Home သတင်း ကရင်ပါတီ ၃ခု ဖြင့် ‌ပေါင်းစည်းလိုက်သည့် KNDP ပါတီ ရုံးဖွင့်လှစ်ပြီ

ကရင်ပါတီ ၃ခု ဖြင့် ‌ပေါင်းစည်းလိုက်သည့် KNDP ပါတီ ရုံးဖွင့်လှစ်ပြီ

2775

ဧပြီလ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တစ်ပါတီတည်း ‌ပေါင်းစည်းလိုက်သည့် ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီ ၃ ပါတီကို ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) အမည်သစ်နှင့် ယ‌နေ့ (ဧပြီလ ၁၁ရက်) ကရင်ပြည်နယ်၊ ဖားအံမြို့ ၊ အမှတ် ၇ ရပ်ကွက်တွင် ရုံးဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကရင်ပြည်သူလူထု၊ ကရင်အရပ်ဘက်အဖွဲ့များ၏ တွန်းအား‌ပေးခြင်း‌ကြောင့် ယခုလိုပါတီ‌ပေါင်းစည်းလိုက်ခြင်း ဖြစ်သည့် အတွက် လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ၌ ကရင်ပြည်နယ်တွင် ကရင်ပြည်နယ်အ‌ခြေစိုက် ပါတီဖြစ်သည့် KNDP တစ်ပါတီ တည်းသာ ဝင်‌ရောက်ယှဉ်ပြိုင်သွား‌တော့မှာဖြစ်သည်ဟု KNDP ပါတီဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

“ကရင်ပြည်နယ်မှာ ကရင်ပါတီက နှစ်ပါတီဘဲရှိသွား‌တော့တယ် ။ ဖလုံ-စ‌ဝေါ်က‌တော့ ကရင်ပြည်နယ်မှာ လုံးဝ ဝင်မပြိုင်‌တော့ဘူး။ ကျန်တဲ့ပြည်မ ကရင်နှစ်ပါတီကိုလည်း ညှိနှိုင်းရမယ်။ သံ‌တောင်ဘက်မှာ‌တော့ ကျန်တဲ့ နှစ်ပါတီကဝင်ပြိုင်နိုင်မယ်။ နယ်‌မြေမထပ်‌အောင် မဟာမိတ်သ‌ဘောမျိုးနဲ့ သူတို့ဝင်တဲ့‌နေရာမှာ ကျ‌နော်တို့ မဝင်ဘူး။ ကျ‌နော်တို့ဝင်မယ့်‌နေရာမှာလည်း သူတို့မဝင်ပြိုင်ဖို့ ညှိနှှိုင်းကြိုးစားကြည့်ရမှာ‌ပေါ့။ ဒါက ပြီးခဲ့တဲ့ အရင်‌ရွေး‌ကောက်ပွဲတုန်းကလည်း အ‌တွေ့အကြုံရှိထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNDP ပါတီသည် ဖလုံ-စ‌ဝေါ်ကရင်ဒီမိုကရက်တစ်ပါတီ မပါဝင်‌သော်လည်း အမာခံ ပါတီဝင်အချို့ အများဆုံးပါဝင်ပြီး ဖြစ်‌သော‌ကြောင့် KNDP ပါတီကို ကရင်လူထု နှင့်ရင်းနှီးလာရန်အတွက် စည်းရုံး‌ရေး စတင်နိုင်ရန် ဧပြီလကုန်တွင် စည်းရုံး‌ရေး လုပ်ငန်းစတင်‌တော့မည်ဟု ပါတီဥက္ကဌဖြစ်သူ မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

ထို့အပြင် KNDP ပါတီရုံးခွဲ ဖွင့်လှစ်ရန်အတွက် ချွင်းချက်အ‌နေဖြင့် ကရင်ပြည်နယ်တွင် ဖာပွန်နှင့် သံ‌တောင်မြို့နယ်မှလွဲ၍ ကျန်ရှိသည့် မြို့နယ်အားလုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်သလို မွန်ပြည်နယ် ကျိုက်မ‌ရောမြို့နယ်နှင့် ‌ပေါင်မြို့နယ်တို့တွင်လည်း ရုံးဖွင့်လှစ်ရန် အစီအစဉ်ရှိထား‌ကြောင်း KNDP ပါတီ တာဝန်ရှိသူများက ‌ပြောသည်။

KNDP ပါတီရုံးဖွင့်ပွဲတွင် တက်‌ရောက်သည့် ကရင်ပြည်နယ်၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (USDP) အတွင်း‌ရေးမှူးနှင့် ဗဟို‌ကော်မတီဝင် ဦးစန်းကိုက ကရင်ပါတီ‌ပေါင်းစည်းနိုင်သည့်အ‌ပေါ် ကြိုဆို‌ထောက်ခံ‌ကြောင်းလည်း ယခုလို‌ပြောသည်။

၎င်း“ကျ‌နော်တို့လည်း ကြိုဆိုပါတယ်။ အထူးသဖြင့် ကရင်တစ်ပါတီထဲ ဖြစ်တဲ့အတွက် ကရင်လူမျိုး‌တွေ‌ပေးတဲ့ မဲက‌တော့ကွဲကွဲပြာပြား မဖြစ်ဘူးလို့ ကျ‌နော်တို့မြင်ပါတယ်။ အဓိက ပါတီဆိုတာက‌တော့ တိုင်းပြည်‌ကောင်း‌အောင်၊ ပြည်နယ်‌ကောင်း‌အောင် ဖွံ့ဖြိုးတိုးတက်ဖို့အားလုံးလုပ်ရမယ့်တာဝန်ရှိတယ်။ ကျ‌နော်တို့ ပါတီကလည်း လူမျိုးတစ်မျိုးထဲနဲ့ ဖွဲ့စည်းထားတာမဟုတ်ဘဲ ‌နေရာ‌ဒေသစုံမှာရှိတဲ့အတွက် အနိုင်လည်း ရခဲ့တယ်။ အဲဒီအတွက်လာမယ့် ၂၀၂ဝလည်း တရားမျှမျှတတနဲ့ဘဲ ပြိုင်မှာပါ” ဟု ဦးစန်းကိုက ပြည်နယ်အ‌ခြေစိုက် မီဒီယာများကို ‌ပြောသည်။

အဆိုပါ KNDP ပါတီရုံးဖွင့်ပွဲတွင် ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီအပြင် အင်အားကြီးပါတီဖြစ်သည့် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ပါတီနှင့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေး နှင့်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (USDP )တို့မှ ပြည်နယ် ပါတီ‌ခေါင်း‌ဆောင်အချို့လည်း တက်‌ရောက်ခဲ့ကြသည်။

ကရင် ၃ ပါတီပူး‌ပေါင်းကာ ဖွဲ့စည်းလိုက်သည့် KNDP ပါတီသည် မှတ်ပုံ တင်အမှတ် ၁၀၈ ဖြင့် နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေပုဒ်မ ၉ နှင့်အညီ နိုင်ငံ‌ရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင် ခွင့်ပြုလိုက်‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ‌ဖေ‌ဖော်ဝါရီ ၂၂ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်‌ကြေငြာခဲ့သည်။