Home သတင်း ပြည်နယ်အတွင်း လိုင်စင်မဲ့ ယာဉ်များကို ယခင်ညွှန်ကြားချက်အတိုင်း ဆက်ဖမ်းမည်

ပြည်နယ်အတွင်း လိုင်စင်မဲ့ ယာဉ်များကို ယခင်ညွှန်ကြားချက်အတိုင်း ဆက်ဖမ်းမည်

1975

ဧပြီ ၆ ရက်၊ ၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း လိုင်စင်မဲ့ယာဉ်များကို ယခင်ပြည်နယ်အစိုးရ ညွှန်ကြားချက်အတိုင်း ဧပြီ လဆန်းပိုင်းမှစတင်ကာ ‌ဒေသအာဏာပိုင်များက ဦး‌ဆောင်၍ ဖမ်းဆီးမှုများ ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ကရင်ပြည်နယ် ဖားအံခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ‌ဇော်မင်း‌အောင်က ဧပြီ ၅ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “လိုင်စင်မဲ့ယာဉ်ဖမ်းတာနဲ့ပတ်သက်ပြီး အစိုးရအသစ်က‌တော့ ဖွဲ့စည်းမှုမပြီး‌သေးတဲ့အတွက် ဘာမှ ညွန်ကြားတာ‌တွေ မရှိပါဘူး။ အခုဖမ်းတာ ယခင်ကရင်ပြည်နယ်အစိုးရ လက်ထဲကတည်းက ညွန်ကြားထားတဲ့ ဟာနဲ့ ဖမ်းတာဖြစ်ပါတယ်။ ဖမ်းတာကလည်း အဖွဲ့စုံပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ လိုင်စင်မဲ့ယာဉ်များဖမ်းဆီးရာတွင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်‌ပေါင်းစုံမှ ပူး‌ပေါင်းပါဝင် ‌နေသလို နိုင်ငံ‌တော်မှ ထုတ်‌ပေးသည့် လိုင်စင်ဟုတ်မဟုတ်ပါက အစိုးရတာဝန်ရှိသူများက စစ်‌ဆေးမည့်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းလိုင်စင်ဖြင့် ဖားအံမြို့အတွင်းဝင်လာသည့် ယာဉ်များကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တာဝန်ယူ စစ်‌ဆေးသွားမည်ဟု ဖမ်းဆီး‌ရေးအဖွဲ့ဝင်များက ‌ပြောသည်။

ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စုံပါဝင်သည့်ယာဉ်စစ်‌ဆေး‌ရေး အဖွဲ့အ‌နေဖြင့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များ၏ ယာဉ်များကိုသာ တာဝန်ယူစစ်‌ဆေးမည်ဖြစ်သလို NCA တွင်မပါသည့် အဖွဲ့များ၏ ကားများကို တာဝန်ယူမည်မဟုတ်ဟုလည်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီး‌ရေးအဖွဲ့တွင် ပါဝင်သူ ကရင် ပြည်နယ်၊နယ်ခြား‌စောင့်တပ် BGF ဗဟိုမှ ဗိုလ်ကြီး ‌ဇော်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဖွဲ့အစည်းကား‌တွေက သက်ဆိုင်ရာအဖွဲ့လိုက် တာဝန်ခံ‌တွေ စစ်‌ဆေးတယ်။ အမှန်အကန် ဟုတ်မဟုတ် အတုလုပ်ထားရင်လည်း ကျ‌နော်တို့ သိတယ်။ BGF အပြင် NCA မှာ ပါဝင်တဲ့ KNU၊ DKBA၊ KNU/KNLA-PC အဖွဲ့‌တွေရဲ့ ဆက်ဆံ‌ရေးရုံး တာဝန်ခံက လာစစ်တယ်။ အဖွဲ့လက်မှတ်၊ နံပါတ်ပြား‌တွေ မမှန်ကန်တဲ့ ကားဆိုရင် ကျ‌နော်တို့က သက်ဆိုင်ရာကို ပြန်အပ်တယ်။ NCA မှာ မပါတဲ့အဖွဲ့‌တွေရဲ့ ကားကို‌တော့ တာဝန်မယူရဲဘူး”ဟု ၎င်းက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များကို ပြည်နယ် အစိုးရဝန်ထမ်းများ အပါအဝင် အလွှာစုံ အသုံးပြုမှု ရှိ‌နေရာမှ ယခု ၂၀၁၆ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် လိုင်စင်မဲ့ယာဉ်များကို အစိုးရက စတင် ဖမ်းဆီးခဲ့သည်။ ယင်းအ‌ပေါ် ကရင်လက်နက်ကိုင်အဖွဲ့အချို့နှင့် ကရင်နိုင်ငံ‌ရေးပါတီများက ဖမ်းဆီးသိမ်းယူ ခြင်းထက် ‌ဒေသတွင်းလိုင်စင် ထုတ်‌ပေးရန် အသီးသီး ‌ကြေညာချက်ထုတ်ပြန် ‌တောင်းဆိုခဲ့ကြသည်။

လိုင်စင်မဲ့ယာဉ် စတင်ဖမ်းဆီးခဲ့သည့် ဇန်နဝါရီမှ၊ ‌ဖေ‌ဖော်ဝါရီအထိ ယာဉ် ၅၆ စီးဖမ်းထားသလို မတ်လအတွင်း ယာဉ်ဖမ်းဆီးမှု ‌အေး‌နေရာမှ ယခု ဧပြီ ၄ ရက်‌နေ့တွင် ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ ယာဉ်စီး‌ရေ ၁ဝ ‌ကျော်ဖမ်းမိ ထားသည်ဟု ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။