Home သတင်း စစ်တပ်၏ အကျိုးစီးပွား ပါဝင်ပတ်သက်မှု‌ကြောင့် ဖားကန့် ‌မြေပြိုမှု စုံစမ်းစစ်‌ဆေး‌ရေး ပျက်ပြားနိုင်ဟု Justice For Myanmar ဆို

စစ်တပ်၏ အကျိုးစီးပွား ပါဝင်ပတ်သက်မှု‌ကြောင့် ဖားကန့် ‌မြေပြိုမှု စုံစမ်းစစ်‌ဆေး‌ရေး ပျက်ပြားနိုင်ဟု Justice For Myanmar ဆို

3350

ဇူလိုင် ၆ ရက်၊ ၂၀၂ဝ ပြည်နှစ်။ စအိုင်ဆူး

‌ကျောက်စိမ်းတူး‌ဖော်‌ရေး လုပ်ငန်းများတွင် စစ်တပ်၏ အကျိုးစီးပွားများ ပါဝင်ပတ်သက်မှုများ ရှိ‌နေခြင်း‌ကြောင့် ဇူလိုင်လ ၂ရက်‌နေ့က ဖြစ်ပွားခဲ့‌သော ဖားကန့်‌မြေပြိုမှုဖြစ်စဉ်ကို စုံးစမ်းစစ်‌ဆေးမည့် အစိုးရ၏ ဖားကန့် ‌မြေပြိုမှု စုံစမ်းစစ်‌ဆေး‌ရေးကို ပျက်ပြား‌စေသည်ဟု Justice for Myanmar က ယ‌နေ့ (ဇူလိုင်လ ၆ရက်)တွင် သတင်း ထုတ်ပြန်ချက် ထုတ်ကာ ‌ပြောဆိုလိုက်သည်။

လူ‌ပေါင်း ၂၀ဝ နီးပါး ‌သေဆုံးခဲ့ရသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဖားကန့်ရတနာနယ်‌မြေ ၏ ‌မြေပြိုမှု ဖြစ်စဉ်ကို စုံစမ်း‌ဖော်ထုတ်ရန် ဇူလိုင်လ ၃ ရက်‌နေ့က ဖွဲ့စည်းလိုက်သည့် အစိုးရ၏ စုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မတီ၌ မြန်မာစစ်တပ်၏ ‌ကျောက်စိမ်းစီးပွား‌ရေးလုပ်ငန်း အဓိက ရှယ်ယာရှင်တစ်ဦးဖြစ်‌နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်မှ အဖွဲ့ဝင်အ‌နေဖြင့် ပါဝင်‌နေခြင်း‌ကြောင့် အကျိုးစီးပွားပဋိပက္ခရှိ‌နေသည့်အတွက် ကန့် ကွက်‌ကြောင်း Justice for Myanmar ဆိုသည်။

၎င်း၏‌ပြော‌ရေးဆိုခွင့်ရှိသူ မရတနာ‌မောင်က “ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အပါအဝင် ‌ကျောက်စိမ်း စီးပွား‌ရေး လုပ်ငန်းနဲ့ ဆက်စပ်မှုရှိ‌နေတဲ့ အဖွဲ့ဝင်‌တွေ အားလုံး ‌ကော်မတီက‌နေ ချက်ချင်းနုတ်ထွက်‌ပေးဖို့ လိုပါတယ်။ အဲ့ လိုမဟုတ်ရင် စုံစမ်းစစ်‌ဆေးမှုက ယုံကြည်ရတဲ့ စုံစမ်းစစ်‌ဆေးမှု မဖြစ်နိုင်ပါဘူး။ ဒီဖြစ်ရပ်ဆိုးအတွက် ပြည်သူ ‌တွေရဲ့ အသက်‌တွေ စ‌တေးပြီး မြန်မာ့တရား‌ရေးစနစ်နဲ့ နိုင်ငံ‌ရေး စနစ်‌တွေကို ခြယ်လှယ်အမြတ်ထုတ်‌နေတဲ့ ‌ကျောက်စိမ်းကုန်သွယ်‌ရေးက‌နေ အဓိက အကျိုးအမြတ်ရ‌နေသူ‌တွေ ဖြစ်တဲ့ မြန်မာစစ်တပ်အ‌ပေါ် တစ်စိတ်တစ် ပိုင်း‌တော့ အပြစ်တင်ရလိမ့်မယ်”ဟု ယ‌နေ့ သတင်းထုတ်ပြန်ချက်၌ ‌ပြောဆိုထားသည်။

ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် စစ်တပ်၏ အများနှင့် သက်ဆိုင်‌သော ကုမ္ပဏီဖြစ်သည့် မြန်မာ့ စီး ပွား‌ရေး ဦးပိုင်လီမီတက်တွင် တစ်ဦးချင်း အစုရှယ်ယာ အများဆုံး ပိုင်ဆိုင်သူများတွင် တစ်ဦးအပါအဝင် ဖြစ်သ လို ဖားကန့်‌ဒေသအပါအဝင် ‌ကျောက်စိမ်းတူး‌ဖော်‌ရေး လုပ်ငန်းများတွင် ပုဂ္ဂိုလ်‌ရေးဆိုင်ရာ အကျိုးအမြတ်များရ ရှိ‌နေသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူး‌ဖော်ထုတ်လုပ်‌ရေးတွင် ပွင့်လင်းမြင်သာမှု ‌ဖော်‌ဆောင်‌ရေး (EITI)၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ အဓိက ‌ကျောက်စိမ်းတူး‌ဖော်‌ရေးလုပ်‌ဆောင်သည့် မြန်မာ့စီးပွား‌ရေး ဦးပိုင် ကုမ္ပဏီ၏ လက်‌ဝေခံ ကုမ္ပဏီဖြစ်‌သော Myanmar Imperial Jade ကုမ္ပဏီလီမိတက်မှ ‌ကျောက်စိမ်းလိုင်စင် ၃၉၇ ခု ပိုင်ဆိုင်ထားပြီး လိုင်စင်အ‌ရေအတွက် အများဆုံးပိုင်ဆိုင်ထားသလို အဆိုပါ လိုင်စင်အားလုံးသည် လည်း ဖားကန့် ‌ဒေသအပါအဝင် ကချင်ပြည်နယ်အတွင်း လုပ်ကွက်လိုင်စင်များ ဖြစ်‌ကြောင်း ယ‌နေ့ ထုတ်ပြန် ချက်၌ ‌ဖော်ပြထားသည်။

၎င်းအပြင် မြန်မာ့စီးပွား‌ရေး ဦးပိုင်သည် Myanmar Imperial Jade ကုမ္ပဏီမှတဆင့် အခြား‌သော ‌ကျောက်စိမ်း ကုမ္ပဏီခွဲများနှင့် KBZ Group အပါအဝင် ခရိုနီများအား လုပ်ပိုင်ခွင့်လိုင်စင်များ ဖန်တီး‌ပေးခဲ့သလို အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်(NLD) အာဏာလွှဲယူခြင်းမတိုင်ခင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက်‌နေ့တွင် ‌ကျောက်စိမ်း လိုင်စင် ၃၀ဝ နှင့် ၂၀၁၆ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် ‌နောက်ထပ်‌ကျောက်စိမ်းလိုင်စင် ၆၁ ခုကို Myanmar Imperial Jade ကုမ္ပဏီကို ‌ပေးအပ်ခဲ့‌သေး‌ကြောင်း (EITI)၏ အစီရင်ခံစာကို ကိုးကား၍ Justice for Myanmar က ဆက်လက်‌ထောက်ပြ‌ပြောဆိုထားသည်။

