Home သတင်း ကရင်မျိုးနွယ်စု အမည်မှန် ပြန်သတ်မှတ်နိုင်ရန် အဆိုပြုလွှာ အစိုးရထံတင်ပြမည်

ကရင်မျိုးနွယ်စု အမည်မှန် ပြန်သတ်မှတ်နိုင်ရန် အဆိုပြုလွှာ အစိုးရထံတင်ပြမည်

1458
နိုဝင်ဘာ ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံတဝှမ်းလုံးပြုလုပ်ခဲ့သည့် ကရင်မျိုးနွယ်စု အမည်မှန် ‌ဖော်ထုတ်‌ရေး အစည်းအ‌ဝေးများမှ ‌တွေ့ရှိချက်များ အတိုင်း ကရင်မျိုးနွယ်စု အမည်မှန်ပြန်လည်သတ်မှတ်‌ပေးရန် အဆိုပြုလွှာ တစ်‌စောင်ကို လာမည့် ဒီဇင်ဘာ ဒုတိယအပတ်တွင် ‌နေပြည်‌တော်၌ အစိုးရထံတင်ပြသွားမည်ဟု ကရင့်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ဆရာ‌စော‌ကျော်စွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ကရင်မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေး အစည်းအ‌ဝေး‌တွေက‌နေ ‌တွေ့ရှိချက်များကို အဆိုပြုလွှာ တစ်‌စောင်ပြုစုမယ်။ မှန်းထားတာ‌တော့ လာမဲ့ဒီဇင်ဘာ ၁၁ ရက်‌နေ့ကျရင် ‌နေပြည်‌တော်မှာ ကရင်အမျိုးသား ကိုယ်စားလှယ် ၈ဝ ဦးက လူဝင်မှုကြီးကြပ်‌ရေးနဲ့ ပြည်သူ့အင်အားဌာန ပြည်‌ထောင်စုဝန်ကြီးနဲ့ ကြားနာ‌ပြောကြားခြင်း အစည်းအ‌ဝေးလုပ်မယ် အဲ့ဒီမှာ အဆိုပြုလွှာကို တင်ပြမယ်။ ပြန်ပြင်မပြင်က‌တော့ သူတို့ လက်ထဲမှာရှိသလို ကရင်အမျိုးသားထု တရပ်လုံးမှာလည်း တာဝန်ရှိပါတယ်”ဟု ‌ပြောသည်။

အစိုးရနှင့်ပြုလုပ်မည့် မျိုးနွယ်စု အမည်မှန်‌တွေ့ရှိချက် ကြားနာ‌ပြောကြားခြင်း အစည်းအ‌ဝေးသို့ အမျိုးသားလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်‌တော်တိုင်းရင်းသားနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု‌ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များကိုပါ ဖိတ်ကြားထားပြီး ‌တွေ့ရှိချက်များကို ‌တွေ့ဆုံရှင်းလင်း‌ပြောဆိုသွားမည်ဖြစ်သည်။

မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေး တနိုင်ငံလုံးအဆင့် အစည်းအ‌ဝေးကို လာမည့် ဒီဇင်ဘာ ၅ ရက်‌နေ့တွင် ဖားအံမြို့၌ ပြုလုပ်မည်ဖြစ်ပြီး အစည်းအ‌ဝေးသို့ ကရင်အမျိုသားအစည်းအရုံး-‌ကေအဲန်ယူ ပြည်ထဲ‌ရေးဌာန တာဝန်ခံအပါအဝင် ဗဟို‌ကော်မတီဝင် ၆ ဦး၊ ခရိုင် ၇ ခုမှ ကိုယ်စားလှယ် ၁၄ ဦးကို ဖိတ်ကြားထားသလို လက်ရှိကရင် ‌ရေးရာဝန်ကြီးများ၊ ‌ဒေသအသီးသီးရှိ ကိုယ်စားလှယ်များ တက်‌ရောက်ကာ မျိုးနွယ်စု အမည်မှန် ‌တွေ့ရှိချက်များကို ‌ဆွေး‌နွေးဆုံးဖြတ်ကာ အဆိုပြုလွှာ ပြုစုမည်ဟု ဆရာ‌ကျော်စွာက ဆက်‌ပြောသည်။

လက်ရှိ ‌နေရာအနှံ့ ပြုလုပ်ပြီးဖြစ်သည့် မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေး အစည်းအ‌ဝေးများတွင် အတည်ပြု ထားသည့် ကရင်မျိုးနွယ်စုများမှာ စ‌ကောကရင်၊ ပကူးကရင်၊ ဘွဲ့ကရင်၊ မိုဘွာ၊ ‌ဂေးဘား၊ က‌ညောဝါး (ကရင်ဖြူ)၊ ပိုး(ဖလုံ) နှင့် (ဖလုံး)တို့ ဖြစ်သည်ကာ ပိုးကရင်မျိုးနွယ်စုကို တစ်စုတည်း သို့မဟုတ် မျိုးနွယ်စု နှစ်စုအဖြစ် မည်သို့ သတ်မှတ်မည်ကို ဖားအံအစည်းအ‌ဝေးတွင် ဆုံးဖြတ်ရန်ရှိ‌ကြောင်း ကရင့်‌ရေးရာ‌ကော်မတီ ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တစ်နိုင်ငံလုံး သန်း‌ခေါင်းစာရင်း‌ကောက်ယူစဉ်က အစိုးရမှ ကရင်မျိုးနွယ်စု ၁၁ စု သတ်မှတ်ခဲ့ခြင်းအ‌ပေါ် အငြင်းပွားမှုများရှိ‌နေသည့်အတွက် ကရင့်‌ရေးရာ ‌ကော်မတီက ဦး‌ဆောင်ကာ မျိုးနွယ်စု အမည်မှန် ‌ဖော်ထုတ်‌ရေး အစည်းအ‌ဝေးများကို နိုင်ငံတဝှမ်းလုံးလိုက်လံပြုလုပ်ပြီးခဲ့ခြင်းဖြစ်ကာ စုစု‌ပေါင်း ကျပ်သိန်း ၂၄၀ဝ ‌ကျော် ကုန်ကျခဲ့ပြီး ယင်းအတွက် အလှူရှင်များပံ့ပိုးကူညီ‌ပေးခဲ့သည်ဟု ‌ကော်မတီထံမှ သိရသည်။