ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)
လက်ရှိမြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြားဆွေးနွေးညှိနှိုင်းနေကြသည့်ငြိမ်းချမ်းရေး ဆိုင်ရာလုပ်ငန်း စဉ်များသည်နိုင်ငံသားမှတ်ပုံတင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ရရှိရန်အတွက် မဟုတ်ဟုတိုင်းရင်းသား ခေါင်းဆောင်များကပြောသည်။
ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ဟိုတယ်တွင် ကြာသာပတေးနေ့က မြန်မာအစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ်လက်မှတ်ရေးထိုးပွဲအပြီးတွင် မြန်မာအစိုးရဝန်ကြီး ဦးအောင်မင်းက ပြည်တွင်းသတင်းဌာနများကို ပြောကြားခဲ့သည့် တွေ့ဆုံမေးမြန်းခန်းနှင့် ပတ်သက်၍ တိုင်းရင်းသားအဖွဲ့များက တုံ့ပြန်ပြောဆိုကြခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေ တနိုင်ငံလုံးကို လက်နက်မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုတယ်။ မှတ်ပုံတင် မရှိရင် မှတ်ပုံတင်လုပ်ပေးလိုက်အုံးမယ်။ မှတ်ပုံတင်ရှိသွားရင် နိုင်ငံသားဖြစ်သွားပြီး နိုင်ငံသားအခွင့်အရေး အားလုံးရမယ်။ အခု သူတို့လက်ထဲမှာ မှတ်ပုံတင်လည်း မရှိဘူး။ တောထဲမှာ တောက်လျှောက်နေခဲ့ကြတာ မှတ်ပုံတင်ရှိရင် စီးပွားရေးလုပ်လို့ ရမယ်။ နိုင်ငံရေး ပါတီထောင်ပြီး ရွှေးကောက်ပွဲဝင်လို့ရမယ်။ ဒါ ကျနော်တို့လိုချင်တဲ့ လမ်းကြောင်းပဲ။”ဟု ၎င်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
ယခုလ ၂ဝရက်နေ့တွင် မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးရန်ရှိ သည့် မွန်ပြည်သစ်ပါတီအဖွဲ့က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းသည် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရန်နှင့် နိုင်ငံရေးပါတီ ထူထောင်ရန်မဟုတ်ဟု ပြောသည်။
မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “သူတို့ဘက်က စီးပွားရေး ဖွံ့ဖြိုးရေးကိုအကြောင်းပြပြီး အချိန်ဆွဲ ထားရင် တိုင်းရင်းသားတွေဘက်ကပဲ နစ်နာမယ်။ သူတို့ လွှမ်းမိုးတဲ့လွှတ်တော်မှာ တိုင်းရင်းသားလူမျိုးစုတွေ သူတို့ကိုယှဉ်ဘို့ မလွယ်ပါဘူး။ တိုင်းရင်းသားတွေ အပစ်ရပ်၊ ဒေသဖွံ့ဖြိုးရေးတွေလုပ်၊ မှတ်ပုံတင်ပြီး စီးပွားရေးတွေ လုပ်ကိုင်ခွင့်ရရုံနဲ့ လုံ လောက်တယ်လို့ ထင်ရင်တော့ သူတို့မှားတယ်။”ဟု ကရင်သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားများ စားဝတ်နေရေး ဖူလုံရုံမျှမက အမျိုးသားစာပေယဉ်ကျေးမှုနှင့် နယ်မြေဒေသများကို စီမံခန့်ခွဲနိုင်ရန် ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန်နှင့် စစ်မှန်သည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် ရေရှည်သွားနိုင် မည်ဖြစ်ပြီး လက်ရှိ မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို တိုင်းရင်းသားများဘက်မှ လက်ခံနိုင်မည် မဟုတ်ကြောင်းလည်း နိုင်ဟံသာက ဖြည့်စွက် ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “KNU က မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဘို့အတွက် ဖြစ်တယ်။ မှတ်ပုံတင် ရဖို့နဲ့ စီးပွားရေးလုပ်ဖို့အတွက် မဟုတ်ဘူး။ KNU က အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခဲ့ပေမဲ့ ဒီအဆင့်ကနေ တကယ်စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဆင့်ကို ရောက်ရှိဘို့အတွက်တော့ နှစ်ဘက်အကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေကို အများကြီး လုပ်ရဦးမယ်။”ဟု ပြောသည်။
ကရင်နီတိုးတက်ရေးပါတီ KNPP ၏ အထွေထွေအတွင်းရေးမှူးခူးဦးရယ်က မြန်မာဝန်ကြီးဦး အောင်မင်းဦးဆောင်သည့် ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် တိုင်းရင်းသားများ၏အရေးကို အလေးအနက် ပြောဆိုဆွေးနွေးခြင်း မရှိဘဲ မြန်မာအစိုးရအပေါ် အများက အကောင်းမြင်စေမည့် လုပ်ရပ်များကိုသာ လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်ဟု ဝေဖန် ပြောကြားခဲ့သည်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်နီတိုးတက်ရေးပါတီ KNPP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမတဦးသိန်းစိန်က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ၆ဖွဲ့သည် ယခင်လက စတင်ကာ ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် အဖွဲ့အချို့ လက် မှတ်ရေးထိုးခဲ့ကြပြီး ကျန်အဖွဲ့များနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နိုင်ရေးအတွက် နှစ်ဘက်ညှိနှိုင်းမှုများ ပြုလုပ်လျှက်ရှိ သည်။
ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA –S အဖွဲ့သည့် မြန်မာအစိုးရကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ယနေ့နံနက်က နေပြည်တော်သို့ ထွက်ခွာသွားပြီးဖြစ်သည်ဟု အဖွဲ့၏ တာဝန်ရှိသူတဦးက ပြောသည်။