Home သတင်း ‌ကေအဲန်ယူ၏ သ‌ဘောထား ဆုံးဖြတ်ချက်အ‌ပေါ် UNFC ကြိုဆို

‌ကေအဲန်ယူ၏ သ‌ဘောထား ဆုံးဖြတ်ချက်အ‌ပေါ် UNFC ကြိုဆို

1340

‌အောက်တိုဘာ ၃၁ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ မူလအတိုင်း ယာယီရပ်ဆိုင်းထားမည့်အ‌ခြေအ‌နေနှင့် မူဝါဒပိုင်းဆိုင်ရာများကို ဆက်လက်‌ဆွေး‌နွေးသွားမည်ဟု ‌အောက်တိုဘာ ၂၉ရက်‌နေ့က ဆုံးဖြတ်လိုက်သည့်အ‌ပေါ် UNFC က ကြိုဆိုလိုက်သည်။

UNFC အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခူးဦးရယ်က “ဒီလိုဆုံးဖြတ်လိုက်တဲ့ အ‌ပေါ်မှာ ‌ကောင်းတယ် မ‌ကောင်းဘူး ဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်သာ ဖြစ်တဲ့အတွက် ဒါကို‌တော့ ‌လေးစားရမှာပါ။ ‌နောက်ပြီး အစဉ်သဖြင့် UNFC ‌ခေါင်း‌ဆောင်‌တွေနဲ့ ပြန်လည်‌ဆွေး‌နွေးဖို့ ဆိုတဲ့စကား ကြားရတာ ဝမ်းလည်းဝမ်းသာသလို ကြိုလည်းကြိုဆိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် UNFC ချမှတ်ထားသည့် မူများမှာ အဖွဲ့အစည်းအများစု သ‌ဘောတူလက်ခံသည့် မူဖြစ်ပြီး အချိန်တို အတွင်း ‌ပြောင်းလဲ‌ဆောင်ရွက်နိုင်ခြင်းမရှိသလို ‌ကော်မရှင်တစ်ခုဖွဲ့ကာ မူအားလုံးကို ပြန်လည်သုံးသပ်ပြီး ညှိနှိုင်း‌ဆောင်ရွက်ရန် UNFC ညီလာခံက ဆုံးဖြတ်ထားပြီးသားဖြစ်‌ကြောင်း ခူဦးရယ်က ဆက်‌ပြောသည်။

‌ကေအဲန်ယူသည် UNFC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းခဲ့ပြီး‌နောက်ပိုင်း အဖွဲ့ဝင်အဖြစ်ဆက်ရှိ‌ရေး မရှိ‌ရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်နိုင်ရန် ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူထိန်ချုပ်နယ်‌မြေ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ‌လေးဝါးစခန်းတွင် ‌အောက်တိုဘာလ၂၃ ရက်‌နေ့မှ ၂၉ ရက်‌နေ့အထိ ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူ၏ ဆုံးဖြတ်ချက်အ‌ပေါ် ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက “ဒီကိစ္စနဲ့ပတ်သက်ပြီး ‌သေချာ‌ဆွေး‌နွေးခဲ့တယ်။ အဲလို‌ဆွေး‌နွေးတဲ့အခါ တစ်‌ယောက်နဲ့တစ်‌ယောက် အယူအဆ မတူတာ‌တွေရှိတဲ့ အ‌ပေါ်မှာ ဘုံတူညီချက်တစ်ခုရှာပြီး ဆက်လက်‌ဆွေး‌နွေးနိုင်ဖို့ကို အခုလို ဆုံးဖြတ်လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဖွဲ့ဝင်မှ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ‌ကေအဲန်ယူအ‌နေဖြင့် ၎င်းတို့၏ သ‌ဘောထား သည် UNFC ၏ မူဝါဒနှင့် ကိုက်ညီမှု မရှိသည့်အချက်များကို UNFC တာဝန်ရှိ‌ကော်မတီများနှင့် အနီးစပ်ဆုံး လက်ခံနိုင်သည့် အ‌ဖြေရသည်အထိ ဆက်လက်‌ဆွေး‌နွေးသွားမည်ဖြစ်သည်ဟု ‌ကေအဲန်ယူက ဆိုသည်။

“ကျ‌နော်တို့ UNFC နဲ့ ဆက်‌ဆွေး‌နွေးမယ်။ တကယ်လို့ အဲလိုအကြိမ်ကြိမ် ‌ဆွေး‌နွေးပြီး KNU မူဝါဒနဲ့ လုံးဝ ချွတ်ဇွတ်ကြီး အံဝင်ဂွင်ကျ မဖြစ်အုံး‌တော့ လိုက်‌လျောနိုင်တဲ့ အ‌ခြေအ‌နေ‌ရောက်ပြီဆိုရင် ကျ‌နော်တို့ ပြန်ဝင်မှာ ပဲ”ဟု ပဒို‌စောသမိန်ထွန်းက ဆက်‌ပြောသည်။

၎င်းအပြင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များဖြစ်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးမှတဆင့် အားလုံးပါဝင် နိုင်‌သော နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲစတင်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးပါတီများ၊ နိုင်ငံ‌ရေးအင်အားစုများနှင့်အတူ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း အ‌ရေး‌ပေါ်အစည်းအ‌ဝေးပြီး ‌ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ယခုနှစ် ဩဂုတ်လကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် UNFC ၏ ပထမအကြိမ် ညီလာ ခံတွင် ‌ကေအဲန်ယူသည် UNFC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းပြီး‌နောက် ၎င်းတို့၏ ဗဟိုအမြဲတမ်း ‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးကို ‌ခေါ်ယူကျင်းပကာ ထွက်ရှိလာသည့်အ‌ဖြေကို UNFC က ကြိုဆိုခဲ့ခြင်းဖြစ်သည်။