မေ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်းရှောင်း
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA မှ မိမိတို့၏ လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များအား မူးယစ် ဆေးဝါးအပါအဝင် တားမြစ်ချက် ၄ ချက်ကို ဖောက်ဖျက်ပါက ပြင်းထန်စွာအရေးယူ သွားမည်ဟု ပြီးခဲ့သည့် မေ ၂၆ ရက်နေ့ရက်စွဲဖြင့် ညွှန်ကြား ချက်တစ်စောင်ထုတ်ပြန် လိုက်သည်။
အဆိုပါ ညွှန်ကြားချက်ထုတ်ပြန်ရခြင်းနှင့်ပတ်သက်ပြီး DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောစတီးက“ အခု လို ထုတ်ပြန်ရတာက လိုအပ်လာလို့ထုတ်ပြန်ရတာဖြစ်ပါတယ်။ မူးယစ်ဆေး ဝါး အပါအဝင် ဒီ ၄ ချက်က ကျနော်တို့ နယ်မြေမှာ ရှိလာမှာကို စိုးရိမ်လို့ပါ။ ကိုယ့်တပ်ဖွဲ့တွင်းမှာဖြစ်ဖြစ် နယ်မြေထဲမှာဖြစ်ဖြစ် ရှိလာမယ် ဆိုရင်လည်း ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ DKBA ကလိုထူးဘောစစ်ဌာနချုပ် ထုတ်ပြန်ညွှန်ကြားချက်တွင် ၎င်းတို့လက် အောက်ခံတပ် ရင်း၊ တပ်ဖွဲ့ များအနေဖြင့် (၁) လက်နက်မှောင်ခိုရောင်းဝယ်ခြင်း၊ (၂) မူးယစ်ဆေးဝါးသုံးစွဲ၊ သယ်ဆောင်၊ ရောင်းဝယ်ခြင်း၊ (၃) လူမှောင်ခိုကူးခြင်း၊ (၄)တရားမဝင်ငွေစက္ကူအတုများအား ကိုင်ဆောင်ခြင်း၊ သုံးစွဲခြင်းတို့အား (လုံးဝ)မပြု လုပ်ရန်တို့ဖြစ်ပြီး ဖောက်ဖျက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်ပါ အချက်အများစုမှာ ယခင်ကတည်းက ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် DKBA အတွင်း လိုက်နာရမည့် တားမြစ်ချက်များသာဖြစ်ပြီး တရားမဝင်ငွေစက္ကူများ ကိုင်ဆောင် သုံးစွဲခြင်းအား တားမြစ်သည့်အချက်တစ်ချက်ကို ယခုထပ်မံဖြည့်စွက်ကာ ထုတ်ပြန်ခြင်းဖြစ်ပြီး ယင်းညွန်ကြား ချက်များကိုလည်း ဒေသခံလူထုများထံ ဖြန့်ဝေမှုများပြုလုပ်ထားသည်ဟု DKBA ထံမှ သိရသည်။
အလားတူ ကိစ္စရပ်များအပါအဝင် အခြားကိစ္စရပ်များတွင်လည်း အချို့ DKBA အဖွဲ့ဝင်များကိုယ်တိုင်ပါဝင်ပတ် သက်မှုများရှိသည်ဟု အများပြည်သူက စွပ်စွဲဝေဖန်ပြောဆိုမှုများရှိခဲ့ဖူးသလို DKBA ဘက်မှလည်း ယင်းစွပ်စွဲ မှုများမှာ မဟုတ်မမှန်ကြောင်းနှင့် မသမာသူများက အဖွဲ့အစည်းအမည်ကို ခုတုံးလုပ်ကာ လုပ်ဆောင်ခြင်းဖြစ် ကြောင်း ပြန်လည်ချေပပြောဆိုမှုများ ထုတ်ပြန်မှုများရှိခဲ့ဖူးသည်။
မြဝတီမြို့ရှိ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ဟိုးအရင် ဒီကေဘီအေ ခေတ်ကောင်းစဉ်အခါကတော့ ဒါနဲ့ပတ်သက်လာရင် နာမည်တော်တော်ထွက်ပါတယ်။ အခုကျတော့ အဖွဲ့အတွင်းမှာ တစ်ဦးတစ်လေကတော့ ရှိကောင်းရှိပါလိမ့်မယ်။ သိပ်မကြား မိသလောက်ဖြစ်သွားပါပြီး။ သူတို့အခုလို ထိထိရောက်ရောက်လုပ် မယ် ဆို လည်း မြို့ခံတစ်ဦးအနေနဲ့ ကြိုဆိုပါတယ်” ဟု ကေအိုင်စီသို့ မှတ်ချက်ပြု ပြောသည်။
DKBA အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် -NCA လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း နယ်မြေအေးချမ်းစပြုနေပြီဖြစ်သည့်အတွက် စစ်ဖက်ရေးရာများထက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သာ ဦးစားပေးလုပ် ဆောင်သွားမည်ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်နယ်မြေအတွင်း ကြုံတွေ့ နေရသည့် မူးယစ်ဆေးဝါးပြဿနာများကိုလည်း KNUလက်အောက်ခံ တပ်ဖွဲ့များ၊ အစိုးရရဲတပ်ဖွဲ့ဝင်များ နှင့်အတူ ပူးပေါင်း တိုက်ဖျက်မှုများရှိနေကြောင်းလည်း DKBA ကပြောသည်။