စောစတီဗင် ၂၄နှစ်
ဝါသနာ စစ်သား
ပညာ ဆယ်တန်းအောင်
ကျနော့်ရဲ့ ဇာတိက တောင်ငူခရိုင်၊ သံတောင်ကြီး မြို့နယ်၊ ရွှေညောင်ပင် အုပ်စု၊ ပျားစခန်း ရွာပါ။ ပျားစခန်း ရွာမှာ အိမ်ခြေ ၄၀၀ဝ ကျော် ရှိတယ်။ မောင်နှမ ခြောက်ယောက်မှာ ကျနော်က ဒုတိယမြောက်။ ကျနော် ဆယ်တန်း အောင်ပြီး ၂၀၀၆ ခုနှစ်မှာ ရွာကနေ မယ်လစခန်းကို ရောက်လာတယ်။ အဲဒီမှာ ကျဘမ်း အလုပ်တွေ လုပ်ပြီး တနှစ်လောက် နေတော့ တောင်ငူကို ပြန်တယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်း ဖြစ်တဲ့အချိန် ရန်ကုန်က သူငယ်ချင်းနဲ့အတူ စက်တင်ဘာ ၂၄၊ ၂၅၊ ၂၆ ရက်အထိ သံဃာတော်တွေ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ရာမှာ ပါဝင်ခဲ့တယ်။ အဲဒီ မှာ ကျနော့် သူငယ်ချင်းကတော့ အနှစ် (၆၀) အကျဉ်းချခံလိုက်ရတယ်။ ကျနော်ကတော့ မယ်လစခန်းကို ပြန်ရောက် လာခဲ့တယ်။
ကျနော့်အသက် ၁၄ နှစ် အရွယ်လောက်မှာ နအဖ စစ်သားတွေ ရွာထဲဝင်လာပြီး ရွာသားတွေကိုတွေ့ရင် ရိုက်တာ၊ သတ်တာ၊ အမျိုးသမီးတွေကို ဆိုရင်လည်း မုဒိမ်းကျင့်တာ စတာတွေကို ကိုယ်တိုင် တွေ့ခဲ့ဖူးတယ်။ သူတို့ ရွာကို ဝင်လာပြီဆိုရင် ကျနော်တို့တွေ ရွာကနေ ထွက်ပြေးရတာပဲ။ အကြိမ်ပေါင်းလည်း မနည်းခဲ့တော့ အဲဒါတွေကို အခုထက်ထိ မေ့လို့မရသေးဘူး။ မျက်စိထဲမှာ မြင်ယောင်နေတုန်းပဲ။ ဘုန်းကြီးတွေကိုတောင် သတ်တယ်ဆို တော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရအောင် အနုနည်းနဲ့ နအဖကို ဆက်လက် တောင်းဆိုမယ် ဆိုရင် ကိုယ်သေရုံပဲ ရှိမယ်။ အခု ကျနော် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) ရဲ့ စစ်သားတယောက် ဖြစ်နေပါပြီ။ နအဖ စစ်တပ်ကို လက်နက်နဲ့ပဲ တုံ့ပြန်သင့်တယ်လို့ ကျနော် ယူဆတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ကရင် အပါအဝင် တိုင်းရင်းသား ညီအစ်ကို မောင်နှတွေ အားလုံး စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ဖို့အတွက် ဆက်လက် တိုက်ပွဲဝင်မယ်လို့လည်း စိတ်ပိုင်းဖြတ် ထားပါတယ်။
တော်လှန်ရေး အောင်မြင်ဖို့ဆိုရင် လူငယ်အားတွေ အများကြီး လိုသေးတယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပမှာရှိတဲ့ လူငယ်တွေ အားလုံးကို ကိုယ့် အမျိုးသား တော်လှန်ရေးကို ဘယ်တော့မှ မမေ့ဖို့နဲ့ တတ်နိုင်တဲ့ဖက်က ကူညီပံ့ပိုးပါလို့ ပြောချင်တယ်။