Home သတင်း ကိုဗစ် -၁၉ ပန်းချီပြိုင်ပွဲမှတဆင့် ‌ရောဂါ ကာကွယ်‌ရေးတွင် စခန်းတွင်းပြည်သူများပူး‌ပေါင်းပါဝင်နိုင်

ကိုဗစ် -၁၉ ပန်းချီပြိုင်ပွဲမှတဆင့် ‌ရောဂါ ကာကွယ်‌ရေးတွင် စခန်းတွင်းပြည်သူများပူး‌ပေါင်းပါဝင်နိုင်

3946

‌မေလ ၂၇၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ပုံဆွဲခြင်းဖြင့် ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ရာတွင် နယ်စပ်‌ဒေသရှိ ဒုက္ခသည်များ ပါဝင်နိုင်သည့် အစီအစဉ်တစ်ခုကို ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း (၉) ခုအတွက် စားနပ်ရိက္ခာ အဓိက ‌ထောက်ပံ့‌ပေး‌နေသည့် The Border Consortium (TBC)က မယ်လဒုက္ခသည်စခန်းတွင် ပြုလုပ်ခဲ့သည်။

‌မေလ ၁ရက်မှ ၁၈ရက်‌နေ့အထိ ပြုလုပ်သည့် ၎င်း ပန်းချီပြိုင်ပွဲကို ဝင်‌ရောက်ပြိုင်ဆွဲထားသည့် ပုံများထဲမှ အနိုင်ရပုံများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ရွေးချယ်၍ ပထမဆု တစ်ဦး၊ ဒုတိယဆု တစ်ဦး နှင့် တတိယဆု သုံးဦးကို ဆုအသီးသီး‌ပေး အပ်သွားခဲ့သလို ကိုဗစ်ကာကွယ်‌ရေး ပညာ‌ပေးလှုပ်ရှားမှုများတွင် ပါဝင်အသုံးပြုသွားမည်ဖြစ်သည်။

မယ်လစခန်းတွင် ယခုပန်းချီပြိုင်ပွဲမှ ဆုရသူများက ၎င်းတို့၏ ဝင်‌ရောက်ပါဝင်ယှဉ်ပြိုင်မှု နဲ့ ပုံ‌ဖေါ်ဆွဲထား‌သော ကိုဗစ် -၁၉ ကာကွယ်‌ရေးဆိုင်ရာ ပန်းချီများအ‌ပေါ် သူတို့၏စဉ်းစားချက်များနှင့်အသံများကို စုစည်း‌ဖော်ပြလိုက်ပါသည်။

