဝ ‌ကျော် ရှိ‌နေသည်။