စကိုင့်မီး
မြန်မာနိုင်ငံ၏ အာဇာနည်ခေါင်းဆောင် မည်သူနည်းဟုမေးလျှင် ဗိုလ်ချုပ်အောင်ဆန်းဟု အားလုံးသော မြန်မာပြည်သူများ ဖြေ ကြပါလိမ့်မည်။ အာဇာနည်ဟူသည် တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး အသေခံရဲသူပုဂ္ဂိုလ်များဟု အဓိပ္ပါယ်ဖွင့်ဆိုရ ပေမည်။ တစ်နည်းဆိုရသော် တိုင်းပြည်နှင့်လူမျိုးအတွက် အသေခံရဲသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့အား အာဇာနည်ဟူ၍ အသိ အမှတ်ပြု ခေါ်ဝေါ်ကြခြင်းဖြစ်ပေသည်။
အာဇာနည်နေ့အကြောင်း ရေးသားရာတွင် ကရင်နှင့် နိုင်ငံရေးသမိုင်းကိုအခြေခံပြီး ဖေါ်ပြရေးသားရန် လိုပါလိမ့်မည်။ ကရင်ဗဟို အဖွဲ့ချုပ်(KCO) ၏ ဒေါကလု ခေါ် (Karen National Association-KNA)သည် ဗမာနိုင်ငံရေးအစည်းအရုံးများ မပေါ်ပေါက်မီ ၁၈၈၁ခုနှစ်မှစ၍ ဒေါက်တာတီသံပြာ၊ ဦးလူနီ၊ ဒေါက်တာမြစံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများက တည်ထောင်ခဲ့သော အစည်းအရုံးကြီးဖြစ်သည်။
အိနိ္ဒယကွန်ဂရက်သည် ဒေါကလုအသင်း၏ နောက်ပိုင်း(၂)နှစ်အကြာ ၁၈၈၃ခုနှစ်၌ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်။ ဒေါက် တာတီသံပြာ (M.A,D.D)သည် ပထမဆုံးဥက္ကဋ္ဌဖြစ်၍ စောဘမောင် (Bar-at-Law)သည် အဂင်္လိပ်များ မြန်မာပြည်မှ ဆုတ်ခွာ သွားသည်အထိ နောက်ဆုံးဥက္ကဋ္ဌဖြစ်သည်။ ၎င်းသည် အဂင်္လိပ် မြန်မာပြည်တွင်းသို့ ပြန်လည်ရောက်ရှိပြီး မကြာမီ ၁၉၄၅ခုနှစ်၊ ဇွန်လတွင် ကွယ်လွန်ခဲ့သည်။
ဒေါကလု အစည်းအရုံးသည် အစိုးရထံမှ ကရင်အမျိုးသားအခွင့်အရေးဟူသမျှ စွမ်းစွမ်းတမံ အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့ပေသည်။ ဂျပန်ခေတ် ဂျပန်စိုးမိုးသည့်အချိန်ကာလ၌ ဒေါက်တာဘမော် အစိုးရလက်ထက်ရောက်သော် တသွေးတသံ တမိန့်ဝါဒအရ ဒေါကလု အသင်းကြီး၏ လုပ်ငန်းအားလုံး ရပ်ဆိုင်းခဲ့ရသည်။
ဂျပန်တို့လက်နက်မချမီ ၁၉၄၅ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ ရန်ကုန်မြို့၌ ကျင်းပသော ကရင်လူထုအ စည်းအဝေးမှ ပါတီမရွေး၊ ဘာသာမရွေး ကရင်အမျိုးသားပါတီ အသင်းအဖွဲ့တိုင်း ပါဝင်နိုင်မည့် အစည်းအရုံးကြီးတစ်ခု တည် ထောင်ရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ယင်းအတည်ပြုချက်ဖြင့် ၁၉၄၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၌ကျင်းပသော မြန်မာပြည်လုံးဆိုင်ရာ ကရင်အမျိုးသားကွန်ဂရက်၌ ရေးဆွဲထားသော ဥပဒေကြမ်းကို အတည်ပြုကြလျက် ကရင်အမျိုးသားအစည်းအရုံးကို စတင် တည်ထောင်လိုက်ကြသည်။
