စောကော်ပလာစေး ၂၂ နှစ်
ဝါသနာ ပညာရေး
ပညာ ဆယ်တန်းလွန်ကျောင်း(Post Ten)
ကျနော်ငယ်ငယ်တုန်းက ကြာအင်းမြို့နယ်၊ ငှက်ပျောတောရွာမှာ နေတယ်။ မွေးချင်းမောင်နှမ ၆ယောက်မှာ ကျနော်က ငါး ယောက်မြောက်ပါ။ ကျနော့်မိဘတွေက တောင်ယာလုပ်ကိုင်တဲ့ တောသူတောင်သားတွေပေါ့။ ကျနော်ရဲ့မိဘတွေက နေရာ အတည်တကျ နေထိုင်တာ မဟုတ်တော့ ကျနော်ကျောင်းနေရဖို့ မလွယ်ပါဘူး။ အဖေက ကျနော်ငယ်ငယ်တုန်းက ဆုံးသွား တယ်။ အမေကကတော့ ကျနော် လေးတန်းနှစ်မှာ ဆုံးသွားတယ်။ ကျနော့်အသက် ဆယ်နှစ်အရွယ်မှာ ကျောင်းနေရဖို့အတွက် ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း ဘော်ဒါဆောင်မှာပဲ ကျနော်နေခဲ့တယ်။
အသက် ၁၁နှစ်မှ ကျနော်ကျောင်းတက်ရတယ်။ KGA(သူငယ်တန်း)ကနေ စတက်တယ်။ နို့ဖိုးမှာ (၈)နှစ်နေခဲ့ပြီး အလယ်တန်း အောင်မြင်ပြီး မဲဆောက်မှာရှိတဲ့ ဆာသူးလေကျောင်းမှာ ကျောင်းဆက်တက်ပြီး ၁၂တန်းအောင်တယ်။ အဲဒီနောက် မဲဆောက်မြို့ အနီး မယ်ပမှာရှိတဲ့ Teacher Preparation Centre(TPC) သင်တန်းကျောင်းမှာ ကျနော် ကျောင်းတနှစ်တက်ခဲ့တယ်။ အခု ဆာသူးလေကျောင်းမှာ ယာယီကျောင်းဆရာအနေနဲ့ သုံးလ ပြန်ကူညီမယ်။ ပြီးရင် ရန်ကုန်တိုင်း၊ အင်းစိန်မှာ ကရင်တက္ကသိုလ် ကျောင်းတက်ပြီး ကရင်မေဂျာဘွဲ့တစ်ခုယူဖို့ စိတ်ကူးထားတယ်။ ဘွဲ့ရပြီးရင် ကျနော့်ရဲ့လူမျိုး၊ ကျနော့်ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ပညာရေးနဲ့ပတ်သက်တာပဲ လုပ်သွားမယ်။ ပြီးရင် အခြားအဖွဲ့အစည်းတစ်ခုခုမှာ ဝင်လုပ်ဖို့ ဆန္ဒရှိတယ်။
ကျနော်က အမျိုးသားရေးနဲ့ ပတ်သက်ပြီး အိုးမဲ့အိမ်မဲ့သူတွေကို ကူညီချင်တယ်။ အသိပညာ ဗဟုသုတနည်းတဲ့သူတွေ၊ ကျောင်း မနေရတဲ့ ကလေးသူငယ်တွေကို ကူညီချင်တာမို့ ကလေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော် ကြိုးစားနည်းလမ်းရှာမယ်။ ဒီနေ့ အချိန်အခါဟာ တိုးတက်မှု အပြောင်းအလဲ မြန်တယ်။ ဒီလိုပဲ လူငယ်တွေရဲ့ ဘဝဟာလည်း ပြောင်းလဲပျက်စီးမြန်တယ်။ ဖွံ့ဖြိုးဖို့ အတွက်တော့ နှေးနေတယ်။
ဒါကြောင့် ကျနော်လူငယ်တွေကို အားပေးချင်တာက ရှေ့အနာဂတ်ကို မျှော်ကြည့်တတ်ဖို့ပါ။ ကျနော်တို့ရဲ့ အမျိုးသားတွေ အနာ ဂတ်မှာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတနိုင်ငံထဲမှာ အတူပြန်နေရဖို့ ရည်ရွယ်ချက်ထားရမယ်။ ပြီးတော့ တစ်ခြားနိုင်ငံမှာနေနေတဲ့ ကရင်တွေနဲ့လည်း ကော်သူးလေပြည်မှာ တစ်နေ့ ပြန်ပြီး ဆုံတွေ့နိုင်ကြပါစေ။ ကော်သူးလေမှာပဲ အလုပ်ပြန်လုပ်ကြမယ်။ ကိုယ့် နည်းကိုယ့်ဟန်နဲ့ ကိုယ့်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အလုပ်လုပ်ကြဖို့ အားပေးချင်ပါတယ်။