‌စောဖိစ် နှင့်သူ၏ပန်းချီ
Saw Peace ၊ ပထမဆုရှင်

“ဒီပန်းချီဆွဲပြိုင်ပွဲမှာ ကျ‌နော်ပထမဆုရတယ်။ ပုံက‌တော့ ဒီ Covid -19 နဲ့ပတ်သက်တဲ့ ပညာ‌ပေးရုပ်ပုံ‌တွေကိုဆွဲရတယ်။ ဒီ Coronavirus ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ရည်ညွှန်းပြီး‌တော့‌ပေါ့‌နော်။ ဒီလိုမျိုးအရာဟာ အကျိုး ‌ကျေးဇူးရှိ တယ် လို့ ကျ‌နော်မြင်တယ်။ ဘာဖြစ်လို့လည်းဆို‌တော့ ဒီ‌ရောဂါကလူ‌တွေကို ဘယ်လိုကူးစက်နိုင်သလဲဆိုတာကို ကျ‌နော်တို့ အားလုံးမသိဘူး။ အဲဒါ‌ကြောင့် ဒီလိုမျိုး ပညာ‌ပေးလုပ်‌ဆောင်မူ‌လေး‌တွေရှိရင် မသိ‌သေးတဲ့ လူ‌တွေအတွက် ကြိုတင် ကာကွယ်လို့ရတာ‌ပေါ့။ ဒီလိုမျိုးလုပ်‌ဆောင်မှုမျိုးကို လုပ်‌ဆောင်သင့်တယ်လို့ ကျ‌နော်မြင်တယ်၊ ဘာဖြစ်လို့လည်း ဆို‌တော့ ဒီပန်းချီရုပ်ပုံ‌တွေရဲ့ ရှင်းပြချက်‌တွေက ကျ‌နော်တို့လူလူချင်း တစ်‌ယောက်နဲ့တစ်‌ယောက် မျက်နှာချင်းဆိုင်ပြီး ရှင်းပြတာ ထက်ပိုပြီး‌တော့ မြင်သာမူရှိတယ်။
TBC နဲ့ KRC တို့ကိုလည်း ကျ‌နော် အရမ်း‌ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးကျ‌နော်တို့‌တွေအတူတူ ပန်းချီ‌ရေးဆွဲနိုင်‌အောင် လုပ်‌ဆောင်‌ပေးတဲ့တွက်‌ပေါ့‌နော်။ ဒါဟာ‌ကောင်းတဲ့လုပ်‌ဆောင်ချက်ဖြစ်တယ်။ ကျန်တဲ့က‌လေး‌တွေ အတွက်လည်း ဒီပန်းချီဆွဲတဲ့ပညာနဲ့ပတ်သက်ပြီး‌တော့ အသိအမြင်အ‌တွေတိုးပွားလာပြီး စိတ်အားထက်သန်လာဖို့အတွက်‌ပေါ့‌နော်။ ဒီ covid ‌ရောဂါနဲ့ပတ်သက်တဲ့အရာတစ်ခုထဲ မဟုတ်ဘူး‌ပေါ့‌နော်၊ ‌နောက်လာမယ့် အ‌ကြောင်းအရာ‌တွေလည်း အမျိုးမျိုးရှိ ‌သေးတယ်။ အဲဒါ‌ကြောင့် ဒီလိုမျိုး ပန်းချီဆွဲတာနဲ့ ပတ်သက်ပြီး‌တော့ အစီအစဉ်‌တွေရှိ‌သေးရင်လည်း ကျ‌နော်တို့အတွက် ဆက်လက်စီစဉ်‌ပေးဖို့အတွက် ကျ‌နော်တို့‌မျှော်လင့်ပါတယ်။”

‌နော်အမဲနာ နှင့်သူမ၏ပန်းချီ
‌နော်အမဲနာ ၊ ဒုတိယဆုရှင်

“ကျမ ငယ်ငယ်‌လေးကတည်းက‌နေ ပန်းချီကိုစဆွဲတယ်။ ကျမက သဘာဝအလှတရားနဲ့ ပတ်သက်တဲ့ရုပ်ပုံ‌တွေကိုဆွဲတယ်။ ပြီး‌တော့ ကျမတို့ရဲ့ အိမ်ပတ်ဝန်းကျင်ထဲမှာရှိတဲ့ အ‌ဆောက်အဦး‌တွေကိုကြည့်ပြီး‌တော့ဆွဲတယ်။ စိတ်ဝင်စားတာက ကြီးလာရင် ပန်းချီဆရာမဖြစ်ချင်တယ်။
ပန်းချီဆွဲပြိုင်တဲ့ လူ ၃၄ ‌ယောက်ထဲက ဆုရတဲ့အတွက် ကျမအရမ်း‌ပျော်တယ်လို့ ခံစားရတယ်။ အကျိုး‌ကျေးဇူးရရှိတာ က‌တော့ က‌လေးတွက် လွတ်လပ်ခွင့်ရပြီး ပန်းချီ‌ရေးဆွဲတတ်ဖို့ အတွက်‌ပေါ့‌နော်။ လာမယ့်‌ရှေ့ဆက်အချိန်မှာလည်း ဒီလိုမျိုး ‌ပျော်စရာ‌တွေနဲ့ ကျမတို့ပန်းချီ‌ရေးဆွဲရဖို့အတွက် TBC တို့အ‌နေနဲ့ ‌နောက်ထပ်လာပြီးကျင်းပ‌စေချင်တယ်။”