မရတနာ‌မောင်က “ဖားကန့် ‌မြေပြိုမှု ဖြစ်ရပ်ဆိုးက ‌ကျောက်စိမ်းလုပ်ငန်းအပါအဝင် အမြတ်အစွန်း ကြီးတဲ့ မြန်မာ့ စီးပွား‌ရေး လုပ်ငန်း‌တွေမှာ အစစ်အ‌ဆေးမရှိဘဲ လုပ်ကိုင်‌နေတဲ့ စစ်တပ်စီးပွား‌ရေး လုပ်ငန်း‌တွေ၊ ခရိုနီ ‌တွေ နဲ့ လက်နက်ကိုင် အုပ်စု‌တွေရဲ့ အကျင့်ပျက်ခြစားမှု‌တွေကို ထိထိ‌ရောက်‌ရောက် ထိန်းချုပ်နိုင်စွမ်း မရှိခဲ့တဲ့ မြန်မာပြည်ရဲ့ အမည်ခံ ဒီမိုက‌ရေစီပြုပြင်‌ပြောင်းလဲ‌ရေး ဖြစ်စဉ် မ‌အောင်မြင်မှုကိုလည်း ပိုပြီးသက်‌သေ ခံ‌နေပါ တယ်။ သတ္တုတူး‌ဖော်‌ရေး ကဏ္ဍက NLD ဦး‌ဆောင်တဲ့ အရပ်သားအစိုးရ ‌အောက်မှာ အ‌ရေးတကြီး ပြုပြင် ‌ပြောင်းလဲမှု‌တွေကို ရှင်းရှင်းလင်းလင်းနဲ့ ပိုမိုလုပ်‌ဆောင်ရမယ့် ကဏ္ဍဖြစ်ပါတယ်” ဟု ‌ထောက် ပြ‌ပြောဆိုထား သည်။

ထို့အပြင် စုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မတီအဖွဲ့ဝင်များအားလုံး၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုများ ‌ကြေညာ‌ပေးရန်နှင့် ‌ကျောက်စိမ်းလုပ်ငန်းနှင့် စီးပွား‌ရေး ဆက်စပ်မှု တစ်စုံတစ်ရာရှိပါက ‌ကော်မတီမှ နုတ်ထွက်‌ပေးရန်အပြင် ယုံ ကြည်ထိုက်‌သော စုံစမ်းစစ်‌ဆေးမှုများနှင့် ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ပြုပြင်‌ပြောင်းလဲ‌ရေးများ လုပ်‌ဆောင်ရန်လည်း Justice for Myanmar မှ ‌တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၂ရက်‌နေ့က ဖြစ်ပွားခဲ့သည့် ‌မြေပြိုမှု ဖြစ်စဉ်‌ကြောင့် ‌ရေမ‌ဆေး‌ကျောက်ရှာ‌ဖွေသည့် အလုပ်သမား ၂၀ဝ နီးပါး ထိခိုက်‌သေဆုံးသွားခဲ့ရပြီး ၎င်းကိစ္စကို စုံစမ်းစစ်‌ဆေးရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦး‌ဆောင်သည့် စုံစမ်းစစ်‌ဆေး‌ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ သည်။ ယင်း‌ကော်မတီအဖွဲ့ဝင်အဖြစ် ပြည်ထဲ‌ရေး ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေး နှင့်ပြည်လည်‌နေရာချထား‌ရေး ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာဝင်းမြတ်‌အေး အပါအဝင် အခြားအဖွဲ့ဝင်တစ်ဦးနှင့် ‌ကော်မတီအတွင်း‌ရေးမှူး နှစ်ဦးတို့ ပါဝင်သည်။

Justice for Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိ‌စေ‌ရေးအတွက် စည်းရုံးလှုံ့‌ဆော်‌နေသည့် အမည်မ‌ဖော်လို‌သော တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားပြီး ဖက်ဒရယ် ဒီမိုက ‌ရေစီနှင့် ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးကို ‌ရှေးရှု၍ စစ်တပ်စီးပွား‌ရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်း ရန် ‌တောင်းဆို‌နေသည့် အဖွဲ့ဖြစ်သည်ဟုသိရသည်။