ဩဂုတ် ၉ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်
ကရင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ မြင့်တက်လာခြင်းကြောင့် မြဝတီ နယ်စပ်ကုန်သွယ်လမ်းကြောင်းပေါ်ရှိ ကျုံဒိုး (ဂျိုင်း) မြစ်ကူးတံတားအား ယနေ့(ဩဂုတ်လ ၉ ရက်) နံနက်က ယာယီပိတ်ထားလိုက်ရကြောင်း သိရသည်။
ယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က ဂျိုင်းမြစ်ရေ ဆက်လက်တိုးလာသဖြင့်တံတားအဝင် ဂျိုင်းဘက် ၄ ပေခွဲထိ ရေကျော်နေ၍ လက်ရှိအချိန်တွင် မည်သည့်ယာဉ်မျှ ဖြတ်သန်း၍မရတော့ဘဲ ကျုံဒိုးရဲစခန်းရှေ့ထိ ကားတန်းပိတ်ကာ ဖြတ်သန်းခွင့်မပြုတော့ကြောင်း သိရသည်။
ထို့အပြင် ကျုံဒိုး (ဂျိုင်း) တံတားလမ်းကြောင်း ပွန်တွန်းတံတားအဝင်တွင် ခါလီယာဉ်ကြီး (ကုန်စည် တင် ဆောင်ထားခြင်းမရှိသော ကုန်တင်ယာဉ်) တစ်စီးလည်း လမ်းချော် တိမ်းစောင်းလျက်ရှိသလို မြစ်ရေ မှာလည်း နံနက် ၇:၃ဝ အချိန်ကထက် ၁၉ လက်မ ထပ်တိုးလျက်ရှိသည်ဟု တာဝန်ယူရှိသူများက ပြောသည်။
အရှေ့အနောက်စီးပွားရေးစကြင်္န်လမ်း၊ ထိုင်းနိုင်ငံမှ သွင်းကုန်အများဆုံး တင်သွင်းလျက်ရှိသော အဆိုပါ နယ် စပ်ကုန်သွယ်လမ်းကြောင်းပေါ်တွင် ဂျိုင်းရွာဘက်ခြမ်း တံတားထိပ်မှ ကျားကလေးလမ်းဆုံထိ (၃ မိုင်ခန့်) အနိမ့် ပိုင်းနေရာများတွင် ၃ ပေမှ ၄ ပေနီးပါး လမ်းပေါ်ရေကျော်နေခြင်းကြောင့် ဖားအံဘက်မှ လာသော မည်သည့် ယာဉ်မျှ ဖြတ်သန်း၍ မရဘဲ ယာဉ်ပေါင်းထောင်နှင့်ချီ၍ စောင့်ဆိုင်းနေရသလို မြဝတီ-ကောကရိတ်ဘက်မှ လာသော ယာဉ်များကိုလည်း ကျုံဒိုးရဲစခန်းရှေ့မှစ၍ ဖြတ်သန်းခွင့်မပြုသေးကြောင်း တွေ့ရသည်။
၎င်းအပြင် ကျုံဒိုးမြို့ (ဂျိုင်း)တံတား ယာယီပိတ်ထားရသည့်အတွက် ကော့ကရိတ် တစ်မိုင်ကုန်းမှ လှိုင်ဝဂိတ်ထိ နှင့် ဂျိုင်းနယ်မြေရဲစခန်းအနီးမှ ဂျိုင်းတံတားအဝင်ထိ ကုန်တင်ယာဉ် အစီးရေ ၁,ဝဝဝ ခန့် လမ်းဘေးချရပ်တန့်နေရသဖြင့် ခရီးသွား လာရေးအတွက် အခက်အခဲ ကြုံတွေ့ရသလို ကုန်စည်စီးဆင်းမှုလည်း ထိခိုက်မှုရှိသည်ဟု ကုန်သည်များက ပြောသည်။
နယ်စပ်မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်မျိုးနိုင်က “ရေ ကျတာတော့ မဟုတ်သေးဘူး။ အောက်ရေ တိုင်နေတဲ့အတွက် စောင့် ကြည့်နေရတယ်။ နောက်ထပ် ၂ ပေလောက်ကျရင်တော့ ကားပြန် လွှတ်မှာပါ။ သို့ပေမဲ့ လမ်းပိုင်းဆိုင်ရာမှာ အခက်အခဲရှိရင်လည်း သွားလို့မရသေးဘူး။ ဒီနှစ်အခြေ အနေကို ကြည့်ပြီး နောက်နှစ်လမ်းပိုင်းတွေကို ပြင်ဆင်ဖို့ လိုတယ်လို့ အကြံပြုချင်ပါတယ်” ဟု ပြောသည်။
ကျုံဒိုးမြို့၏ ဟောင်သရောချောင်းမြစ်ရေအခြေအနေမှာ သတ်မှတ်စင်တီမီတာ ၆ဝဝ အထက် ခန့်မှန်းတိုင်း ထွာချက် ၆၁ဝ စီတီမီတာထိ ရောက်ရှိနေပြီး အမှတ် ၃ ရပ်ကွက် ကမ်းနားတံတား နစ်မြှုုပ်နေသည့်အတွက် ရပ်ကွက်နေ အိမ်အနည်းငယ် ညတွင်းချင်းပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေဘေးရှောင် အိမ်ထောင်စုများ ခိုလှုံရန်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်လှစ်ထားသော် လည်း ထပ်တိုးစခန်းအဖြစ် ကျုံဒိုး အ.ထ.က ကျောင်းသို့ပါ ပြောင်းရွှေ့ထားရကြောင်း သိရသည်။