‌နော်ရှီးကမူး‌ဖေါနှင့်သူမ၏ပန်းချီ
‌နော်ရှီးကမူ‌ဖော ၊ တတိယဆုရှင်

“ကျမက KSNG အဖွဲ့ဝင်တစ်‌ယောက်ဖြစ်ပါတယ်။ ကျမအဖွဲ့‌ခေါင်း‌ဆောင်က ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး ပန်းချီပြိုင်ပွဲ ရှိတယ်လို့ ‌ပြောတယ်။ ကျမ စိတ်ဝင်စားတဲ့အတွက် ဒီပြိုင်ပွဲကို ဝင်ပြိုင်ရတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ညီအစ်မ ၃ ‌ယောက်ဝင်ပြိုင်တယ်။ ဆုရတာက‌တော့ ကျမတစ်‌ယောက်ပါပဲ။
ဆုရဖို့ ရည်မှန်းပြီး‌တော့ ကျမဝင်ပြိုင်ခဲ့တယ်။ ‌နောက် ကိုဗစ် ၁၉ နဲ့ပတ်သက်တဲ့အ‌ကြောင်းအရာ‌တွေက စာနဲ့‌ရေးရင် စာဖတ်မတတ်တဲ့သူ‌တွေလည်းရှိတယ်။ ပုံနဲ့ပြရင် သူတို့သိနိုင်တယ်။ အဲဒါ‌ကြောင့် ပန်းချီအ‌နေနဲ့ ‌ဖော်ပြ‌ပေးဖို့ ရည်ရွယ်ဖြစ်ပါတယ်။
အစက‌တော့ ဘာဆွဲရမလဲဆိုတာကို ကျမ မသိဘူး။ အစမှာ လူစုလူ‌ဝေးတခုဆွဲမယ်။ လူပုံဆွဲဖို့လည်း ကျမက လူပုံဆွဲ မတတ်။ အဲဒီ‌တော့ ကျမသတင်းထဲမှာ ‌တွေ့ဖူးတယ်။ သူများ ဘယ်လို‌နေထိုင်ရလဲ နှာ‌ခေါင်းစည်း ( Mask )ကို ဘယ်လို သုံးရလဲ။ ‌နောက် ကျမ နှာ‌ခေါင်းစည်းသုံးတဲ့ပုံတစ်ခုရယ်၊ လက်‌ဆေးတဲ့ပုံတစ်ခုရယ်၊ ကိုယ်ခံအား ဖြစ်‌စေနို်င်တဲ့ အစားအစာတစ်ခုရယ်၊ အိမ်မှာ‌နေရမယ်တစ်ခုရယ် ကျမဆွဲလိုက်တယ်။ သတင်းထဲမှာပဲ ကျမ အိုင်ဒီယာရတယ်။ ဒီပြိုင်ပွဲက အကျိုးရှိတယ်။ ဘယ်လိုလဲဆို‌တော့ ကျမတို့အိမ်မှာ‌နေရတာ တအားပျင်းစရာ‌ကောင်းတယ်။ ဘာမှ လုပ်စ ရာလည်းမရှိ၊ အိမ်အပြင်ကိုလည်း ထွက်လို့မရ၊ အဲဒီ‌တော့ ပြိုင်ပွဲဝင်တယ်။ ကျမက ပြိုင်ပွဲကြိုက်တယ်။ ဒီပြိုင်ပွဲက အကျိုးရှိတယ်။ ဒီပြိုင်ပွဲ‌ကြောင့် ကိုဗစ်-၁၉‌ရောဂါနဲ့ ပတ်သက်ပြီး အများကြီး ကျမ‌လေ့လာသင်ယူခဲ့ရသလို ကျမပုံကို မြင်တဲ့သူ‌တွေလည်း ကိုယ့်ကိုယ်ကို ဘယ်လိုနည်းနဲ့ ကာကွယ်ရမလဲဆိုတာကို သိသွားမယ်လို့ ကျမယုံကြည်တယ်။ ‌နောက်ဆုံးအ‌နေနဲ့ ဒီလိုပြိုင်ပွဲမျိုးများများ လုပ်‌ပေးပါလို့‌ပြောချင်ပါတယ်။”

