Home သတင်း အချင်းချင်းအကြား ပစ်ခတ်မှုများကို အလုပ်အဖွဲ့ ဖွဲ့စည်း၍ ‌ဖြေရှင်းသွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့များဆုံးဖြတ်

အချင်းချင်းအကြား ပစ်ခတ်မှုများကို အလုပ်အဖွဲ့ ဖွဲ့စည်း၍ ‌ဖြေရှင်းသွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့များဆုံးဖြတ်

10862

ဇွန်လ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပွား‌နေသည့် ပစ်ခတ်တိုက်ခိုက်မှုများကို ‌ဖြေရှင်းရန် ညီညွတ်‌ရေး ‌ကော်မတီ၏ အလုပ်အဖွဲ့ကို ဖွဲ့စည်း၍ ‌ဖြေရှင်းသွားမည်ဖြစ်‌ကြောင်း ယမန်‌နေ့ (ဇွန်လ ၁၆ ရက်)က ပြုလုပ်ပြီးစီးခဲ့သည့် ကရင်လက်နက် ကိုင်အဖွဲ့အစည်းအချင်းချင်းအကြား ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအပြီး ဆုံးဖြတ်ခဲ့သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

ကရင်လက်နက်ကိုင်များညီညွတ်‌ရေး ‌ကော်မတီ ဦး‌ဆောင်၍ ဇွန်လ ၁၅ ရက်မှ ၁၆ ရက်‌နေ့အထိ KNU-ကရင်အမျိုးသား အစည်းအရုံး ဖားအံခရိုင်၊ ‌လေးဝါးဌာနချုပ်တွင် ကရင့်လက်နက်ကိုင် ၄ ဖွဲ့မှ ထိပ်ပိုင်း ‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံ၍ ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ညီညွတ်‌ရေး ‌ကော်မတီ၏ အတွင်း‌ရေးမှူး ပဒို‌စော‌အောင်‌မော်‌အေးက ယခုလို‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အချင်းချင်းကြားမှာ ပိုပြီး နားလည်ယုံကြည်မှုရှိလာ‌အောင် စည်းလုံးညီညွတ်‌ရေး ‌ကော်မတီရဲ့ အလုပ် အဖွဲ့ကို ဒီအစည်းအ‌ဝေးမှာ ဖွဲ့စည်းလိုက်တယ်။ ပြီးရင် ကျ‌နော်တို့ ၃လ တစ်ကြိမ်လား၊ ၆ လတစ်ကြိမ်လား ပုံမှန်‌တွေ့ကြ မယ်။ အဲ့လို‌တွေ့ကြခြင်းဖြင့် ကျ‌နော်တို့အကြားက ဖြစ်ပွား‌နေတဲ့ ပဋိပက္ခကို ‌ဖြေ‌လျှော့နိုင်မယ်။ နားလည်မှု ပိုရကြမယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကော်မတီ၏ အလုပ်အဖွဲ့ကို ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ ကရင်ငြိမ်းချမ်း ‌ရေး‌ကောင်စီ (KNU/KNLA-PC) နှင့် နယ်ခြား‌စောင့်တပ်(BGF)မှ ကိုယ်စားလှယ် ၅ ဦးမှ ၇ ဦးအထိ ပါဝင်သွားမည်ဖြစ်သလို KNU ဘက်မှလည်း တပ်မဟာအလိုက် ၃ ဦးစီ ပါဝင်သွားမည်ဖြစ်သည်။

အဆိုပါ အစည်းအ‌ဝေးပွဲသို့ KNU ဥက္ကဌ၊ ဒု ဥက္ကဌနှင့် အ‌ထွေ‌ထွေအတွင်း‌ရေးမှူးများအပါအဝင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး ‌စော‌ဂျော်နီ ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ BGF အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ် သူဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ DKBA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စောစတီးလ်ဦး‌ဆောင်သည့် ကိုယ်စား လှယ်အဖွဲ့များ၊ KNU/ KNLA-PC တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့် ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်‌ရောက်ခဲ့သည်ဟု သိရသည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ၎င်းအစည်းအ‌ဝေးတွင် လတ်တ‌လော ဖြစ်‌ပေါ်‌နေသည့် ကရင်လက်နက်ကိုင် အချင်းချင်းအကြား ပစ်ခတ်မှုအပြင် အထူးသဖြင့် KNU နှင့် BGF အကြားဖြစ်‌ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကို ‌ဆွေး‌နွေးခဲ့ကြသလို ‌ဝေါ်‌လေ‌ဒေသ သတ်ဖြတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ယခု အစည်းအ‌ဝေးပွဲနှင့်ပတ်သက်ပြီး ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက်-KPSN၏ ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက “ဒီညီညွတ်‌ရေး‌ကော်မတီအ‌နေနဲ့က စစ်‌ကောင်စီက‌နေ နယ်‌မြေတိုးချဲ့လာမှု‌တွေ၊ တိုင်းရင်းသား လူထုကို နှိပ်စက် သတ်ဖြတ်‌နေတာ‌တွေ ‌လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံ‌နေရတာ‌တွေကို ‌ပြောဆို‌ဆွေး‌နွေးတာမျိုး မကြားရ‌တော့ သူတို့ရဲ့ ညီညွတ်‌ရေးက လက်နက်ကိုင်အချင်းချင်းကြားညီညွတ်‌ရေးအတွက်ပဲလား၊ ရန်သူကို အပြုတ်တိုက်ဖို့လား ဒါက ရှင်းလင်းမ‌နေဘူး။ အဲ့‌တော့ ကျမတို့ ‌မျှော်လင့်တာက အခု လက်နက်ကိုင်ထားတယ်ဆိုတာက ကိုယ့်ပြည်သူကိုကာကွယ်ဖို့ ကိုယ့်နယ်‌မြေကာကွယ်ဖို့ နဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ အတွက်ဖြစ်‌စေချင်တာ‌ပေါ့” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) ၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၃) နယ်‌မြေအတွင်း စစ်‌ကောင်စီ နှင့် KNLA တပ်ဖွဲ့ဝင်အကြား တိုက်ပွဲ‌ပေါင်း ရာချီဖြစ်ပွားခဲ့သည်။ ထို့အပြင် စစ်‌ကောင်စီ ဘက် အင်အားဖြည့်တင်း‌ပေးသည့် BGF တပ်ဖွဲ့ဝင်များနှင့် နယ်‌မြေခံ KNLAတပ်ဖွဲ့ဝင်များအကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

အလားတူ ယခုဇွန်လဆန်းပိုင်းတွင်လည်း KNU တပ်မဟာ (၆) ထိန်းချုပ် နယ်‌မြေအတွင်း ခွဲထွက်(DKBA) တပ်ဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင်အဖွဲ့များ စု‌ပေါင်းထားသည့် အဖွဲ့နှင့် စစ်‌ကောင်စီ၊ BGF ပူး‌ပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ၎င်းတိုက်ပွဲ၌ BGF ဘက်မှ ကျဆုံးမှုများရှိခဲ့သည်ဟု သိရသည်။
ကရင်လက်နက်ကိုင်များ ညီညွတ်‌ရေး‌ကော်မတီကို ကရင်လက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်းပစ်ခတ်မှု မဖြစ်ရန်နှင့် မူးယစ်‌ဆေးဝါးကိစ္စများ တိုက်ဖျက်သွားရန် ရည်ရွယ်၍ ကရင်လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့မှ အဖွဲ့ဝင်(၁၇)ဦးဖြင့် ၂၀၁၃ခုနှစ်၊ ‌မေလ ၂၈ ရက်‌နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။