Home သတင်း ကော်သူးလေဒေသများတွင် စစ်ရှောင်ဦးရေ (၅)သိန်းကျော်လာပြီး အရေးပေါ်အကူအညီများလိုအပ်နေဟု KPSN ထုတ်ပြန်

ကော်သူးလေဒေသများတွင် စစ်ရှောင်ဦးရေ (၅)သိန်းကျော်လာပြီး အရေးပေါ်အကူအညီများလိုအပ်နေဟု KPSN ထုတ်ပြန်

574

ဖေဖော်ဝါရီ ၂၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ လက်ရှိ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအထိ ကော်သူးလေ၊ ကရင်ဒေသများရှိ စစ်ဘေးရှောင်ဦးရေမှာ (၅)သိန်းကျော်အထိ ရှိလာပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီများပေးရန် လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ဖေဖော်ဝါရီလ ၂၇ရက်၊ ယမန်နေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။

စစ်ကောင်စီသည် လက်နက်ကြီးသာမက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပါ လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ စစ်ဘေးရှောင်ဦးရေ တိုးမြှင့်လာရခြင်းဖြစ်ပြီး အခြေခံ စားသောက်ကုန်များအပြင် အမိုးအကာများ၊ ဆေးဝါးများ၊ ကျောင်းသုံးထောက်ပံ့မှုများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ကူညီထောက်ပံ့ပေးမှုများ အရေးပေါ်လိုအပ်ကြောင်း KPSN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူးရှီးက “လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တွေကပေးတဲ့ စစ်ဘေးရှောင်ဦးရေကို ကျမတို့က တိကျအောင် ပြန်စိစစ်ကောက်ခံထား တာပါ။ စစ်ဘေးရှောင်တွေအားလုံးကို အရေးပေါ်ကလွဲပြီး လုံလောက်အောင် ကျမတို့ ပံ့ပိုးပေးနိုင်ခြင်း မရှိပါဘူး။ ပြီးတော့ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေအနေနဲ့ နယ်စပ်ဖြတ် ကျော် အကူအညီတွေပေးနိုင်အောင် ရည်ရွယ်ပြီး အခုလို စာရင်းပြုစုထားရတာ ဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ကရင်ဘာသာဖြင့် ပြောသည်။

၎င်းအပြင် KPSN ၏ ၂၀၂၂ခုနှစ်၊ ဩဂုတ်လအထိ စာရင်းပြုစုချက်နှင့်နှိုင်းယှဥ်ပါက ကရင်စစ်ဘေးရှောင်ဦးရေ ၁သိန်း ၈သောင်းကျော် တိုးမြှင့်လာခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်နှင့် သထုံခရိုင်အတွင်းရှိ စစ်ဘေးရှောင်သူ လူဦးရေမှာ ပိုမိုများပြားကြောင်း၊ လူတစ်ဦးလျှင် ခြောက်လစာ ဆန်နှင့် လာမည့်တစ်နှစ်စာအတွက် ခန့်မှန်းကုန်ကျငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၆သန်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါထုတ်ပြန်ချက်အရ စစ်ဘေးရှောင်အရေအတွက်မှာ သထုံခရိုင်တွင် တစ်သိန်းနှစ်သောင်းကျော်၊ တောင်ငူခရိုင်တွင် သုံးသောင်းကျော်၊ ညောင်လေးပင်ခရိုင်နှင့် ဘိတ်-ထားဝယ် ခရိုင်တို့တွင် တစ်သိန်းလေးသောင်းကျော်နှင့် ၁သောင်းကျော်၊ ဖာပွန်(မူတြော်ခရိုင်)တွင် တစ်သိန်းကျော်၊ ဒူးပလာယာခရိုင်တွင် ကိုးသောင်းကျော်နှင့် ဖားအံခရိုင်တွင် တစ်သောင်းအထိ ရှိကြောင်း စာရင်းပြုစုဖော်ပြထားသည်။

KPSN က တောင်းဆိုထားချက်မှာ အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာသော အကူအညီများပေးအပ်သည့် နည်းဗျူဟာများကို ပြောင်းလဲလုပ်ဆောင်ကာ ထိုင်းအစိုးရအနေဖြင့် လည်း စစ်ဘေးရှောင်ပြည်သူများအား ထိုင်းနိုင်ငံ နယ်နိမိတ်တွင် နေထိုင်ခွင့်ပေးရန်နှင့် ဆေးကုသခွင့်ပေးရန်ဖြစ်သည်။ အလားတူ နိုင်ငံတကာအဖွဲ့အစည်းများက စစ်ကောင်စီကို နိုင်ငံ ရေးနှင့် စီးပွားရေးအရ ထောက်ပံ့နေခြင်း၊ လေယာဥ်လောင်စာဆီ ရောင်းချနေခြင်းကိုရပ်တန့်၍ ၎င်းတို့ပိုင်ဆိုင်ချုပ်ကိုင်သော ကုမ္ပဏီများကို တားမြစ်အရေးယူရန်နှင့် မြန်မာနိုင်ငံကို လူသားချင်းစာနာရေးနှင့် နိုင်ငံရေးဆိုင်ရာ အကူအညီများပေးရန်လည်း KPSN က ဆက်လက် တောင်းဆိုသည်။

KPSN သည် ကရင်အရပ်ဖက်ကွန်ရက်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် ၎င်းတို့၏ အဖွဲ့ဝင်အဖွဲ့အစည်းများဖြင့် ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသော ကရင်လူမှုအဖွဲ့အစည်း များ၊ စစ်ဘေးရှောင်ပြည်သူများ၊ ဆယ်စုနှစ်ကာလကြာ ဒုက္ခသည်များအတွက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်လျက်ရှိသည်။