Home ရွေးကောက်ပွဲသတင်း NLD ကန့်ကွက်ခံရသည့် KNDP ကိုယ်စားလှယ်‌လောင်း တသီးပုဂ္ဂလ ဝင်ပြိုင်မည်

NLD ကန့်ကွက်ခံရသည့် KNDP ကိုယ်စားလှယ်‌လောင်း တသီးပုဂ္ဂလ ဝင်ပြိုင်မည်

3673

ဩဂုတ် ၂၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)၏ ‌ကော့ကရိတ်မြို့နယ်၊ ပြည်နယ်အမှတ် ၂ မဲဆန္ဒနယ်မှ ဝင်ပြိုင် ရန်‌လျှောက်ထားသည့် ကိုယ်စားလှယ်‌လောင်း ‌စော‌လောရှည်ကို NLD ပါတီက ကန့်ကွက်သည့်အတွက် တသီး ပုဂ္ဂလအဖြစ် ဝင်ပြိုင်ခွင့်ပြုသွားမည်ဟု ‌ကော့ကရိတ်ခရိုင်၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌ ဦး‌ဌေး‌မောင်က ဩဂုတ် ၂၈ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌စော‌လောရှည်ကို တသီးပုဂ္ဂလ ကိုယ်စားလှယ် အ‌နေနဲ့ ‌ရွေး‌ကောက်ပွဲဝင်ဖို့ ခွင့်ပြုထားပါတယ်” ဟု ဦး‌ဌေး‌မောင်က ‌ပြောသည်။

KNDP ကိုယ်စားလှယ်‌လောင်းအဖြစ် ‌လျှောက်ထားသည့် ‌စော‌လောရှည်သည် NLD ပါတီဝင်ဖြစ်သည့်အတွက် ‌ကော့ကရိတ်ခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ NLD က ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ထို့‌ကြောင့် ခရိုင်‌ကော်မရှင်က ကိုယ်စားလှယ်‌လောင်းအဖြစ် ၎င်းအား ပယ်ဖျက်ခဲ့သည်။

ထိုသို့ ခရိုင်‌ကော်မရှင်က ဆုံးဖြတ်ခဲ့မှုကို ကာယကံရှင်က ပြည်နယ်‌ကော်မရှင်ထံ အယူခံတက်ခဲ့‌သော်လည်း ပြည်နယ်‌ကော်မရှင်က ခရိုင်‌ကော်မရှင်ဆုံးဖြတ်သည့်အတိုင်းအတည်ပြုခဲ့ပြီး ဆန္ဒရှိက တသီးပုဂ္ဂလအဖြစ် ပြန်‌လျှောက်ရန် ‌ပြောဆိုခဲ့သည်။

“ ပြည်နယ်‌ကော်မရှင်ကို အယူခံဝင်တုန်းက ဖုန်းနဲ့ လှမ်း‌ပြောတယ်။ တကယ်လို့ဆန္ဒရှိရင် တသီးပုဂ္ဂလအ‌နေနဲ့ ၂၆ ရက်‌နေ့ ‌နောက်ဆုံးထား အပြီးတင်ခိုင်းတယ်။ အဲ့ဒါ‌ကြောင့် ၂၆ ရက်‌နေ့မှာ ပြန်‌လျှောက်လိုက်တယ်”ဟု ‌စော‌လောရှည်က ‌ကေအိုင်စီသို့ ဩဂုတ် ၂၈ ရက်‌နေ့တွင် ‌ပြောသည်။

‌စော‌လောရှည်သည် NLD ပါတီသို့ ၂၀၁၃ ခုနှစ်တွင် ဝင်‌ရောက်ခဲ့ပြီး ကရင်ပါတီများ ပြန်လည်‌ပေါင်းစည်းလိုက် သည့်အတွက် ကရင်ပါတီနှင့်သာ ပူး‌ပေါင်း‌ဆောင်ရွက်လို၍ NLD ပါတီသို့ ၂၀၁၈ ခုနှစ်တွင် နုတ်ထွက်စာတင်ခဲ့ သည်ဟု ၎င်းက ‌ပြောသည်။

“ကျ‌နော် NLD က‌နေ ၂၀၁၈ ခုနှစ်တုန်းက နုတ်ထွက်ခွင့်တင်ထားတယ်။ သာမန်ပါတီဝင်ဆို‌တော့ ‌မေ့‌မေ့ ‌ပျောက်‌ပျောက်ပဲ‌နေလိုက်တာ၊ ကိုယ်စားလှယ်‌လောင်း‌လျှောက်မှ အခုလို ဖြစ်တာ”ဟု ‌စော‌လောရှည်က ဖြည့်စွက် ‌ပြောသည်။

ယခုလို ‌စော‌လောရှည်အား ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က တသီးပုဂ္ဂလအဖြစ် ဝင်အ‌ရွေးခံခွင့်ပြုသွားမည်ဟု ကြားသိထားပြီး အ‌ရေးကြီးသည်မှာ မိမိတို့လူတစ်‌နေရာ မ‌လျော့သွားရန်ဖြစ်သည်ဟု KNDP ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။