‌စောတာအယ်ဒိုမူးနှင့်သူ၏ပန်းချီ
‌စောတာအယ်ဒိုမူး၊ တတိယဆုရှင်

“ကျ‌နော်က ပန်းချီဆွဲတာ ဝါသနာပါလို့ ဝင်ပြိုင်တာပါ၊ ‌နောက်ဒီလိုမျိုး ကျ‌နော်တို့ဆွဲ‌တော့ ဒီပုံ‌တွေကိုကြည့်ပြီး လူအများ အတွက် ဒီ‌ရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိကြမယ်။
ကျ‌နော်က‌တော့ အင်တာနက်မှာလည်း‌လေ့လာတယ်၊ ‌နောက်ထိုင်းသတင်း‌တွေမှာလည်း လိုက်ပြီးကြည့်တယ်။ အခုက စခန်းထဲမှာလည်း ‌ပြောပြတာ‌တွေရှိတယ်။ အပြင်သွားရင် နှာ‌ခေါင်းစည်း (Mask) တပ်ရမှာတို့၊ လူစု လူ‌ဝေး‌ရှောင်ရမှာတို့၊ ဖြစ်နိုင်ရင်အိမ်မှာပဲ ‌နေရမှာတို့‌ပေါ့၊ ချမှတ်ထားတဲ့စည်းကမ်းချက်‌တွေရှိတယ်။ ‌နောက် အပြင်လူ‌တွေပြန်ဝင်လာမယ်ဆိုရင် Quarantine ‌နေရမှာတို့ရှိပါတယ်။
ကျ‌နော်ဆွဲထားတာက အပိုင်း‌လေးပိုင်းရှိတာ‌ပေါ့‌နော်။ နံပါတ် (၁)က ‌ရောဂါရှိမရှိအစစ်‌ဆေးခံတာ၊ (၂)က လက်‌ဆေးတာ၊ (၃) က ‌ရေသွားခပ်တဲ့အချိန်မှာ လူ‌တွေကများ‌တော့ တစ်‌ယောက်နဲ့တစ်‌ယောက် ခပ်ခွာခွာ‌လေး‌နေထားတဲ့ပုံ။ ‌နောက်ဆုံး နံပတ်(၄) က‌တော့ အိမ်မှာ‌နေပြီး စာဖတ်၊ လိုင်း‌တွေ‌ပေါ်မှာ သင်ယူ‌လေ့လာတဲ့ပုံပါ။ ကျ‌နော်ဆွဲထားတဲ့ပုံလို ပတ်ဝန်းကျင် မှာရှိတဲ့သူ‌တွေက အဲပုံကိုကြည့်ပြီး အားလုံးလိုက်နာ‌ဆောင်ရွက်မယ်လို့ ကျ‌နော်‌မျှော်လင့်ပါတယ်။”

‌နော်ဆါက‌ပေါ်နှင့်သူမ၏ပန်းချီ
‌နော်ဆါက‌ပေါ်ဝါး၊ တတိယဆုရှင်

“ပန်းချီကို စိတ်ပါဝင်ဆွဲချင်လို့ ဝင်ပြိုင်တာပါ။ ဒီ‌ရောဂါနဲ့ပတ်သတ်ပြီး အာရုံရလာလို့ဆွဲဖြစ်တာပါ။ ‌ရောဂါ ကြိုတင် ကာကွယ်‌ရေးအတွက် လူ‌တွေကို ပညာ‌ပေးချင်လို့ပါ။ ဒီပြိုင်ပွဲမှာလည်း သမီးက တတိယဆုရပါတယ်။
သမီးဆွဲတဲ့အ‌ကြောင်းအရာက‌တော့ အိမ်မှာ‌နေရမယ်၊ လက်ကို မကြာခဏ ‌ဆေး‌ကြောရမယ်၊ မိမိအိမ်‌ရှေ့မှာ လက်‌ဆေး ‌နေရာထား‌ပေးရမယ်၊ ‌နောက်ပြီး အပြင်ထွက်ရင် Mask နဲ့ နှာ‌ခေါင်းအုပ်ထားရမယ်၊ ‌နောက်ပြီးရင် တစ်‌ယောက်နဲ့ တစ် ‌ယောက်နီးနီးကပ်ကပ်မ‌နေရဘူး၊ လူစုလူ‌ဝေးရှိတဲ့‌နေရာမှာလည်း မ‌နေရဘူး။ အားလုံးအတွက် အကျိုးရှိမယ်လို့ ထင်မိပါ တယ်။ ပြိုင်ပွဲကိုပြုလုပ်‌ပေးတဲ့ အဖွဲ့အစည်းကိုလည်း ‌နောက်ကျရင် ထပ်လုပ်‌ပေးပါလို့ ‌ပြောချင်ပါတယ်။”

