Home သတင်း စစ်‌ပြေးဒုက္ခသည်များအတွက် ယာယီဒုက္ခသည်စခန်း ဖွင့်လှစ်‌တော့မည်

စစ်‌ပြေးဒုက္ခသည်များအတွက် ယာယီဒုက္ခသည်စခန်း ဖွင့်လှစ်‌တော့မည်

1888

နန်းထူးစံ (‌ကေအိုင်စီ)
ဇွန်လ (၃၀)ရက်

နယ်စပ် တိုက်ပွဲ‌ကြောင့် ထွက်‌ပြေး ‌ရောက်ရှိလာသည့် စစ်‌ပြေး ကရင် ဒုက္ခသည် များအတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ ထီးနူခို့‌ဒေသတွင် ယာယီဒုက္ခသည် စခန်းတခု ဖွင့်လှစ်ရန် ထိုင်းအာဏာပိုင် များနှင့် ကူညီ ‌စောင့်‌ရှောက်‌ရေး အဖွဲ့အစည်းမှ တာဝန်ရှိသူ များက စီစဉ်‌နေပြီ ဖြစ်‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်း မြို့နယ်ရှိ နိုဘိုး၊ အူးသူးထာ့၊ မဲ့တရီ ‌ကျေးရွာများတွင် ‌ရောက်ရှိ‌နေထိုင်ကြသည့် ကရင်ဒုက္ခသည်များကို ထီးနူခို့တွင် ‌ပြောင်း‌ရွှေ့ ‌နေရာချထားရန် ထိုင်းအာဏာပိုင်တို့၏ အကြံ‌ပေးမှုဖြင့် ယူအဲန် အပါအဝင် တီဘီဘီစီနှင့် သက်ဆိုင်ရာ အန်ဂျီအို အဖွဲ့များက အဆိုပါ ‌နေရာကို သွား‌ရောက် ကြည့်ရှု ‌လေ့လာပြီး ယာယီစခန်းဖွင့်ရန် စီစဉ်‌နေခြင်း ဖြစ်သည်ဟု ကရင်လူမှုအဖွဲ့အစည်းများ အ‌ရေး‌ပေါ် ကူညီ‌စောင့်‌ရှောက်‌ရေး ‌ကော်မတီ (‌ကေစီဘီအိုအီးအာရ်စီ) အတွင်း‌ရေးမှူး ‌နော်‌ဖော‌ဂေခူက ‌ပြောသည်၊

“အဲဒီ ယာယီစခန်းကို ထာ့‌ဆောင်ယန်း မြို့နယ် ထီးနူခို့ ဆိုတဲ့ ‌နေရာမှာ ထားဖို့ ထိုင်းစစ်တပ်က အကြံ‌ပေး‌တော့ ယူအဲန် အပါအဝင် တီဘီဘီစီတို့နဲ့ အခြား အန်ဂျီအို အဖွဲ့‌တွေက ‌နေရာသွားကြည့် ကြတယ်။ အဲဒီ‌နေရာက မဲ့အူစူရွာဘက်ကို သွားတဲ့လမ်းမှာ။ အရင်က တိုက်ပွဲဖြစ်ရင် ရွာသား‌တွေ ယာယီခိုလှုံခဲ့ဖူးတဲ့ ခလယ့်ခို့ စာသင်‌ကျောင်း ရှိခဲ့တဲ့ ‌နေရာ‌ပေါ့။ ဒုက္ခသည်‌တွေ ‌နေ‌ရေးထိုင်‌ရေး အတွက် အခု စတင်‌ဆောင်ရွက် ‌နေပြီ”ဟု ‌နော်‌ဖော‌ဂေခူက ဆိုသည်။

ဒုက္ခသည်များ ရှိ‌နေဆဲဖြစ်သည့် နိုဘိုး‌ကျေးရွာ ဘုန်းကြီး‌ကျောင်း
ဒုက္ခသည်များ ရှိ‌နေဆဲဖြစ်သည့် နိုဘိုး‌ကျေးရွာ ဘုန်းကြီး‌ကျောင်း

