Home သတင်း ဝါးခယ်မမြို့နယ်တွင် တပ်သားသစ် မဲနှိုက်စု‌ဆောင်းရာတွင် မဲ‌ပေါက်၍ မသွားလိုလျှင် ‌ငွေနှစ်သိန်းခွဲ‌ပေး‌ဆောင်ရ ဟု ‌ဒေသခံများ‌ပြော

ဝါးခယ်မမြို့နယ်တွင် တပ်သားသစ် မဲနှိုက်စု‌ဆောင်းရာတွင် မဲ‌ပေါက်၍ မသွားလိုလျှင် ‌ငွေနှစ်သိန်းခွဲ‌ပေး‌ဆောင်ရ ဟု ‌ဒေသခံများ‌ပြော

4726

ဇွန်လ ၂၂ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီ၏ ‌စေခိုင်းမှုဖြင့် ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်အတွင်းရှိ ‌ကျေးရွာအချို့ တွင် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများမှ တပ်သားသစ်များ မဲနှိုက်စု‌ဆောင်း‌ပေးရာတွင် မဲ‌ပေါက်၍ မသွားလို‌သော သူများအ‌နေဖြင့် ကျပ်‌ငွေနှစ်သိန်းခွဲ ‌ပေး‌ဆောင်ရ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

‌ဒေသခံတစ်ဦး၏ ‌ပြောပြချက်အရ ယခုလဆန်းပိုင်းက ဝါးခယ်မမြို့နယ်အတွင်းရှိ ‌ကျေးရွာ ၇ ရွာခန့်‌လောက်တွင် အုပ်ချုပ်‌ရေးမှူးမှ ‌ကျေးရွာအတွင်းရှိ ‌ယောက်ျားသားများကို တပ်သားသစ်စု‌ဆောင်းရာတွင် ပါဝင်ရမည်ဖြစ်ပြီး မသွားလိုသူများ ‌သော‌ကြောင့် မဲနှိုက်ခိုင်းပြီး မဲ‌ပေါက်သူအများစုမှာလည်း မသွားလိုကြသည့်အတွက် ယခုလို ‌ငွေ‌ကြေး‌တောင်းခံခြင်းဖြစ်‌ကြောင်း ယခုလို‌ပြောသည်။

“‌ကျေးရွာအချို့မှာ မဲနှိုက်ရတာ‌ပေါ့။ မဲနှိုက်‌တော့ တချို့က ‌ပေါက်ကြတယ်။ ‌ပေါက်‌ပေမဲ့ မသွားချင်ကြဘူး ၊ မသွားရဲကြဘူး။ အဲ့‌တော့ အုပ်ချုပ်‌ရေးမှူးက ‌ပြောတယ် မသွားဖူးဆိုရင် နှစ်သိန်းခွဲသုံးသိန်း‌ပေးခိုင်းတယ်။ အဲ့ ‌ငွေ‌တွေနဲ့ လူပြန် ငှားရမယ်တဲ့။ အခုအသိထဲက တစ်‌ယောက်က မဲ‌ပေါက်‌တော့ အုပ်ချုပ်‌ရေးမှူး‌တောင်းတဲ့ အတိုင်း နှစ်သိန်းခွဲ သွား‌ပေးလိုက်ပြီး‌ပြောတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အစားထိုးသွားမည့် သူများအ‌နေဖြင့်လည်း ‌ထောက်ပံ့‌ကြေး ၃ သိန်း ရရှိမည်ဟု အုပ်ချုပ်‌ရေးမှူးများက လိုက်လံ‌ပြောဆို‌နေပြီး အဆိုပါ ၃ သိန်းရရှိမည်ဆိုသည့်အ‌ပေါ် စိတ်ဝင်စားကြသူတချို့လည်းရှိကာ အစားထိုး သွားလိုသူများလည်း များစွာရှိ‌နေ‌ကြောင်း ၎င်း‌ဒေသခံက ဆက်လက်‌ပြောဆိုသည်။

၎င်းလူသစ် စု‌ဆောင်းမှုမျိုးကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်း‌လောက်မှစ၍ ဝါးခယ်မမြို့နယ်အတွင်းရှိ ‌ကျေးရွာ အ‌တော်များများတွင် လုပ်‌ဆောင်‌နေပြီး မည်သည့် စစ်‌ကောင်စီ တပ်ရင်းတပ်ဖွဲ့မှ ‌ခေါ်ယူ စု‌ဆောင်း‌နေ‌ကြောင်းကို ‌ဒေသခံ ‌ကျေးရွာသားများမှ မသိရှိကြသလို ယခုလို လူသစ်စု‌ဆောင်း‌ခေါ်ယူမှုအ‌ပေါ်တွင်လည်း စိုးရိမ် မှုများရှိ‌နေကြသည်ဟု ‌ဒေသခံများက ဆိုသည်။

