Home ထိပ်တန်းသတင်း KNLA နှင့် နအဖတို့ တနာရီကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး

KNLA နှင့် နအဖတို့ တနာရီကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး

1692
‌မေလ ၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ဝေါ်‌လေဂွင်၌ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA နှင့် နအဖစစ်တပ်တို့ ကြား ယ‌နေ့မနက် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်‌သေဆုံးမှုရှိ‌ကြောင်း သတင်းရရှိသည်။

ယ‌နေ့မနက် ၆နာရီတွင် ‌ဝေါ်‌လေဂွင်ရှိ ကနဲ‌လေးနှင့် ‌မော်ဖိုးကလိုးရွာကြား၌ တပ်အင်အား (၃၀)ခန့်ရှိ နအဖစစ်တပ်မှ ခမရ (၄၀၅)တပ်ရင်းနှင့် KNLA တပ်ရင်း(၂၀၁)တပ်ဖွဲ့တို့ ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KNLA တပ်ရင်း (၂၀၁) ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောကြည်‌အောင်က ‌ပြောသည်။

သူက “ဒီမနက် ၆း၄ဝ က‌နေ ၇း၄ဝအထိ ဖြစ်ခဲ့တယ်။ ကျ‌နော်တို့ဘက်က အရာခံဗိုလ်တ‌ယောက် အသက်‌ပေးလိုက်ရတယ်။ နအဖဘက်က တ‌ယောက်‌သေတယ်။ ၅‌ယောက် ဒဏ်ရာပြင်းထန်တယ်”ဟု ‌ပြောသည်။

လက်နက်ကြီးငယ်များဖြင့် အပြန်အလှန်ပစ်ခတ်‌သော‌ကြောင့် အဆိုပါတိုက်ပွဲမှာ ယ‌နေ့မနက်တွင် ဆူညံသွား‌ကြောင်း ‌ဝေါ်‌လေ ဂွင်ရှိ ဒီ‌ကေဘီ‌အေ တပ်ရင်း(၉၀၇)မှ တပ်မှူးတဦးက ‌ပြောသည်။

အဆိုပါတပ်ရင်းနှစ်ဖက်သည် ယမန်‌နေ့ မွန်းလွဲ ၂နာရီခန့်တွင် (၅)မိနစ်ခန့် တိုက်ပွဲ ထပ်မံဖြစ်ပွားရာ နအဖဘက်မှ (၃)ဦး ထိ ခိုက်ဒဏ်ရာရပြီး ‌ကေအဲန်အယ်လ်‌အေဘက်က ထိခိုက်မှုမရှိ‌ကြောင်း သိရသည်။

(‌ကေအဲန်ယူ တပ်ရင်း-၂၀၁ တပ်ဖွဲ့ဝင်များ)

မဲ‌ဆောက်မြို့‌တောင်ဘက် (၁၂၀)ကီလိုမီတာ အကွာအ‌ဝေးရှိ ‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ ‌ဝေါ်‌လေဂွင်တွင် KNLA နှင့် နအဖတပ်ဖွဲ့ဝင်တို့ကြား ယခုနှစ်အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ထိခိုက်‌သေဆုံးမှုများ ရှိ‌သော်လည်း ‌ကေအဲန်ယူဘက်မှ ယခု ထိခိုက်‌သေဆုံးမှုမှာ ပထမဆုံးဖြစ်သည်။

တဆက်တည်းတွင် နအဖစစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးကိစ္စကို လက်မခံသည့် ဗိုလ်မှူးကြီး ‌စောလား ပွယ် (ဗိုလ်နှုတ်ခမ်း‌မွှေး)ဦး‌ဆောင်‌သော ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်ရင်း (၉၀၇)တပ်ဖွဲ့ဝင်များသည် ထို‌ဒေသတွင် စစ် ‌ရေးပြင်ဆင်မှုများလုပ်‌ဆောင်‌နေသည်ဟု နီးစပ်သူများက ‌ပြောသည်။

ယင်းစစ်‌ရေးလှုပ်ရှားမှုများ‌ကြောင့် အကြီးအကျယ် ထိခိုက်မည်ကို စိုးရိမ်သဖြင့် ‌ဒေသခံရွာသား ၃၀၀‌ကျော်မှာ ဧပြီလ ၂၇ရက် ‌နေ့ညကတည်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်လာခဲ့‌ကြောင်း ထိုင်း-မြန်မာအ‌ခြေစိုက် လူသားချင်းစာနာ ‌ထောက်ထားသည့် အကူညီ‌ပေး‌ရေးအဖွဲ့များက ‌ပြောသည်။

‌ဝေါ်‌လေဂွင်တွင် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၅)တပ်ရင်း၊ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) လက်‌အောက်ခံ (၉၀၇)တပ်ရင်းနှင့် ‌ကေအဲန်အယ်လ်‌အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။

နအဖ ခမရ(၄၀၅)တပ်ရင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလကုန်မှစ၍ ယခင်တပ်ရင်း ခမရ(၄၀၉)နှင့် တပ်အ‌ပြောင်းအလဲလုပ်ကာ ဝင်‌ရောက်လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။