အောက်တိုဘာ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
ကရင်ပြည်နယ်၊ ဖားအံခရိုင် ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး (KYO)ကို မြို့နယ်အဆင့်အနေဖြင့် ယင်းမြို့နယ် အတွင်းရှိ ပိတခကျေးရွာ၌ ယနေ့ (အောက်တိုဘာ ၁၉ရက်)တွင် စတင်ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
ထိုသို့ဖွဲ့စည်းနိုင်ရန်အတွက် ယမန်နေ့ (အောက်တိုဘာလ ၁၈ ရက်)မှစတင်ကာ ယနေ့အထိရွေးကောက်ပွဲ တစ်ရပ်ပြုလုပ် ခဲ့ပြီး ကရင်လူငယ် ၇ ဦးအား မြို့နယ်အဆင့် လုပ်ငန်းတာဝန်များ ပေးအပ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပိုင်ကျုံမြို့နယ် KYO ဖွဲ့စည်းရခြင်းနှင့်ပတ်သက်ပြီး KNU ပိုင်ကျုံမြို့နယ် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး စောပုလုက “ လစ်ဟင်းနေတဲ့ နေရာတွေကို ပြန်ဖြည့်စွက်ဖို့ လူငယ်တွေကို ပြန်မွေးထုတ်ခြင်းဖြင့် အခုလို ပြန်လည်ဖွဲ့စည်းတာ ဖြစ်တယ်။ ထွက်လာတဲ့လူငယ်တွေကို သင်တန်းတွေ ပေးပြီးတော့ လစ်လပ်နေတဲ့နေရာမှာ ပြန်ပြီးတော့ အလုပ်အတူတွဲလုပ်ဖို့ဖြစ် တယ်။ မိခင်အစည်းအရုံး(KNU)နဲ့ အတူတကွ တွဲလုပ်နိုင်အောင် ဖွဲ့စည်းတာလည်း ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြော သည်။
မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂ဝမှ ကရင်လူငယ်များ ပါဝင်တက်ရောက်ခဲ့ကြသည့် ရွေးကောက်ပွဲတွင် ပိုင်ကျုံမြို့နယ် KYO ဥက္ကဌ၊ အတွင်းရေးမှူး ၊ လူမှုရေးတာဝန်ခံ၊ စည်းရုံးရေးနှင့် ပြန်ကြားရေးတာဝန်ခံ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးတာဝန်ခံ၊ ဘဏ္ဍာရေးတာဝန်ခံနှင့် စာရင်းစစ်များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြောက်ခဲ့ ကြခြင်းဖြစ်သည်။
ယနေ့ဖွဲ့စည်းလိုက်သော ပိုင်ကျုံမြို့နယ် KYO အနေဖြင့် မြို့နယ်အတွင်းရှိ လူငယ်များစာရင်းကို အတိအကျ ကောက်ခံသွား ရန်၊ မြို့နယ် ကရင်လူငယ်အစည်းအရုံး၏ ဒုံးအဖွဲ့ ဖွဲ့စည်းသွားရန်အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရန်အတွက် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းလုပ်ဆောင်သွားရန်စသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့မှ လူငယ်များအတွက် သင့်တော်လိုအပ်သည့် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးသွား မည်ဖြစ်ကာ မိခင်အစည်းအရုံး နှင့် ပူးတွဲ၍ လိုအပ်သော အကူအညီများကို ဆောင်ရွက်ပေးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်အားဖြည့်ကူညီသွားရေး စသည်တို့ကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း KYO တာဝန်ရှိသူများက ပြောသည်။
ကရင်လူငယ်အစည်းအရုံး-KYO အဖွဲ့အစည်းကို KNU-ကရင်အမျိုးသားအစည်းအရုံး နယ်မြေများအတွင်းရှိ ခရိုင်၊ မြို့နယ် များအလိုက် ဖွဲ့စည်းထားလျက်ရှိပြီး ပိုင်ကျုံမြို့နယ်အတွက် KYO ကို ယခုမှသာ စတင်ဖွဲ့စည်း လိုက်ခြင်းလည်း ဖြစ်သည်။