Home သတင်း အလုပ်လုပ်ချိန် အပြည့်ရရန် မဲ‌ဆောက်ရှိ မြန်မာစက်ရုံအလုပ်သမား ၈ဝ တိုင်ကြားမှုပြုလုပ်

အလုပ်လုပ်ချိန် အပြည့်ရရန် မဲ‌ဆောက်ရှိ မြန်မာစက်ရုံအလုပ်သမား ၈ဝ တိုင်ကြားမှုပြုလုပ်

1371

ဩဂုတ် ၂၉ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲ‌ဆောက်မြို့အနီး ‌ဝှေ့မုရွာတွင်ရှိ‌သော JAGUAR စတီး စက်ရုံရှိ မြန်မာစက်ရုံအလုပ်သမား ၈ဝ ဦးက အလုပ်ချိန် အပြည့်အဝ မရရှိသဖြင့် မဲ‌ဆောက် ထိုင်းအလုပ်သမား ရုံး(ဆဝါဒီကန်)ရုံးသို့ ယ‌နေ့ ဩဂုတ် ၂၉ ရက်‌နေ့တွင် တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါစတီးပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် ထိုင်းနှင့်မြန်မာအလုပ်သမား‌ပေါင်း ၁၀ဝ ခန့်ရှိသည့်အနက် ထိုင်း အလုပ်သမား ၂ဝဦးကိုသာ အလုပ်ချိန်အပြည့် လုပ်ခွင့်‌ပေးထားသည့်အတွက် မြန်မာအလုပ်သမားများက ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်ဟု အလုပ်သမားများအ‌ရေး ကူညီ‌ဆောင်ရွက်‌ပေး‌နေသူ မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ ပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှား‌ရေး ‌ကော်မတီ(JACBA) ဥက္ကဌဖြစ်သူ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု သူတို့က တစ်ပတ်မှာ သုံးရက်ပဲ လုပ်ခွင့်ရတယ်။ တစ်ရက်ကို ‌နေ့စားခ ၃၀ဝ ဘတ်‌တော့ ‌ပေးတယ်။ အလုပ်လုပ်ရင် ‌ပေးတယ်။ ကျန်တဲ့ ၄ ရက်က တပြားမှ မရဘူး။ မြန်မာအလုပ်သမား‌တွေအတွက် စားဝတ်‌နေ ‌ရေး ခက်ခဲတယ်။ အဲဒါ‌ကြောင့် အခုလို အလုပ်ရှင်အလုပ်သမား ‌ပြေလည်‌အောင် ညှိနှိုင်း‌ပေး‌နေဆဲဖြစ်တယ်”ဟု ‌ပြောသည်။

JAGUAR စတီး စက်ရုံတွင် အလုပ်လုပ်‌နေကြ‌သော မြန်မာအလုပ်သမားများမှာ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်‌ဆောင်ထားသူများဖြစ်ပြီး အလုပ်လုပ်ချိန် အပြည့်အဝမရသည်မှာ လွန်ခဲ့သည့် ၄ လကပင် ဖြစ်သည်ဟု သိရသည်။

အဆိုပါ စတီးစက်ရုံမှ အလုပ်သမားဖြစ်သူ ကိုဝင်းလှိုင်က “အခုက ကျ‌နော်တို့ကို တစ်ပတ်မှာ ၅ ရက်‌လောက်ပဲ လုပ်ခွင့်‌ပေးတယ်ဆို ကျ‌နော်တို့ မတိုင်ဘူး။ အခု သုံးရက်ပဲ အလုပ်လုပ်ခွင့်ရတယ်။ သူ‌ဌေးကို သုံးရက် ထပ်တိုး အလုပ်လုပ်ခွင့်‌တောင်းတာကို လက်မခံဘူး။ ဒီကြားထဲ တစ်လကို ‌ရေခ၊ မီးခ တစ်လကို ဘတ် ၅၀ဝ ဖြတ်‌တော့ ကျ‌နော်တို့လည်း မခံစားနိုင်‌တော့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် စက်ရုံပိုင်ရှင်အ‌နေဖြင့် အလုပ်သမားများအား ‌နေစရာအတွက်‌ပေးထား‌သော်လည်း ရရှိလာ‌သော အလုပ်သမားများ၏ ‌နေ့စားလုပ်အားခများထဲမှ လစာဖြတ်‌တောက်ယူထားမှုများရှိသည့်အတွက် အခက်အခဲ ကြုံ‌တွေ့‌နေရသည်ဟုလည်း ကိုဝင်းလှိုင်က ဆက်‌ပြောသည်။

ယခုကဲ့သို့ တိုင်ကြားမှုအတွက် မဲ‌ဆောက်ရှိ ထိုင်းအလုပ်သမားရုံးမှ အရာရှိဖြစ်သူ နန်း‌ဆောင်လပ်ခတ်ကွန်း ကိုယ်တိုင် ကွင်းဆင်းပြီး အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များနှင့်အတူ လာမည့် စက်တင်ဘာလ ၂ ရက်‌နေ့တွင် ညှိနှိုင်း‌ဆောင်ရွက်‌ပေးရန် ရှိသည်ဟု ဦးမိုးကြိုးက ဖြည့်စွက်‌ပြောသည်။

အလားတူ ယ‌နေ့ဩဂုတ် ၂၉ ရက်‌နေ့၌ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ ဟိုဖို်င်ရပ်ကွက်ရှိ Silver and Gold Garment အထည် ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၇ ဦးသည် အလုပ်ရှင်၏ အလုပ်ထုတ်ပယ်ခံရသည့်အတွက် ရရှိသင့် ‌သော လုပ်အားခများ ပြန်လည်ရရှိရန် ထိုင်းအလုပ်သမားရုံး(ဆဝါဒီကန်)တွင် လာ‌ရောက်တိုင်ကြားမှုပြုလုပ်ခဲ့ သည်ဟု သိရသည်။

မဲ‌ဆောက်‌ဒေသရှိ JAGUAR စတီး စက်ရုံသည် ၈ နှစ်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား တင်းမာမှု (၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားခြင်းအတွက် ထိုင်းအလုပ်သမားရုံးမှ ‌ဖြေရှင်း‌ပေးရသည်မှာ ယခုအကြိမ် အပါအဝင် ၆ ကြိမ်ရှိပြီ ဖြစ်‌ကြောင်း ဦးမိုးကြိုးက ‌ပြောဆိုသည်။