များမကြာမီ နိုင်ငံရေးစိတ်ဝင်စားသူ ကရင်လူငယ်တစ်စုက ကရင်လူငယ်အစည်းအရုံး တည်ထောင်ရန် တောင်းဆိုလာသဖြင့် ခေါင်းဆောင်လူကြီးများ အကူအညီဖြင့် ကရင်လူငယ်အစည်းအရုံး (Karen Youth Organization)ကို တည်ထောင်သည့် လက် ရှိ ကရင်အမျိုးသားအစည်းအရုံးကို ကရင်ဗဟိုအဖွဲ့ချုပ် (Karen Central Organization-ကေစီအို) ဟုခေါ်၍ ကရင်လူငယ်အ စည်းအရုံးကို ကေဝိုင်အိုဟု ခေါ်ဆိုကြသည်။ ကေစီအို၏ ပထမဆုံးဥက္ကဋ္ဌမှာ စောသာဒင်ဖြစ်ပြီး ကေဝိုင်အို ပထမဆုံးဥက္ကဋ္ဌမှာ မန်းဘခိုင်ဖြစ်သည်။
၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီ၌ ကျင်းပသော ကရင်ညီလာခံသဘင်ကြီးတွင် Karen National Association (KNA), Buddhist Karen National Association (BKNA), Karen Youth Organization (KYO) နှင့် Karen Central Organization တို့ ပြန်လည်ပူး ပေါင်း၍ ကရင်အမျိုးသားအစည်းအရုံး(KNU) အမည်သစ်ဖြင့် ဖွဲ့စည်းလာခဲ့သည်။
ကေအဲန်ယူအဖွဲ့ချုပ် ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ရွေးကောက်ပွဲဝင်သင့် မဝင်သင့် ပြဿနာလည်း ပေါ်ပေါက်လာသည်။ ဖေါ်ပြပါ ကရင်ညီလာခံသဘင်ကြီးသို့ တက်ရောက်လာသော လူထုကိုယ်စားလှယ် နှစ်ထောင်ကျော်တို့သည် နှစ်ရက်တိုင် ဆွေး နွေးခဲ့ကြသည်။ ဥက္ကဋ္ဌဖြစ်သူ စောစံဘိုးသင်သည် ထိုစဉ်က ရွေးကောက်ပွဲကို မဝင်သင့်ကြောင်း ဟောပြောခဲ့သည်။ လူငယ်အချို့ ကလည်း ရွေးကောက်ပွဲဝင်သင့်ကြောင်း ဟောပြောကြသည်လည်း ရှိကြ၏။ စောဘဦးကြီးကမူ ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် ကိစ္စကို လေးလေးနက်နက် စဉ်းစားရန်လိုကြောင်းနှင့် ၎င်း၏သဘောထားမှာ လူထု၏ဆန္ဒကိုသာ လိုက်ဖို့အသင့်ရှိကြောင်း ဟောပြောခဲ့သည်။
၁၉၄၇ခုနှစ်၊ ဧပြီ ၇ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ယင်း ၁၉၄၇ခုနှစ်၊ ဧပြီလ ၂၃ရက်နှင့် ၂၄ရက်နေ့ KNU ၏ အရေးပေါ်ညီလာခံတွင် KNU ကရင်အမျိုးသားအစည်းအရုံး၏ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် KNDO ကိုပါ စောဘဦးကြီးနှင့် မိမိပူးတွဲဖွဲ့စည်းခဲ့ကြောင်း မန်းဘဇန်မှ ပြောပါသည်။ KNU ဗဟိုကော်မတီအသစ်တစ်ခုဖွဲ့စည်းဖို့ အရေးပေါ်ညီ လာခံကျင်းပတဲ့အခါ စောဘဦးကြီး ဥက္ကဋ္ဌဖြစ်လာပြီး မန်းဘဇန် ကာကွယ်ရေးတာဝန်ခံဖြစ်လာခဲ့သည်။
