ဖေဖော်ဝါရီ ၁၉ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အုန်းနှစ်ပင်ကျေးရွာ ဆံရှည်ရသေ့ကျောင်းမှ ပျံလွန်တော်မူသွားသည့် တလခုံးဘာသာဝင် ဂိုဏ်းချုပ်ဆရာတော် ဦးပညာ (ခ) ဖူ့ဘောင်ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ ဈာပန အခမ်းအနား ပြုလုပ်ခဲ့ရာ လူတစ်ထောင်ကျော် တက်ရောက်ခဲ့သည်။
ဆရာတော်ကြီးသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့၊ ညနေ ၁ နာရီချိန်တွင် ပျံလွန်တော်မူပြီး အနယ်နယ်အရပ်ရပ်ရှိ တလခုံးဘာသာဝင်တပည့်များနှင့် ဆရာတော်ကိုယုံကြည်သက်ဝင်သည့် လက်နက်ကိုင်အဖွဲ့ အစည်းအများ အပြား ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု အုန်းနှစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး စောကျော်အဲ့ဒိုက ဖေဖေါ်ဝါရီ ၁၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဆရာတော်သက်ရှိစဉ်က သူရဲ့သစ္စာသမာဓိ အကျင့်သီလပညာတွေနဲ့ အခက်အခဲမျိုးစုံနဲ့ လာရောက်တဲ့ လူတွေကို အမှုကိစ္စ၊ အလုပ်အကိုင်၊ သွားလာရေးခရီးအဆင်ပြေဖို့ ကူညီစောင့်ရှောက်ပေးတယ်။ ကရင့် ရိုးရာ ယဉ်ကျေးမှုတွေမပျောက်အောင် နေထိုင်ကြဖို့ မိန့်ကြားခဲ့တယ်။ ဆရာတော်မရှိတော မြင့်မိုရ် တောင်ကြီး ပြိုကျ သွားသလို ခံစားရတယ်” ဟု ပြောသည်။
ဆရာတော်ဦးပညာသည် မွေးချင်း ၇ ဦးတွင် အကြီးဆုံးသားဖြစ်ပြီး ငယ်စဉ်က ကျုံဒိုးမြို့ ဓမ္မသုခရသေ့ကျောင်း၌ ရှင်သာမဏေဝတ်ကာ သာသနာပြန့်ပွားအောင် တလခုံးဘာသာရေးကျောင်း ၂ဝ နီးပါးတည်ဆောက်ခဲ့ပြီး လူမျိုး ပေါင်းစုံ ဘာသာပေါင်းစုံနှင့် သင့်မြတ်အောင် ပေါင်းဖက်သာသနာပြုနိုင်ခဲ့သည့်နောက်ပိုင်း လူသိများလာသည် ဟု ကျန်ရစ်သူတပည့်များက ပြောသည်။
ဈာပနအခမ်းအနားတက်ရောက်လာသူ ကြာအင်းဆိပ်ကြီးမြို့နယ် စောယောင်ထော့က “ ဘာသာရေးအရ မတူ ကွဲပြားနေပေမဲ့ ဆရာတော်ရဲ့ သစ္စာသမာဓိ အကျင့်သီလကောင်းကို လေးစားလို့ လာတာပါ။ ဒုက္ခအခက်အခဲ ဖြစ်နေတဲ့အချိန် ကူညီစောင့်ရှောက်ပေးတယ်။ ကရင်ရိုးရာဝတ်စားမှုတွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့နဲ့ အကျင့်သီလကောင်းအောင် နေထိုင်ကြဖို့ ဆုံးမခဲ့တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
တလခုံးဘာသာဝင်များသည် ကရင်ပြည်နယ်အတွင်း ဖားအံမြို့ ဒုံရင်းနယ်၊ ကော့ကရိတ်မြို့နယ်မှ စက္ကဝက်ရွာ၊ ကျုံဒိုးမြို့၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထီ့မော်ရွာနှင့် ထီ့လုံဆောင့်ရွာတွင် အများအပြားနေထိုင်ကြပြီး ထိုင်းနိုင်ငံ လိုင့်တောင်ခို့ဒေသများတွင် တလခုံးဘာသာဝင်များ နေထိုင်ကြသည်။