Home သတင်း ကရင်ဖတ်စာ ၁၂ တန်းအထိ တိုးမြှင့်သွားမည်ဟု ကရင်ရဟန်း‌တော်များအသင်း မိန့်ကြား

ကရင်ဖတ်စာ ၁၂ တန်းအထိ တိုးမြှင့်သွားမည်ဟု ကရင်ရဟန်း‌တော်များအသင်း မိန့်ကြား

2351

‌မေ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ကရင်(အ‌ရှေ့ပိုး)ဖတ်စာ အရည်အ‌သွေး မြှင့့်တင်သွားရန် ရည်ရွယ်၍ ၁၂ တန်းအထိ တိုးမြှင့်သွားမည်ဟု ‌မေလ ၁၈ ရက်‌နေ့က လှိုင်းဘွဲမြို့နယ်၊ ‌ကော့ဝန်းရွာတွင် ပြုလုပ်သည့် ၈ ကြိမ်‌မြောက် ကရင်ရဟန်း‌တော်များအသင်း နှစ်ပတ်လည် အစည်းအ‌ဝေး‌နေ့တွင် ကရင်ရဟန်း‌တော်များအသင်းက ‌ကေအိုင်စီသို့ မိန့်ကြားလိုက်သည်။

ထိုသို့ ဖတ်စာတိုးမြှင့်ရသည့်အ‌ကြောင်းအရင်းမှာ အခြားစာ‌ပေများအား ယှဉ်ပြိုင်လိုခြင်းမဟုတ်ဘဲ မိမိတို့လူမျိုး၏ စာ‌ပေ အဆင့်အတန်းကို မြှင့်တင်လိုခြင်းသာဖြစ်‌ကြောင်း ကရင်ရဟန်း‌တော်များအသင်း၏ ကရင်ပရိယတ္တိ ကျမ်းစာများ ပြုစုထုတ်‌ဝေ‌ရေးဌာနမှူး ဖြစ်သူ အရှင်နာဂဝံသက ယခုလို မိန့်ဆိုသည်။

“အခုလို ဖတ်စာ‌တွေကို အတန်းလိုက်မြှင့်တင်ခြင်းအားဖြင့် စာ‌ပေအရည်အ‌သွေး‌တွေတက်လာတယ်။ ဖတ်စာထဲမှာလည်း ကရင့်‌ရေးရာ‌တွေ၊ ပထဝီ၊ သမိုင်း၊ လူမှု‌ရေး အဲဒီလိုမျိုး ပညာရပ်‌တွေပါ ထည့်သွင်းထားတဲ့အတွက် ‌လေ့လာလိုက်တဲ့သူ‌တွေအတွက် ဗဟုသုတ‌တွေ၊ အသိပညာ‌တွေ ရရှိလာမယ်” ဟု မိန့်ကြားသည်။

အဆိုပါ အစည်းအ‌ဝေးသို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် ‌ဒေသစုံမှ ရဟန်း‌တော်များနှင့် လူပရိဿတ် များအပါအဝင် စုစု‌ပေါင်း ၄၅ဝ ဦး‌ကျော်တက်‌ရောက်ပြီး ကဏ္ဍအလိုက် ‌ဆွေး‌နွေးခြင်းများ၊ အထက်တန်းအဆင့် ကရင်ဖတ်စာပြုစု အတည်ပြုမည့် အ‌ကြောင်းအရာများ၊ ကရင် ရဟန်း‌တော်များအသင်း၏ ဖွဲ့စည်းပုံများကို ပြန်လည်ပြင် ဆင်ကာ ဥက္ကဌများ၊ အတွင်း‌ရေးမှူးများ၊ ဌာနမှူးများကို အသစ်ပြန်လည်‌ရွေးချယ်ခဲ့ကြ‌ကြောင်း အရှင်နာဂဝံသ ထံမှသိရသည်။

