မတ် ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် ဒလ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပိုးနှင့် စကော ကရင်စာသင်ကြားပေးမည့် ဆရာ၊ ဆရာမများ အတွက်နွေရာသီ မွမ်းမံသင်တန်းတစ်ခုကို တွံတေးမြို့၊ ကျွမ်းတော ရပ်ကွက်ရှိ၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ စကြင်္န်ကျောင်းဝင်းခန်းမ၌ မတ် ၂ဝရက်မှ ၂၆ ရက်နေ့ ထိပြုလုပ်နေသည်ဟု တွံတေးစာယဉ် အတွင်းရေးမှူး မန်းသောင်းလှိုင်က ပြောသည်။
၎င်းက “ တွံတေးမှာ ကရင်စာကို မနှစ်ကစပြီး အစိုးရကျောင်းတွေမှာ သင်ကြားပေးခဲ့ပါတယ်။ လာမဲ့နှစ်ကရင် စာပေစကားကို မျိုးဆက်သစ် ကရင်လူငယ်တွေကို သင်ကြားပေး တဲ့အခါမှာ ပိုမိုထိရောက်ဖို့ အဓိကရည်ရွယ် တယ်။ သင်ကြားရေးနဲ့ပတ်သက်ပြီး ကြုံတွေ့ နိုင်တဲ့ အခက်အခဲတွေ ကိုလည်း စုပေါင်းတိုင်ပင် ပြင်ဆင်ထားဖို့ လည်းပါတယ်၊ အခုမွမ်းမံသင်တန်းကို တွံတေးစာယဉ်အနေနဲ ့ပထမဆုံးလုပ်တာဖြစ်ပါတယ်” ဟု မတ် ၂ဝ ရက် နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သင်တန်းသို့ တွံတေးနှင့် ဒလမြို့နယ်တို့မှ ကရင်စာသင်ကြားပေးမည့် ဆရာ၊ ဆရာမ ၈၅ ဦး တက် ရောက်နေသလို သင်တန်းကုန်ကျစရိတ် ကျပ် ၂၂ သိန်းကျော် ခန့်မှန်းထားပြီး ရန်ကုန်တိုင်းဒေသကြီး ကရင် ရေးရာဝန်ကြီးမှ ကုန်ကျစရိတ်များကို ဘတ်ဂျက် ချထားပေးရန် စီစဉ်ပေးမည်ဟု ပြောဆိုထားပြီး လတ်တလော ကုန်ကျစရိတ်များကို တွံတေးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီရံပုံငွေမှ သုံးစွဲသွားမည်ဟု မန်း သောင်းလှိုင်က ဆက်ပြောသည်။
လက်ရှိ တွံတေးမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကရင်စာသင်ကြားပေးရာတွင် ကျောင်းချိန်ပြင်ပ (ကျောင်းဆင်းချိန်) ရောက်မှ သင်ကြားရသည့်အတွက် ကလေးငယ်များ စိတ်ဝင်စားမှုအပိုင်း အားနည်းမှုကို အဓိက ကြုံတွေ့နေရသည်ဟု တွံတေးမြို့နယ်အဂါတ်တန်းစုရွာ အခြေခံပညာ အလယ်တန်းခွဲကျောင်း၌ ကရင်စာသင်ကြားပေးနေသည့် ဆရာစောဂတ်စတားက ပြောသည်။
တစ်ပတ်ကြာ ဖွင့်လှစ်မည့် မွမ်းမံသင်တန်းတွင် ကရင်စာသင်ကြားမည့် ကလေးငယ်များ စိတ်ဝင်စားမှု မြှင့်တက် လာစေရေးအတွက် သီချင်း၊ ကဗျာ၊ ပိုးနှင့် စကောကရင် ဖတ်စာအုပ်များကို သင်တန်း ဆရာ၊ ဆရာမ ၆ ဦးတို့ က သင်ကြားပေးသွားမည်ဖြစ်သလို သင်တန်းညနေပိုင်းတွင် အထွေထွေဗဟုသုတ အမြင်ဖလှယ်ဆွေးနွေး ပွဲများပြုလုပ်သွားမည်ဟု သင်တန်းတာဝန်ခံ ဆရာတစ်ဦးဖြစ်သူ စောရိမ်းဘိုးရွှန်းက ပြောသည်။
တွံတေးမြို့နယ်တွင် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၁၈ ကျောင်း၌ ပိုးနှင့် စကော ကရင်စာ စတင်သင်ကြားပေးခဲ့ပြီး လာမည့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကျောင်း ၃၇ ကျောင်း၌် မြို့နယ် ကရင်စာပေ နှင့် ယဉ်ကျေးမှုကော်မတီ၊ ဆိုင်ရာပညာရေးဌာနတို့ ပူးပေါင်း သင်ကြားပေးသွားမည်ဖြစ်ဟု စာယဉ်တာဝန်ရှိသူ များထံမှ သိရသည်။