၁၉၄၈ခုနှစ်၊ ဩဂုတ်လသို့ရောက်သော် KNDO ၏ လှုပ်ရှားမှုသည် မြင့်လာသည်။ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း အိမ္မဲ ငွေတိုက်၊ မအူပင်ဘဏ်များအား စီးနင်းဝင်ရောက်ပြီး ငွေများရယူခဲ့ကြသည်။ ဆက်လက်၍ သထုံခရိုင်၊ သထုံမြို့ကို တိုက်ခိုက် သိမ်းယူခဲ့သည်။ ဆက်လက်ပြီး မော်လမြိုင်မြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ကျိုက်ပိရွာနှင့် ရဲဋ္ဌာန၊ တောင် ကြီးမြို့၊ လွယ်ကော်မြို့၊ လွယ်လင်မြို့နှင့် ငွေတိုက်များ အသီးသီး စီးနင်းဝင်ရောက်ခဲ့ကြသည်။ ယင်းအခြေအနေတွင် စောဘဦး ကြီးနှင့် KNU ခေါင်းဆောင်များမှာ မျက်နှာပျက်စရာဖြစ်လာသဖြင့် စက်တင်ဘာလ ၁၇ရက်နှင့် ၁၈ရက်နေ့တို့တွင် ပုသိမ်မြို့၊ ကရင်ကောင်စီခမ်းမ၌ KNU က အရေးပေါ် ညီလာခံတစ်ရပ် ခေါ်ယူခဲ့ရသည်။
အင်းစိန်အရေးအခင်း၌ ဝန်ကြီးချုပ်ဦးနုနှင့် စောဘဦးကြီးတို့ခေါင်းဆောင်လျက် ၁၉၄၈ခုနှစ်၊ အောက်တိုဘာလထဲတွင် အလုံရပ်၊ မစ်ရှင်လမ်းရှိ ကရင်အမျိုးသားကလပ်တွင်လည်းကောင်း၊ အင်းစိန်ရှိ စောဘဦးကြီးနေအိမ်တွင်လည်းကောင်း၊ ကရင်-ဗမာ ချစ် ကြည်ရေးထမင်းစားပွဲနှင့် မုန့်ဟင်းခါးစားပွဲ ကျင်းပခဲ့ကြသည်။ ယင်းကဲ့သို့ အင်းစိန်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ် ကြားလူများမှ တဆင့် ဝန်ကြီးချုပ်ဦးနု၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်မှာ စောဘဦးကြီးနှင့် KNU ခေါင်းဆောင်များ၊ KNDO ခေါင်းဆောင်များရှိ ရာ အင်းစိန်သို့ရောက်လာသည်။
ယင်းငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် KNU နှင့် KNDO ခေါင်းဆောင်များက စဉ်းစားပြီးနောက် စောဘဦးကြီးနှင့် မန်းဂျိန်းထွန်း အောင်တို့ သွားရောက်ဆွေးနွေးရန် ခရစ်ယာန်ဘုန်းတော်ကြီး ဖရန်းစစ်အာမြအား အဖေါ်ပြု၍ ၁၉၄၉ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ တွင် အင်းစိန်မှ ရန်ကုန်မြို့ထဲသို့ ရောက်ရှိခဲ့သည်။ ယင်းသို့ စောဘဦးကြီးနှင့်အဖွဲ့လာစဉ် နှစ်ဘက် အပစ်အခတ်ရပ်စဲထားသဖြင့် အင်းစိန်စစ်မျက်နှာတွင် သေနတ်သံများ တိတ်ဆိတ်နေပါသည်။ ငြိမ်းချမ်းရေး လိုလားသော လူအပေါင်းတို့လည်း (ဖဆပလ) အစိုးရနှင့် စောဘဦးကြီးတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုကြ၏။