အစည်းအ‌ဝေးအား တက်‌ရောက်လာသည့် အရှင်‌ကောဝိဒမှလည်း “၉ တန်းနဲ့ ၁ဝ တန်း က‌တော့ အကြမ်းဖျင်း ပြုစုထားပြီးပြီ၊ အတည်ပြုဖို့ပဲ ကျန်‌တော့တယ်။ ၁၂ တန်း အထိပြုစုဖို့ရည်ရွယ်ထားပြီးသားပါ။ ရည်ရွယ်ချက်က ကိုယ့်လူမျိုးရဲ့စာ‌ပေကို အဆင့်မြှင့်တင်‌ပေးချင်လို့‌ပေါ့။ စာ‌ပေမြင့်မှ လူမျိုးတိုးတက်မှာကိုး။ ကရင်ဖတ်စာ ပြုစု ‌ရေးဌာနကို‌တော့ ဦးဇင်းတို့ ဝင်း‌ရော်‌ဒေသက အဓိက တာဝန်ယူထားပါတယ်။”ဟု မိန့်ကြားသည်။

ကရင်ဖတ်စာများပြုစုရာတွင် ရဟန်းသံဃာ‌တော်များသာမကဘဲ ကရင်စာ‌ပေ ပညာရှင်များနှင့် လူထုများလည်း ပါဝင်ကာ အဆင့်ဆင့် တည်းဖြတ်စိစစ်ပြီးမှ အတည်ပြုရခြင်းဖြစ်‌ကြောင်းနှင့် လွန်ခဲ့‌သော ၂၀၁၁ခုနှစ်မှပင် စတင်ကာ ၅ တန်းမှ ၈ တန်းအထိ ကရင်အလယ်တန်းဖတ်စာမိတ်ဆက်သင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၌ နှစ်စဉ် ဖွင့်လှစ် သင်ကြားလျှက်ရှိသည်ဟု အရှင်‌ကောဝိဒမှ ဆက်မိန့်ကြားသည်။

၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကရင်ရဟန်း‌တော်များအသင်းသည် ၂၀၁ဝခုနှစ်တွင် စတင်ကာ နှစ်ပတ်လည် အစည်းအ‌ဝေးအား ပုံမှန် ပြုလုပ်ခဲ့ပြီး ယခု ၈နှစ်၊ ၈ ကြိမ်‌မြောက်ရှိသွားပြီဖြစ်သည်။ ၂၀၁၆ ခုနှစ်က ၇ ကြိမ်‌မြောက် ကရင်ရဟန်း‌တော် များအသင်း နှစ်ပတ်လည်အစည်းအ‌ဝေးကို ဖားအံမြို့နယ်၊ မုက္ကဒိရွာ၊ မုက္ကဒိ‌တောင်‌ခြေတိုက်‌ကျောင်း၌ ပြုလုပ်ခဲ့သည်။

ကရင် ရဟန်း‌တော်များအသင်း စတင်ဖွဲ့စည်းစဉ်က ‌ရှေး‌ဟောင်းကရင်စာ‌ပေ‌ဖော်ထုတ်ထိန်းသိမ်း‌ရေးဌာန၊ ကရင်ဖတ်စာ ပြုစု‌ရေးဌာန၊ ကရင်ပရိယတိ္တကျမ်းစာများ ပြုစုထုတ်‌ဝေ‌ရေး နှင့် စာ‌မေးပွဲ ကျင်းပ‌ရေးဌာန၊ ပြင်ပ‌ရေးရာနှင့် မဟာ မိတ်ဆက်ဆံ‌ရေးဌာနဟူ၍ ဌာန ၄ ခုရှိပြီး ယခု ၈ ကြိမ်‌မြောက် နှစ်ပတ်လည် အစည်းအ‌ဝေးတွင် စာအုပ်၊ စာ‌စောင် ထုတ်‌ဝေ‌ရေးနှင့် မှတ်တမ်း ပြုစု‌ရေးဌာန တစ်ခု ထပ်မံ ဖွဲ့စည်းလိုက်သဖြင့် စုစု‌ပေါင်း ဌာန ၅ ခုရှိ‌ကြောင်း ကရင်ရဟန်း‌တော်များအသင်းထံမှ သိရသည်။