ယင်းသို့ ‌နေရာချထားရန် အတွက် လွန်ခဲ့သည့် ဇွန်လ (၂၄) ရက်‌နေ့က ယာယီဒုက္ခသည်စခန်း ဖွင့်လှစ်မည့် ထီးနူခို့ ‌နေရာကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွား‌ရောက် ‌လေ့လာခဲ့ပြီး‌နောက် ဒုက္ခသည်များ ‌ပြောင်း‌ရွှေ့ ‌နေထိုင်နိုင်ရန်အတွက် အိုးအိမ်များနှင့် အခြား လိုအပ်ချက်များကို ပြင်ဆင် လုပ်‌ဆောင်လျှက်ရှိရာ ဇူလိုင် လဆန်းပိုင်းတွင် စတင်‌ပြောင်း‌ရွှေ့မည်ဟု ‌ဒေသခံ မဲ့အူစူရွာသား ‌စောဆာ့ကလိုက ကရင်သတင်းစဉ်ကို ယခုလို ‌ပြောသည်။

သူက “ဒုက္ခသည်‌တွေ အခု မ‌ပြောင်းရ‌သေးဘူး၊ အခုချိန်မှာ တာလပတ်အမိုးနဲ့ ပြုလုပ်ထားတဲ့ အိမ်‌တွေ တချို့ ဖက်မိုးနဲ့‌ပေါ့ ‌ဆောက်လုပ်‌နေဆဲပဲ။ ပြီး‌တော့ စာသင်‌ကျောင်း‌ဆောင် အ‌ဟောင်း‌တွေ ရှိတယ်၊ အဲဒါကို ပြန်ပြင်တယ်၊ အထူးသဖြင့် နိုဘိုးဘုန်းကြီး‌ကျောင်းမှာ‌နေတဲ့ ဒုက္ခသည်‌တွေကို အရင် ‌ပြောင်း‌ပေးမယ်‌လေ၊ ဘုန်းကြီး‌ကျောင်းမှာက ဝါဝင်‌နေပြီဆို‌တော့ အလှူအတန်း‌တွေလည်း လုပ်ရ‌တော့မယ်၊ ဒါ‌ကြောင့် ဆက်‌နေဖို့ အဆင်မ‌ပြေ‌တော့ဘူး”ဟု ဆိုသည်။

ထိုင်းဘက်ခြမ်းတွင် ‌နေရာပြန့်နှံ့ကာ ‌ရောက်ရှိ‌နေသည့် စစ်‌ပြေးဒုက္ခသည် (၄၀၀၀)နီးပါးကို အဆိုပါ စခန်းသစ်‌နေရာသို့ ‌ပြောင်း‌ရွှေ့ ‌နေထိုင်‌ပေးသွားမည် ဖြစ်‌သော်လည်း ထို‌နေရာတွင် ‌ကျောက်‌ဆောင်များ သစ်ပင်ဝါးပင်များ ထူထပ်ပြီး ‌နေရာကျဉ်းသည့်အတွက် တချို့ ဒုက္ခသည်များက သွား‌ရောက် ‌နေထိုင်ရမည်ကို မလိုလား‌ကြောင်း သိရသည်။

လွန်ခဲ့သည့် ဇွန်လ (၂)ရက်‌နေ့မှစ၍ ဒီ‌ကေဘီ‌အေနှင့် နအဖတပ်များသည် ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေကို အပြင်းအထန် ထိုးစစ်ဆင်လာရာမှ အဆိုပါ ‌ဒေသအတွင်းရှိ ရွာ‌ပေါင်း (၂၀) နီးပါးမှ ရွာသူရွာသားများ မဲ‌ဆောက် မြို့‌မြောက်ဖက် မဲ့သ‌ဝေါနှင့် မဲ့တန် အကြားရှိ အူးသူးထာ့၊ နိုဘိုး၊ မဲ့တရီနှင့် သ‌လေ့ထာ့ အ‌ရေး‌ပေါ် ယာယီ ‌နေရာချထား‌ရေး စခန်းများတွင် ‌ရောက်ရှိခဲ့ကြပြီး ထိုင်းအ‌ခြေစိုက် အဲန်ဂျီအိုအဖွဲ့များ၊ ကရင်လူမှု အဖွဲ့အစည်းများနှင့် ထိုင်း ကျန်းမာ‌ရေး ဌာနများမှ ကူညီ‌စောင့်‌ရှောက် ‌ပေးလျှက်ရှိသည်။