ဧပြီလ (၅)ရက်မှစ၍ နှစ်ဦးနှစ်ဖက် ဆွေးနွေးကြရာ ဧပြီလ (၇)ရက်နေ့တွင် နှစ်ဖက်ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက် မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ သဘောတူညီမှုများကို ဧပြီလ (၈)ရက်နေ့မှစတင်၍ အကောင်အထည်ဖေါ်ရန်လည်း ပါရှိ၏။ (ဖဆပ လ)အစိုးရနှင့် စောဘဦးကြီး၏ အင်းစိန်ငြိမ်းချမ်းရေး သဘောတူညီချက်ကို အစိုးရဘက်မှ ဝန်ကြီးချုပ်သခင်နု၊ ဗိုလ်မှူးချုပ်နေ ဝင်း၊ ဦးဧမောင်၊ ဆာဘဦးတို့ လက်မှတ်ရေးထိုးကြပြီး KNU ဘက်မှ စောဘဦးကြီးနှင့် မန်းဂျိန်းထွန်းအောင်တို့ လက်မှတ်ရေးထိုး ကြသည်။
ယင်းသို့ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယူဆောင်လျက် စောဘဦးကြီးနှင့် မန်းဂျိန်းထွန်းအောင်တို့သည် ဧပြီ လ (၇)ရက်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ထဲမှ အင်းစိန်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုနေ့ညနေပိုင်းမှာပင် ယင်းသဘော တူညီချက်ကို အရေးပေါ် အစည်းအဝေးထိုင်၍ စဉ်းစားကြ၏။ ဤတွင် KNDO အဓိကခေါင်းဆောင်နှစ်ဦးဖြစ်သည့် စောဟန်တာ သာမွှေး(မုဆိုးကော်ကဆာ)နှင့် မန်းဘဇန်တို့က ယင်းသဘောတူညီချက်သည် ငြိမ်းချမ်းရေးသဘောတူညီချက်ဟု မခေါ်ဆိုနိုင် ဘဲ လက်နက်ချခိုင်းသည့် သဘောတူညီချက်သာဖြစ်၍ လက်မခံသင့်ကြောင်း အကြောင်းပြ၍ ပယ်ချလိုက်သည်။
ဤသို့ဖြင့် (ဖဆပလ)အစိုးရနှင့် စောဘဦးကြီးတို့၏ သဘောတူညီချက်သည် ပျက်ပြယ်သွားလေသည်။ ဤတွင် စောဘဦးကြီးက မန်းဘဇန်သည်လည်း KNDO ဥက္ကဋ္ဌဖြစ်၍ သူ၏သဘောတူညီချက်ကို သဘောမတူနိုင်ပါက သီးခြား(ဖဆပလ)အစိုးရနှင့် ဆွေး နွေးသင့်ကြောင်း အကြံပေးရာမှ မေလ (၅)ရက်နေ့တွင် မန်းဘဇန်ကိုယ်တိုင် ရန်ကုန်မြို့ထဲသို့သွား၍ (ဖဆပလ)အဖွဲ့ဝင်များနှင့် သွားရောက်ဆွေးနွေးသည်။
KNU ဥက္ကဋ္ဌ စောဘဦးကြီး လက်မှတ်ရေးထိုးသဘောတူခဲ့သော အင်းစိန်ငြိမ်းချမ်းရေးသဘောတူညီချက်ကို KNDO ခေါင်း ဆောင်များက လက်မခံကြသောကြောင့် ၁၉၄၉ခုနှစ်၊ ဧပြီလ (၈)ရက်နေ့စွဲဖြင့် (ဖဆပလ)အစိုးရထံသို့ စာတစ်စောင် ရေးသား ပေးပို့လိုက်သည်။ ယင်းစာကို (ဖဆပလ)အစိုးရက အကြောင်းပြန်ကြားခြင်းမရှိခဲ့ပေ။ ဤသို့ဖြင့် နောက်ပိုင်း၌ ယာယီ အပစ်အ ခတ်ရပ်စဲထားသော အင်းစိန်တခိုတွင် တိုက်ပွဲများ ပြန်လည်စတင်လာလေသည်။
၁၉၄၉ခုနှစ်၊ မေလ (၂၂)ရက်နေ့တွင် အင်းစိန်ကို အစိုးရတပ်များသိမ်းပြီးနောက် ထန်းတပင်မြို့နယ် ကြာအင်းဇောင်းရွာတွင် စော ဘဦးကြီးခေါင်းဆောင်၍ KNU နှင့် KNDO ခေါင်းဆောင်များပါဝင်သော အစည်းအဝေးတစ်ရပ်ကို နောက်ဆုံးကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ဧရာဝတီတိုင်းနှင့် တောင်ငူအရှေ့တိုင်းဟူ၍ ခွဲလိုက်ကာ ခေါင်းဆောင်များ အသီးသီး တာဝန်ခွဲဝေယူ သည့် အစည်းအဝေးလည်းဖြစ်သည်။ ယင်းအစည်းအဝေးတွင် ကျန်ခေါင်းဆောင်များအနေနှင့် စောဘဦးကြီးအား နောက်ဆုံး မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