မယ်လစခန်းမျိုး ကိုဗစ် ၁၉ ‌ရောဂါကာကွယ်‌ရေးဆိုင်ရာ ပန်းချီပြိုင်ပွဲကို လာမည့် ဇွန်လ ၁ ရက်‌နေ့မှ စပြီး ကျန်ရှိသည့် စခန်း ၈ ခုဖြစ်သည့် တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး၊ အုန်းဖျံစခန်း၊ မယ်‌ဟောင်‌ဆောင် ခရိုင်အတွင်းရှိ မယ်ရာမိုနှင့် မယ်လဦး စခန်း၊ ကန်ချနဘူရီ ခရိုင်အတွင်းရှိ Site 1 နှင့် Site 2 စခန်း၊ စန်ခလဘူရီခရိုင်အတွင်းရှိ ထမ်ဟင်နှင့် ဘန့်ဒုံယန်းစခန်းများတွင်လည်း ပြုလုပ်သွားမည်ဖြစ်သည်။ လိုအပ်သည့် ပိုစတာများ၊ Drawing Paper ကိုလည်း ပို့‌ဆောင်ထားပြီး တချို့စခန်းတွင်လည်း ‌ကြေညာထားရန် ‌ပြောထားပြီးဖြစ်‌ကြောင်း ယခုပြိုင်ပွဲအတွက် ဦးစီးဦး‌ဆောင်မှုပြု‌နေသည့် TBC မှ လူထုစီမံခန့်ခွဲမှုနှင့် ပြင်ဆင်မှုစီမံကိန်းမန်‌နေဂျာ စွမ်ချထ် ဖွန်းစီရိထဒါး က ‌ကေအိုင်စီသို့ ‌ပြောသည်။

စွမ်ချထ် ဖွန်းစီရိထဒါး၊လူထုစီမံခန့်ခွဲမှုနှင့် ပြင်ဆင်မှုစီမံကိန်းမန်‌နေဂျာ

ဇွန်လ ၁ ရက်မှစပြီး လိုအပ်သည့်ပစ္စည်းများကို သက်ဆိုင်ရာစခန်းမှ ရယူနိုင်ပြီး စတင်‌ရေးဆွဲနိုင်သလို ဇွန်လ ၁၅ ရက်‌နေ့အထိ အချိန်‌ပေးထားသည်။ ဇွန်လ ၁၉ ရက်‌နေ့ ‌နောက်ဆုံးထားပြီး စခန်းများမှ တီဘီစီ ဆီသို့ အ‌ရောက်ပို့‌ဆောင်လာရမည်ဖြစ်ပြီး ဇွန်လ ၂၂ ရက်‌နေ့မှာ မည်သူ ဆုရသည်ကို အဆုံးအဖြတ်‌ပေးသွားမည်ဟု သိရသည်။

TBC၏ လူထုစီမံခန့်ခွဲမှုနှင့် ပြင်ဆင်မှုစီမံကိန်းမန်‌နေဂျာ စွမ်ချထ် ဖွန်းစီရိထဒါး က “ကျ‌နော်တို့ရဲ့ ရည်ရွယ်ချက်က‌တော့ စခန်းထဲမှာရှိတဲ့သူ‌တွေကို ပညာ‌ပေးမှုလုပ်‌ဆောင်တဲ့အခါ ပြည်သူ‌တွေပါဝင်ဖို့အတွက်ဖြစ်ပါတယ်။ ဒီကိုဗစ်‌ရောဂါနဲ့ပတ်သက်ပြီး ပြည်သူ‌တွေ ပိုမိုသိရှိနားလည်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီပြိုင်ပွဲပြီး‌နောက် အခု ပိုစတာ‌တွေကို စလိုက်တစ်ခုလုပ်လိုက်ပြီး ဖြန့်မယ်၊ ဒါကို အများမြင်‌တွေ့ရဖို့အတွက်‌ပေါ့။ ဘယ်သူက ပြိုင်ပွဲဝင်ပြီး ဆု‌တွေကို ရရှိသွားသလဲ။ အဲဒီလိုပဲ အခုလို အချက်အလက်‌တွေလုပ်ပြီး အများပြန်သိဖို့အတွက် ဖြစ်ပါတယ်” ဟုဆိုသည်။

Covid-19 ‌ရောဂါနဲ့ပတ်သက်ပြီး ဒုက္ခသည်စခန်းထဲတွင် ကူးစက်နိုင်မှုအ‌ခြေအ‌နေနှင့် ကြိုတင်ကာကွယ်မှု အစီ အစဉ်‌တွေအတွက် တာဝန်ရှိသူများအ‌နေဖြင့် အချက် ၃ ချက်ဖြစ်‌သော ပန်းချီကားချပ်အားဖြင့် အသိပညာ ‌ပေးခြင်း၊ သီချင်းအားဖြင့် အသိပညာ‌ပေးခြင်းနှင့် ရုပ်ရှင်ဗီဒီယို အစီအစဉ်အားဖြင့် အသိပညာ‌ပေးမှုခြင်းများကို လုပ်‌ဆောင်‌နေ‌ကြောင်း သိရသည်။