ထိုသို့ လူသစ်စု‌ဆောင်း‌ခေါ်ယူမှုများတွင်လည်း ပြည်သူ့စစ်အ‌နေဖြင့် တာဝန်ထမ်း‌ဆောင်ရမည်ဖြစ်‌ကြောင်း၊ စု‌ဆောင်း‌ခေါ်ယူခံရသူများကို စစ်‌ကောင်စီမှ စစ်ပညာများ သင်ကြား‌ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက မိမိ ‌ကျေးရွာအတွင်း ပြန်လည်‌နေထိုင်၍ ‌ကျေးရွာလုံခြုံ‌ရေးအတွက် တာဝန်ယူသွားရမည်ဟု ‌ပြောဆို‌ကြောင်း ‌ဒေသခံများက ဆိုသည်။

ဆက်လက်ပြီး လတ်တ‌လော ‌ငွေ‌ကြေး ‌တောင်းခံမှုနှင့်ပတ်သက်၍လည်း အုပ်ချုပ်‌ရေးမှူးနှင့် နီးစပ်သူများ၏ အဆိုအရ ထိုသို့ ‌ငွေ‌ကြေး ‌ကောက်ခံရန် စစ်‌ကောင်စီဘက်မှ ‌ပြောဆိုထားမှုမျိုးမရှိဘဲ အစားထိုးသွားမည့် သူများအတွက် နစ်နာ‌ကြေးအ‌နေဖြင့် တစ်အိမ်‌ထောင်လျှင် ကျပ်‌ငွေ ၃ ‌ထောင်ဖြင့်သာ ‌ကောက်ခံသွားရန် စီစဉ်ထား‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “အသိ အုပ်ချုပ်‌ရေးမှူးတစ်‌ယောက်က ‌ပြောပြတာက ဒီလို‌တောင်း ခံခိုင်း တာမျိုးလည်း မရှိသလို ဒီလို‌တောင်းတာမျိုးလည်း မလုပ်ရဘူးတဲ့။ နစ်နာ‌ကြေးအ‌နေနဲ့ သွားမယ့်သူအတွက် နှစ်‌သောင်း၊ သုံး‌သောင်း‌လောက်ပဲ စုပြီး‌ပေးတာမျိုးပဲ လုပ်‌ပေးတာ။ ဒီလို ‌တောင်းတာမျိုး‌တော့ မလုပ်ရဘူး။ ‌တောင်းခဲ့ရင်လည်း အဖမ်းခံရမယ်ဆိုပြီး ‌ပြောပြတယ်။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လတ်တ‌လောအချိန်ထိ စစ်‌ကောင်စီ၏ လူသစ်စု‌ဆောင်းမှုမျိုးကို ဧရာဝတီတိုင်း‌ဒေသအတွင်း ဝါးခယ်မမြို့နယ် အတွင်းသာ ဖြစ်‌ပေါ်‌နေ‌ကြောင်း ကြားသိရ‌သေးပြီး ကျန်မြို့နယ် ‌ဒေသများတွင် အလားတူ စု‌ဆောင်းမှုမျိုး မကြားသိရ‌သေး‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမ‌နေရ ဥပ‌ဒေ သတ်မှတ်ပြဌာန်းထားခြင်းမျိုးမရှိသလို လက်ရှိအာဏာသိမ်း စစ်‌ကောင်စီ၏ လူသစ်စု‌ဆောင်းမှုသည်လည်း တရားဝင်မှုမရှိဘဲ အရပ်သားများ၏ စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ စု‌ဆောင်းခိုင်းခြင်းသည် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု တစ်ရပ်ဖြစ်ပြီး ယခင် စစ်အစိုးရ လက်ထက် အဆင့်ဆင့် တွင်လည်း ယခုလို တရားမဝင်‌တော့ နည်းလမ်းများဖြင့် စစ်သားစု‌ဆောင်းမှုများပြုလုပ်ခဲ့ဖူးသည်ဟု နိုင်ငံ‌ရေး ‌လေ့လာသုံးသပ်များက ဆိုသည်။