ကြာအင်းဇောင်းရွာအစည်းအဝေး၏ တာဝန်ခွဲဝေမှုအရ အရှေ့တိုင်းတွင် စောဘဦးကြီးခေါင်းဆောင်လျက် စောစန်းကေ (KNDO) စစ်ရေးတာဝန်ခံနှင့် စကောမောလေ(လူငယ်တာဝန်ခံ)တို့ ပါဝင်ကြသည်။ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းတွင် စောဟန်တာသာ မွှေးနှင့် မန်းဘဇန်တို့က တာဝန်ယူကြသည်။ စောဘဦးကြီးနှင့်အဖွဲ့သည် အရှေ့တိုင်းဖြစ်သော တောင်ငူနယ်တွင် သွားရောက် တာဝန်ထမ်းဆောင်ရန်အတွက် ထန်းတပင်မှ လှည်းကူး-စာဗူးတောင်းတို့မှတဆင့် ညောင်လေးပင်၊ တောင်ငူသို့ ရောက်ရှိသွား သည်။
စောဘဦးကြီး တာဝန်ယူသည့် တောင်ငူအရှေ့တိုင်းသည် KNU ဗဟိုဌာနချုပ်လည်း ဖြစ်သည်။ စောဘဦးကြီးရောက်ရှိသွားပြီး မကြာမီ ၁၉၄၉ခုနှစ်၊ ဇွန်လ (၁၄)ရက် နေ့စွဲဖြင့် KNU ၏ ကော်သူးလေ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးကြောင်း အသံလွှင့်ဌာနက ကြေငြာလိုက်သည်။
ယင်းကော်သူးလေအုပ်ချုပ်ရေးအဖွဲ့တွင် စောဘဦးကြီးက ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ပြီး အစိုးရအဖွဲ့ဝင်များမှာ
၁။ စောဘဦးကြီး (ဝန်ကြီးချုပ်)
၂။ ဦးလှဖေ (သထုံ) (နိုင်ငံခြားရေး)
၃။ စောဖိုးမောင် (ပြည်ထဲရေး)
၄။ စောရွှေလေး (ကာကွယ်ရေး)
၅။ စောထူးရာဦး (ဘဏ္ဍာရေး)
၆။ စောစိန်တင် (လယ်ယာနှင့်သစ်တော)
၇။ ဆရာဘထွန်း (ပညာရေး)
၈။ စောဂျွန်နသန်တာမေ (လမ်းပန်းနှင့်သယ်ယူပို့ဆောင်ရေး) အသီးသီး တာဝန်ခွဲထားသည်။
သို့ရာတွင် ၁၉၅ဝခုနှစ်၊ နှစ်ဆန်း၌ အစိုးရဘက်မှ စစ်ရေး အသာရလာသည်။ ၁၉၄၉ခုနှစ်၊ ဒီဇင်ဘာလတွင် KNDO ဒုတိယခံတပ် ဟု တင်စားခေါ်ဆိုသော လှည်းကူး(စာဗူးတောင်း)ကို အစိုးရတပ်က သိမ်းပိုက်လိုက်သည်။ KNDO လက်ထဲ၌ တောင်ငူတစ်မြို့ထဲ သာ ရှိတော့သည့်အချိန်တွင် အစိုးရတပ်က KNDO ပြည်သူ့ရဲဘော်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့အား စစ်မျက်နှာမျိုးစုံဖွင့်၍ တိုက်ခိုက်လာသည်။ ၁၉၅ဝခုနှစ်၊ မတ်လဆန်းပိုင်း၌ အစိုးရတပ်က ညောင်လေးပင်နှင့် ဖြူးကို သိမ်းပြီးနောက် တောင်ငူကိုပါ ပြန်လည်သိမ်းပိုက်လိုက်သည်။ (ဖဆပလ)အစိုးရသည် အိန္ဒိယနိုင်ငံမှ ရရှိထားသော လက်နက်ခဲယမ်းများဖြင့် အသစ်တိုးချဲ့ဖွဲ့ စည်းလိုက်သော BTF တပ်ရင်း (၅၂)ရင်းကို လက်နက်တပ်ဆင်ပေးလိုက်ရာ စစ်အင်အားမှာ တောင့်တင်းသွားသည်။
