Home သတင်း ‌ရေကြီးခြင်း‌ကြောင့် ပျက်စီးသွားသည့် လယ်များ အချိန်မှီပြန်စိုက်ရန် ခက်ခဲ

‌ရေကြီးခြင်း‌ကြောင့် ပျက်စီးသွားသည့် လယ်များ အချိန်မှီပြန်စိုက်ရန် ခက်ခဲ

2687

ဩဂုတ် ၂၈ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း ‌ရေကြီးခြင်း‌ကြောင့် ပျက်စီးသွားသည့် စိုက်ပျိုးလယ်များ ပုံမှန်စိုက်ပျိုး ရာသီမဟုတ်‌တော့သည့်အတွက် အချိန်မှီ ပြန်စိုက်ပျိုးရန် ခက်ခဲ‌နေသည်ဟု လယ်သမားများက ‌ကေအိုင်စီသို့ ‌ပြောသည်။
‌ရေလွှမ်းခံရသည့် ကုန်းပိုင်း လယ်စိုက် ဧကအများစုမှ စိုက်ပျိုးထားချိန် ၃ လခန့်သက်တမ်းရှိ စပါးများဖြစ်ပြီး ပြန်ထွန်ယက် စိုက် ပျိုးမည်ဆိုပါက ပုံမှန်စိုက်ပျိုးရာသီချိန်မဟုတ်ခြင်း၊ စပါးအသီးထွက်ချိန်တွင် မိုးရာသီမဟုတ်‌တော့သည့်အတွက် ‌ရေသွင်း၊ ‌ရေ ထုတ်‌မြောင်းများမရှိသည့်အတွက် ‌ရေရရန်ခက်ခဲမည်ဖြစ်သည်။ အလားတူ ‌မြေနိမ့်ပိုင်း လယ်‌မြေများသည် လက်ရှိချိန်ထိ မြစ်၊ ‌ချောင်း‌ရေလျှံ‌နေ‌သေးသည့်အတွက် ပြန်ထွန်ယက်စိုက်ပျိုး၍ မရ‌သေးဟု လယ်စိုက်‌တောင်သူများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ ‌တောင်သူ‌စော‌ရွှေလှဝင်းက “ ဧက ၅ဝ ‌ကျော် စပါးကျဲထားတာ ‌ရေမြှုပ်လို့ အကုန်‌သေတယ်။ ကုန်းပိုင်းလယ်က စိုက်ရာသီ‌ကျော်သွားပြီး အခြားသီးနှံ‌ပြောင်းစိုက်မှရမယ်။ အနိမ့်ပိုင်းလယ်ကျ‌တော့ ပင်လယ်‌ရေက ခုထိ ရှိ‌နေဆဲဆို‌တော့ ပြန်မစိုက်ရဲ‌သေးဘူး။ စိုက်ဘဏ်က‌နေ‌ချေးထားတဲ့ ‌ငွေ‌တွေရှိတယ်‌လေ။ ရာသီဥတုအ‌ပေါ်ကြည့်ပြီး‌တော့ ပြန်စိုက်ရမှာပဲ။ အချိန်မှီပြန်ဆပ်နိုင်ပါ့မလား စိုးရိမ်တယ်” ဟု ဩဂုတ်လ ၂၆ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ဩဂုတ်လ ၈ ရက်‌နေ့‌နောက်ပိုင်း မိုးရွာသွန်းမှုဖြစ်ပြီး မြစ်‌ချောင်း‌ရေလျှံမှုဖြစ်လာသည့်အတွက် စိုက်ပျိုးလယ်‌မြေ ၂၃,၅၂၈ ဧက ‌ရေလွှမ်းခံခဲ့ရပြီး ဧက ၇,ဝဝဝ ‌ကျော် ထိခိုက်ပျက်စီးသွားသည့်အတွက် အချိန်မှီပြန်လည် ထွန်ယက်စိုက်ပျိုးနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်များတွင် မျိုးစပါးတင်း ၃,၈၉၈ တင်းနှင့် ‌မြေဩဇာများကို အခမဲ့ဖြန့်ချိ ထားသည်ဟု ပြည်နယ်စိုက်ပျိုး‌ရေးတာဝန်ရှိသူထံမှ သိရသည်။

ကရင်ပြည်နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဦးစီးမှူးဦးသန်းထိုက်က “‌တောင်သူ ၅,၆၈၆ ဦးပိုင်လယ်‌တွေ ‌ရေမြှုပ်သွားတယ်။ စိုက်လယ် ၁၉,၅၅ဝ ဧကပြန်‌ပေါ်တယ်။ ‌ရေလွှမ်းဧက ၃,၉၈၇ ကျန်‌နေ‌သေးတယ်။ အရံမျိုးစပါးတင်း ၅,၁ဝဝ စု‌ဆောင်းထားတာ သက်ဆိုင် ရာမြို့နယ်အလိုက် တင်း‌ပေါင်း ၃,၈၉၈ တင်း ချထား‌ပေးပြီ။ ထပ်ဖြည့်ဆည်း‌ပေးဖို့ ပြည်‌ထောင်စုကိုလည်း တင်ပြထားပါတယ်” ဟု ဩဂုတ်လ ၂၆ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း မိုးသီးနှံလယ်စိုက်ဧက ၄ သိန်း ၃ ‌သောင်းဝန်းကျင် စိုက်ပျိုးရန်လျာထားပြီး စိုက်ပျိုးပြီး လယ် ၂၆၄,၈၉၂ ဧကအနက် ဧကနှစ်‌သောင်း‌ကျော်မှာ ‌ရေလွှမ်းနစ်မြှုပ်ခံခဲ့ရသည်။ ပြည်နယ်၏ရာသီဥတုအရ မိုး‌နှောင်းပိုင်းမှသာ ‌မြေနိမ့်ပိုင်း လယ်အများစု ထွန်ယက်စိုက်ပျိုးကြသည်ဟု စိုက်ပျိုး‌ရေးဌာနတာဝန်ရှိသူထံမှ သိရသည်။