(ဖဆပလ)အစိုးရ၏ ထိုးစစ်ကို ပြန်လည်ခုခံနိုင်ရန် KNDO အတွက် လောလောဆယ်မှာပင် လက်နက်ခဲယမ်းများ လိုအပ်နေ သည်။ ယင်းလိုအပ်နေသော လက်နက်ခဲယမ်းက ပြည်တွင်း၌ကား မရနိုင်။ ပြည်ပအကူအညီဖြင့်သာ ရနိုင်သည်။ ယင်းပြည်ပ အကူအညီရရှိရေးအတွက် အနီးကပ်အားထားနိုင်မည့်သူမှာ ဦးစောကို လက်နက်ထုတ်ပေးမှုဖြင့် အင်းစိန်ထောင်ထဲရောက်နေ သူ ကပ္ပတိန်ဗီဗီယန်ပင် ဖြစ်သည်။ ယခုအခါ ဗီဗီယန်သည် အင်းစိန်ကို KNDO များ သိမ်းပြီးသည့်နောက်၌ လွတ်မြောက်လာရာ မှ စောဘဦးကြီးနှင့်အဖွဲ့ တောင်ငူကိုလာရောက်ရာတွင် တစ်ပါတည်း ပါလာခဲ့သူပင် ဖြစ်သည်။
ဤသို့ ပြည်ပအကူအညီဖြင့် လက်နက်ခဲယမ်း မီးကျောက်ရရှိရေးအတွက် စောဘဦးကြီးနှင့်အဖွဲ့သည် ၁၉၅ဝခုနှစ်၊ မိုးရာသီအစ တွင် တောင်ငူနယ်မှ ဖောက်ထွက်လာခဲ့သည်။ သို့ရာတွင် တောင်ငူမှ (၇)မိုင်အကွာအရောက် အစိုးရစစ်ကြောင်းတစ်ကြောင်းနှင့် တွေ့ဆုံတိုက်ပွဲဖြစ်ရာမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော လူငယ်တာဝန်ခံ စကောမောလေးမှာ ကျဆုံးခဲ့ရသည်။
အစိုးရစစ်ကြောင်းများသည် စောဘဦးကြီး၏ ခရီးစဉ်ရည်ရွယ်ချက်ကို သိထားပုံရသဖြင့် ရှေ့၊ နောက်၊ ဘေး မနီးမဝေးတွင်ကပ်၍ လိုက်နေပုံလည်းရသည်။ ဤသို့ဖြင့် ၁၉၅ဝခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့၊ ထို့ကော်ကိုးရွာ ယာတဲတစ်ခုတွင် စောဘဦးကြီးနှင့်အ ဖွဲ့ စခန်းချနေစဉ် အစိုးရတပ်ဖွဲ့တစ်ခု၏ အလစ်စီးနင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။ ယင်းတိုက်ပွဲတွင် စောဘဦးကြီးနှင့်အတူ KNDO စစ်ရေးတာဝန်ခံဖြစ်သော စောစန်းခေ အပါအဝင် တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ကြလေသည်။
ကရင့်အမျိုးသားတော်လှန်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားဦးဆောင်ခဲ့သော ခေါင်းဆောင်ကြီး KNU ဥက္ကဋ္ဌ စောဘဦးကြီး သည် အသက်(၄၅)နှစ် လူလတ်ပိုင်းအရွယ်၌ပင် ကရင်တစ်မျိုးသားလုံးအတွက် အသက်ပေးခဲ့သူဖြစ်၍ အာဇာနည်ခေါင်းဆောင် တစ်ဦးအနေဖြင့် အသိအမှတ်ပြုကာ ၎င်းကျဆုံးသည့် ဩဂုတ်လ (၁၂)ရက်နေ့ရောက်တိုင်း ကရင့်အမျိုးသား အာဇာနည်နေ့ကို ကျင်းပလေ့ရှိကြကြောင်း ရေးသားဖေါ်ပြအပ်ပါသတည်း။
ကိုးကားစာအုပ်များ
– ဆရာသာထို၏ “ကရင်နှင့် နိုင်ငံရေးပြဿနာ”
– မောင်စင်ကြယ်၏ “မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ”